Calm Hill My Random Thoughts

New Generations and Digital Contents

စာဖတ်တာ ကောင်းလားမေးရင် ကောင်းပါတယ်လို့ပဲ ဖြေရမှာပါပဲ ငယ်ကတည်းက အဖော်လည်း များများမရှိ အပြင်ထွက် ကစားလို့ မရတဲ့အချိန်ဟာ စာဖတ်တဲ့အချိန်ပဲ အဲဒီအတွက်ကြောင့် အသက်ကြီးလာတော့ သူများတွေထက် စာဖတ်တာလည်း အတော်လေးမြန်တယ်။ ကိုယ်တိုင်လည်း စာဖတ်တာ အကျင့်ဖြစ်နေတော့ အခုအချိန်အထိ ဘယ်အရွယ်ပဲဖြစ်ဖြစ် စာဖတ်ဖို့ တိုက်တွန်းပါတယ်။ အခုအချိန် ရောက်တော့ ကိုယ်လည်း ကလေးမဟုတ် လူငယ်လည်းမဟုတ် လူရွယ်ဖြစ်သွားပြီ ကိုယ်နဲ့ ရွယ်တူတွေ ကိုယ့်ထက် အသက်ကြီးတဲ့ လူကြီးတွေ အခုခေတ် ကလေးတွေ စာမဖတ်တော့ဘူး Computer တွေ Mobile Device နဲ့ အချိန်ကုန်ကြတယ် ဆိုတာမျိုးတွေ အပြစ်တင်နေကြတာ မြင်ရင်တော့လည်း သဘောမကျပြန်ဘူး။

Digital Contents

Image From: http://pixabay.com/en/ball-http-www-crash-administrator-63527/

စာဖတ်တာ အားပေးတယ်ပြောပြီး အဲလိုစကားကို သဘောမကျဘူးဆိုတော့ ပြောတဲ့လူတွေက ကိုယ့်ပါတ်ဝန်းကျင်က ကလေးပဲမြင်ပြီး ဒီလိုစကားပြောကြတာ။ တကယ်လားဆိုတော့ ဟုတ်ချင်လည်း ဟုတ်မယ် မဟုတ်ချင်လည်း မဟုတ်ပါဘူး အရင်တုံးက စာဖတ်တဲ့နှုန်းနဲ့ အခုခေတ် စာဖတ်တဲ့နှုန်း အဲလို ကိန်းဂဏန်းမျိုး တိုင်းထားတာ မမြင်ဖူးပါဘူး အဲဒီတော့ ကိုယ့်ပါတ်ဝန်းကျင် တခုကိုပဲ ကြည့်ပြောတာဟာ ကိုယ့်ရဲ့ Personal အမြင်နဲ့ ခန့်မှန်းချက်ပဲ ဖြစ်ပြီးတော့ တကယ့် အခြေအနေနဲ့ အခြားသော ပါတ်ဝန်းကျင်တွေမှာ မှားကောင်း မှားပါလိမ့်မယ်။

Computer တွေ Mobile Device နဲ့ဆို ပြောကြတော့ ကိုယ်တွေငယ်စဉ်က ကွန်ပျူတာဆိုတာ ကလေးလက်မှာ ရှိနိုင်တဲ့ အရာမဟုတ်တော့ မလိုချင်ခဲ့ဖူးဘူး ဒါပေမယ့် လျှပ်စစ်ပစ္စည်းနဲ့ ကစားစရာတွေ ပိုင်ဆိုင်ခဲ့ဖူးသလို ကစားခဲ့ဖူးတာပဲ။ အဲဒီအချိန်က လူကြီးတွေ အခုတော့ အဘိုးကြီးတွေ ဖြစ်ကြပြီပေါ့လေ ဘက်ထရီကားနဲ့ ထိုင်ရာမထ ဆော့နေတာနဲ့ စာရင် သူတို့ငယ်စဉ်က ကစားခဲ့ရတဲ့ ပစ်တိုင်းထောင် ဖိုးဝရုပ်တွေနဲ့ အုန်းလက်မြင်းနဲ့ ခြံထဲမှာ ဘောလုံးကန် ပြေးလွှား ဆော့ကစားတာ ပိုပြီးတော့ သန်သန်စွမ်းစွမ်း ဖြစ်လာမယ့် အကြောင်းတွေ နားထောင်ဖူးတာပဲ။

ပြောချင်ရာပြော ကိုယ်လိုချင်တဲ့ ကစားစရာပဲ ပူဆာတာပါပဲ အားတဲ့အခါ တစစီဖြုတ်ပြီးတော့ ဘယ်လိုလုပ်ထားလဲ စိတ်ဝင်စားပြန်တယ် ဖြေမယ့်လူမရှိတော့ အိမ်မှာရှိတဲ့ စာအုပ်စင်က စွယ်စုံကျမ်းထဲက လိုက်ရှာပြီးတော့ ကိုယ်လိုချင်တဲ့ Knowledge ကို တစစီလိုက်စုရင်းနဲ့ ကိုယ်သိချင်တဲ့ အကြောင်းအရာတခုကို သိလာရတာ။ ကိုယ်သိချင်တာ ပြီးစလွယ်နဲ့ အလွယ်တကူ မဖြေတာရယ် ဘယ်မှာရှာလို့ပဲ သင်ပေးတဲ့ မိဘလက်ထဲမှာ လူဖြစ်ခဲ့တာလည်း ကံကောင်းခဲ့တယ် ပြောရလိမ့်မယ်။

ပစ်တိုင်းထောင်နဲ့ ဖိုးဝရုပ်က ပိုအဆင်ပြေတယ်ဆိုတဲ့ လူကြီးတွေကတော့ ဘက်ထရီကားက အဲလို အသုံးကျမယ်လို့ မမျှော်လင့်ခဲ့ကြဘူး။ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ဒီလူကြီးတွေဟာ ခေတ်ကိုမှီအောင် မလိုက်နိုင်ကြတော့ ရှေ့ကိုလည်း မမြင်မိတော့ ဘက်ထရီနဲ့ ကစားစရာမှာ ကလေးအတွက် အနာဂါတ်မရှိဘူးပဲ မြင်ခဲ့ကြတာပဲ။ ပညာမတတ်လို့လို့ ပြောလို့တော့ မရပြန်ဘူး ပြောခဲ့ကြတဲ့ လူတွေဟာ တခေတ် တယောက် ဆိုသလို ပညာတတ်တွေ ပါပါတယ်။ သူတို့ရဲ့ အကြံပြုချက် မမှားပေမယ့် ခေတ်နဲ့ လိုက်လျောညီထွေ ဖြည့်စွက်မှု မရှိဘူးလို့ပဲ ပြောလို့ရမှာပါ။

စာမဖတ်ကြလို့ဆိုတဲ့ ကိစ္စဘက်ကို ပြန်လှည့်မယ်ဆိုရင် စာဖတ်တာ မဖတ်တာထက် ဘာကြောင့် စာဖတ်လဲဆိုတာက ပိုပြီးတော့ အရေးပါတယ်။ ကိုယ်လက်ခံထားတဲ့ စာဖတ်ရခြင်းရဲ့ အဓိကကျတဲ့ အကြောင်း ၂ ရပ်ပဲရှိတယ် ရှေ့လူတွေထားခဲ့တဲ့ Knowledge ကို လက်ဆင့် ကမ်းယူဖို့ရယ် နောက်တခုကတော့ အတိတ်က အဖြစ်အပျက်ကိုဖြစ်ဖြစ် စိတ်ကူးယဉ် အဖြစ်အပျက်ကို ဖြစ်ဖြစ် လေ့လာပြီးတော့ ဆင်ခြင်တုံ တရားရှိအောင် လေ့ကျင့်ဖို့ အတွက်ပဲ။ အဲဒီတော့ စာဖတ်ဆိုတဲ့ စကားလုံးဟာ မလုံလောက်ဘူး ဖတ်ရုံနဲ့ မပြီးသေးဘူး ဖတ်ပြီးတဲ့အခါ သိရုံဆိုရင် လုံလောက်တဲ့ အကြောင်းအရာလား ဆင်ခြင်သုံးသပ်ရမှာလား လက်တွေ့ စမ်းသပ်ရမှာလား ဆက်ပြီးတော့ လုပ်စရာတွေရှိတော့ စာဖတ်ဆိုတာထက် လေ့လာဆိုတာက နည်းနည်းပို သဘာဝကျတယ်။

လေ့လာတယ် ဆိုတဲ့နေရာမှာ အရင်ကတော့ လူလူချင်းသင်တာပြီးရင် စက္ကူပေါ် ပုံနှိပ်ထားတဲ့ စာအုပ်တွေက အရေးအကြီးဆုံးပဲ အဲဒါကြောင့် ဖတ်ဖို့လိုအပ်တယ်။ လက်ရှိ လူရွယ်လူကြီး မျိုးဆက်က စက္ကူပေါ်မှာ ပုံနှိပ်ထားတဲ့ စာအုပ်တွေနဲ့ ဆယ်စုနှစ် ၂ ခု ၃ ခု ဖြတ်လာခဲ့တာ သူတို့အတွက်က စက္ကူပေါ်မှာ ပုံနှိပ်ထားတာကို ဖတ်ပြီးတော့ လေ့လာတာကို ဘယ်အရာနဲ့မှ အလွယ်တကူ အစားထိုး လက်ခံကြတော့မှာ မဟုတ်ဘူး။ သူတို့ငြင်းရင်းနဲ့ ခေတ်ကတော့ ရပ်မနေပဲနဲ့ Digital Contents အတော်လေး ပြောင်းလာတယ် ဖတ်ချင်လည်းရတယ် အရုပ်လည်း မြင်ရတယ် အသံလည်း ကြားရတယ်ဆိုတဲ့ Multi-Media Contents အခြေအနေကနေ Interactive Contents အခြေအနေ အထိ ရောက်လာတယ်။

Computer တွေ Mobile Devices တွေကို စာဖတ်တာထက် ကလေးတွေက ပိုပြီးတော့ သဘောကျတဲ့ ကိစ္စကိုပြန်စဉ်းစားရင် အဓိကပြဿနာက ပုံနှိပ်တဲ့ စာအုပ်ကိုပဲ ဖတ်ပြီးတော့ပဲ လေ့လာတတ်တဲ့ မျိုးဆက်တွေက ဖတ်တာကို အားမသန်တော့ပဲ အခြားတဘက်က Contents တွေကို မျက်စေ့ကျလာတဲ့ တက်လူတွေကို လေ့လာမှုမရှိပဲ အားနေတယ် ထင်ကြပါလိမ့်မယ်။ အခုအချိန်မှာ လေ့လာတယ်ဆိုတာမှာ Printed Contents ကို ဖတ်တာတခုထက် ပိုတယ်ဆိုတာရယ် ကလေးတွေဟာ ကိုယ်တွေ အတင်းငြင်းဆန်နေတဲ့ Digital Contents တွေကို အလိုအလျောက် အသားကျပြီး ဖြစ်တယ်ဆိုတာ သတိထားမိမယ်ဆိုရင် သူတို့လိုအပ်တဲ့ Knowledge တွေရနိုင်မယ့် သင့်လျော်တဲ့ Contents တွေကို ဖြည့်ပေးနိုင်ရင် စာဖတ်တယ်ဆိုတာနဲ့ ရလဒ်ကအတူတူပဲဆိုတဲ့ အခြားတဘက်ကို မျက်လုံးပိတ်ထားကြတယ်။

စာအုပ်တွေ အတင်းထိုးထည့်လည်း ဖတ်ချင်မှ ဖတ်မှာပေါ့ နောက်ပြီးတော့ စာဖတ်တယ်ဆိုတိုင်း ကောင်းတယ်မှ မဟုတ်တာ အုပ်ထိမ်းတဲ့လူက အကျိုးရှိအောင်နဲ့ အန္တရာယ် မရှိအောင် စာဖတ်တတ်ဖို့ သင်ပေးခဲ့ရတာ။ ကိုယ့်စိတ်ထဲစွဲနေတဲ့ Printed Contents တွေကိုပဲ ထိုးထည့်ဖို့ အားစိုက်ကြပြီး ခေတ်နဲ့အညီ စာဆိုတဲ့ အဓိပ္ပာယ်ကို အခြားသော Contents တွေနဲ့ ပေါင်းထည့်ဖို့ ဘာလို့ မကြိုးစားကြပါလိမ့်။ Computer ဆိုတာ ကလေးတွေအတွက် အနှောက်အယှက်လို့ မြင်တယ်ဆိုကတည်းက တကယ်ကတော့ အဲဒီမျိုးဆက်ဟာ အတော်ကို နောက်ကျန်နေခဲ့ပြီလို့ ပြောလို့ရနေပြီ အဲဒီမျိုးဆက်ဟာ Mobile Devices တွေကိုလည်း ထိုနည်းတူပဲ မြင်ကြတာ မထူးဆန်းပါဘူး သူတို့ကိုယ်တိုင်လည်း အဲဒါတွေကို ဖုန်းဆက် ဂိမ်းနှိပ်တာထက် ပိုပြီးတော့ အသုံးတည့်မှန်း မသိကြတာ များပါတယ်။

ကိုယ်တွေ ငယ်ဘဝရဲ့ Knowledge ချဲ့ထွင်မှုက လက်လှမ်းမှီတဲ့ စာအုပ်အနေအထား အကန့်အသတ်နဲ့လို့ ပြောရင်ရတယ် အိမ်မှာရှိတဲ့စာအုပ်နဲ့ လက်လှမ်းမှီတဲ့ အခြားနေရာကပြီးရင် ဒီထက်ပိုပြီး မရနိုင်တော့ဘူး။ အခုခေတ် ကလေးတွေရဲ့ အခြေအနေဟာ အတိုင်းအတာတခုအထိ အကန့်အသတ်မရှိ ကုန်ကျစရိတ်လည်း အနည်းဆုံးနဲ့ ရှာဖွေနိုင်တဲ့ အခြေအနေမှာရှိတယ် ခေတ်ဟောင်းက Knowledge ရှာဖွေတဲ့ပုံစံကို ဆွဲယူတာထက် လက်ရှိခေတ်ရဲ့ အားသာချက်ကို အသုံးချပြီးတော့ အကျိုးရှိအောင် ရှာဖွေလေ့လာတတ်အောင် လုပ်ပေးတာက အကောင်းဆုံးလို့ ယူဆပါတယ်။ ကိုယ်လည်း ဖိုးဝရုပ်နဲ့ အုန်းလက်မြင်းနဲ့ ဆော့ခိုင်းချင်တဲ့ လူကြီးတွေနဲ့ ကြုံခဲ့ဖူးတာပဲ ခေတ်နဲ့ လိုက်လျော ညီထွေရှိမယ့် လူကြီးတွေ ရှိဖို့ကလည်း အခက်သားပဲ။

စာဖတ်ဆိုတာနဲ့ လမ်းထိပ်က စာအုပ်ဆိုင်က ကာတွန်းစာအုပ်တို့ အဟောင်းဆိုင်က တက်ကျမ်းတို့ကို ပြေးမြင်နေတာတွေလျော့ပြီး ခေတ်နဲ့လျော်ညီတဲ့ Digital Contents တွေကို သိကောင်းတဲ့ လေ့လာစရာတွေလို့ နားလည်ဖို့တော့ အသက်ကြီးတဲ့လူတွေ ကြိုးစားသင့်ပြီ။ ဒါတွေလည်း ဒီခေတ်ကလေးတွေ စာမဖတ်ကြဘူး ဆိုတဲ့စကားလိုပဲ ကိုယ့်ပါတ်ဝန်းကျင်နဲ့ ကိုယ်ငယ်ဘဝကို ယှဉ်ပြီးတော့ပြောတာ အခြားသော လူနေမှုဘဝတွေမှာ မှန်ချင်မှမှန်မှာပါ ရေးထားတဲ့စာကို အမှားအမှန်ရယ် လက်ခံနိုင်တယ် လက်မခံနိုင်ဘူး ဆုံးဖြတ်ဖို့က ဖတ်တဲ့လူရဲ့ ဆင်ခြင်တုံ တရားအပေါ်မှာ အခြေခံပါလိမ့်မယ်။