Calm Hill My Random Thoughts

Moka Pot

မနက်မိုးလင်းရင် ကော်ဖီသောက်တဲ့အကျင့် ငယ်ကတည်းက ပါလာခဲ့တာ ဘယ်အရွယ်ကတည်းက ကော်ဖီစွဲတာအကျင့် ဖြစ်ခဲ့တယ်လို့ကို ပြောရခက်တယ် ကော်ဖီလည်း အင်မတန်ရွေးတယ် အထုတ်ဖောက်ပြီးဖျော်ရတဲ့ ရယ်ဒီမိတ်လုပ်တဲ့ ကော်ဖီမစ်တွေကို ဘယ်လို နာမည်ကြီးတဲ့ တံဆိပ်ဖြစ်ဖြစ် မသောက်တတ်ဘူး။ ကော်ဖီစေ့ကို လှော်ပြီးတော့ကြိတ်တဲ့ ကော်ဖီမှုန့်ကိုပဲ ဖျော်လေ့ရှိတယ် သကြားနဲ့ နွားနို့မပါပဲ သောက်ရလည်းဖြစ်တယ်။

အိမ်မှာနေတော့ ကော်ဖီမှုန့်ဆိုတာက အင်မတန်စျေးချိုတယ် တခြားရောက်သွားတော့ စျေးမချိုသလို သာမန်ကော်ဖီထက် ပိုလည်းစျေးကြီးတယ် အဲဒါနဲ့အိမ်ပြန်ရင် သူများတွေက အခြောက်အခြမ်းသယ်တာ ကိုယ်ကတော့ ကော်ဖီမှုန့်အများကြီး ဝယ်ပြီးတော့ သယ်လာတတ်တယ် ဒါပေမယ့် အချိန်ကြာလာရင် အနံ့ပြယ်သွားတတ်တော့ နောက်တခါတော့ ကော်ဖီစေ့ပဲ သယ်လာပြီး ကြိတ်စက်ပဲ ဝယ်ထားမယ် စိတ်ကူးတယ်။ လွန်ခဲ့သော ၂ နှစ်လောက်က ဝယ်ထားတဲ့ Coffee Maker ပျက်သွားတာနဲ့ ထပ်ဝယ်ဖို့လိုက်ရှာတာ စိတ်ကြိုက်မတွေ့ အွန်လိုင်းရှာဖွေပြီးတော့ မျက်စေ့ကျတဲ့ မီးဖိုပေါ်တင်ဖျော်တဲ့ Moka Pot လေးကို သဘောကျတာနဲ့ Amazon ကမှာလိုက်တယ်။

Moka Pot

Moka Pot ဆိုတာက Alfonso Bialetti ကနေ ၁၉၃၃ မှာစပြီးတော့ ထုတ်လာခဲ့တာ အခုအချိန်အထိ ထုတ်နေတုံးပါပဲ။ ကော်ဖီအိုးက ၃ ဆင့်ပါတယ် အောက်ဆုံးအဆင့်မှာ ရေထည့်ရပြီးတော့ အလည်အဆင့်မှာ ကော်ဖီထည့်ပြီးတော့ မီးဖိုပေါ်တင်ရုံပဲ ရေနွေးပူလာတာနဲ့ ရေနွေးငွေ့ရဲ့ Pressure နဲ့ရေနွေးကိုအပေါ်ထပ်ကို ကော်ဖီထည့်ထားတဲ့ အခန်းကိုဖြတ်ပြီးတော့ တက်သွားတဲ့အခါ နှပ်ပြီးသားကော်ဖီရတယ်။ ရေနွေးငွေ့ရဲ့ Pressure ဟာ Espresso Machine ရဲ့ Pressure ကိုမမှီပါဘူး အဲဒါကြောင့် Espresso လို့ပြောလို့မရပေမယ့် သာမန်ကော်ဖီထက်တော့ အများကြီးပြင်းတယ်။

Moka Pot လေးရောက်လာတော့ စမ်းဖျော်ကြည့်လို့ ရတဲ့ကော်ဖီဟာ အတော်ကိုကောင်းပါတယ် တခုပဲအဆင်မပြေတာက အိမ်ကသယ်လာတဲ့ ကော်ဖီမှုန့်တွေက ကြိတ်ထားတာ ညက်လွန်းတဲ့အတွက် ကော်ဖီအမှုန်ဟာ ရေနွေးဖြတ်သွားတဲ့အခါ ကော်ဖီထဲကို အမှုန်အများကြီးပါတယ်။ Espresso အတွက် ကြိတ်ထားတဲ့ ကော်ဖီမှုန့် အရွယ်အစားနဲ့ ဖျော်ကြည့်တဲ့အခါ အရမ်းကောင်းတဲ့ ကော်ဖီကိုရတယ်။ မှန်းလိုက်တာ လွဲသွားတာတခုက 3 Cups အရွယ်မှာလိုက်တာ သတိမထားလိုက်တာ ခွက်အရွယ်အစားဟာ Espresso ခွက်အရွယ် ဖြစ်တဲ့အတွက် နည်းနည်းသေးတယ် ဘာပဲဖြစ်ဖြစ် တန်ဆေးလွန်ဘေးပေါ့ ကော်ဖီပြင်းအများကြီး မသောက်ဖြစ်တာလည်း တမျိုးကောင်းပါတယ်။