Calm Hill My Random Thoughts

Choosing a Name in 21st Century

ပိတ်ရက်က မတွေ့တာကြာတဲ့ မိတ်ဆွေတယောက်နဲ့ လမ်းမှာဆုံတော့ ကိုယ့်ကိုအကူအညီ တခုတောင်းမယ်ဆိုပြီး ကော်ဖီဆိုင်ကို အတင်းခေါ်ပြီး ချောဆွဲခံရတယ်။ မိတ်ဆွေဖြစ်တဲ့လူက အမှတ်တံဆိပ်တွေ မှတ်ပုံတင်တဲ့အလုပ်ကို လုပ်ပေးတဲ့ရှေ့နေ ရွယ်တူလည်း မဟုတ်ပါဘူး အသက်လည်း အတော်ကွာပါတယ်။ တောင်းတဲ့ အကူအညီက ခက်ခက်ခဲခဲ မဟုတ်ပါဘူး သူ့ရဲ့ကိုယ်ပိုင် Website လေးတခုလုပ်ချင်တာ ပိုက်ဆံလည်း တောင်းလို့မဖြစ် ငြင်းလို့လည်း မကောင်းတဲ့လူ ဖြစ်လေတော့ Domain လေးဝယ်ပြီးတော့ တော်ရာနေရာမှာ Host လုပ်ပြီး ပေးလိုက်ပါတယ်။

Choosing Name

တိုက်တိုက် ဆိုင်ဆိုင် သူ့အတွက် ဒိုမိန်းနာမည် ရွေးရင်းနဲ့ စကားစပ်မိရင်း အလုပ်တွေအကြောင်း ပြောဖြစ်ကြတယ် အလုပ်တွေရဲ့ Trends ကအမြဲပြောင်းနေတယ်တဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်အထိ အမှတ်တံဆိပ်တခု နာမည်ရွေးရတာ သိပ်မခက်ဘူးတဲ့ ပစ္စည်းနဲ့ဆက်စပ်မယ့် နာမည်လေးရွေး လိုဂိုလေးလည်း တခုခုအကြမ်းရွေး မှတ်ပုံတင်မယ့် နိုင်ငံတွေမှာ မှတ်ပုံတင်ပြီးသား ရှိလားလိုက်ကြည့် မရှိဘူးဆိုရင် မှတ်ပုံတင်တဲ့ ကိစ္စတွေစမယ်တဲ့။

လွန်ခဲ့တဲ့ ၅ နှစ် ၆ နှစ်ကျော်လောက်က စပြီးတော့ စဉ်းစားရတွေက အတော်များလာတယ်ကွတဲ့ နာမည်ရွေးပြီးတာနဲ့ Domain Name ရနိုင်သေးရဲ့လား ပြန်ရောင်းမယ့်လူ တယောက်ယောက်က ဝယ်ထားပြီးရင်လည်း ပြန်ရောင်းဖို့ ညှိလို့ရမှာလား Facebook Page နာမည်ရော ကျန်သေးလား Twitter လေးရော အခြေအနေဘယ်လိုရှိနဲ့ Logo လေးတောင် ကိုယ့်ရွေးချင်တာ ရွေးဖို့ထက် Profile လုပ်ရင် မြင်လို့ ကောင်းပါ့မလား ထည့်စဉ်းစားရတဲ့ ဘဝကို ရောက်ရတယ် ဆိုတော့ နားထောင်နေတဲ့လူမှာ ရယ်ရအခက် ငိုရအခက်။

အဲဒါနဲ့ သူငယ်ချင်းတယောက် လွန်ခဲ့တဲ့လက သမီးလေးမွေးတာ နာမည်ပေးဖို့ နာမည်ကြီး ဗေဒင်ဆရာဆီ ရောက်ကြတာ ဗေဒင်ဆရာပေးတဲ့ ကလေးနာမည်ကို Facebook မှာရှာကြည့်တာ တူတာတွေများနေလို့ မတူအောင်ပေးပါလို့ ဗေဒင်ဆရာကို အတွန့်တက်ကြတာ ဗေဒင်ဆရာစိတ်ညစ်ပြီး ပြန်လွှတ်လိုက်တဲ့ အကြောင်းပြောပြပြီးတော့ စိတ်ဓာတ်မကျပါနဲ့လို့ ဒို့နိုင်ငံမှာကတော့ တခြားအရာတွေ ခေတ်နောက်ကျပေမယ့် ဒီကိစ္စတော့ ခေတ်ရှေ့ရောက်တယ် ကုန်ပစ္စည်းတင် မဟုတ်ဘူး မွေးလာတဲ့ကလေး နာမည်ပေးတာတောင် Social Network မှာ ညှိပြီးတော့ ပေးနေကြပြီလို့ တံဆိပ်တခု နာမည်ပေးတာ ဒီလောက်တော့ အပင်ပန်းတော့ ခံလိုက်ပါလို့တော့ နှစ်သိမ့်လိုက်ပါတယ်။