Calm Hill My Random Thoughts

ပဟေဠိဆန်သော စိတ်ပုတီးတစ်ကုံး

အိမ်မှာရှိတဲ့ ဘုရားစင်က ကိုယ်နဲ့သိပ်ပြီးတော့ အဆက်အစပ် ရှိလှတယ်တော့ မဟုတ်ဘူးဆိုရမယ် တနှစ်နေလို့ တခါလည်း ဆွမ်းတော် မတင်ဖြစ်သလို ဘုရားပန်းလည်း မထိုးဖြစ်ပါဘူး ပြောရမယ်ဆိုရင်တော့ အိမ်မှာရှိသမျှ ဆင်းတုတော်တွေရဲ့ ပိုင်ရှင်ထဲမှာလည်း ကိုယ်မပါဘူး မဟုတ်လား။ အိမ်ကလူတွေက ဘုရားစင်အတွက်က အားကိုးကြရပါတယ် တခန်းထဲနေတဲ့ အစ်ကိုကြီးက ဆွမ်းတော် ဆီမီးနဲ့ ဘုရားပန်းအတွက် စိတ်ချရတယ် ဘယ်တော့မှ လစ်လပ်တယ်မရှိဘူး ကိုယ်လည်း မလုပ်နိုင်ဘူး လုပ်နိုင်တာလည်း တကယ်လည်း ချီးကျူးပါတယ်။

လွန်ခဲ့သော နှစ်ကစပြီးတော့ ဘုရားစင်အတွက် ကိုယ့်အခန်းထဲက အစ်ကိုကြီးအပြင် နောက်တယောက် တိုးလာတယ် ညီမဖြစ်သူနဲ့ တခန်းထဲနေတဲ့ အစ်မကတော့ ဘယ်ကနေဘယ်လို ဘုရားတရား စိတ်လှည့်သွားလဲ မသိဘူးပေါ့လေ ရန်ကုန်ခဏ ပြန်ပြီးတဲ့နောက် ပုတီးတကုံးလည်း ယူလာတယ် ဘုရာစင်ပေါ်လည်း တဘက်လေး တစ်ထည်နဲ့ စနစ်တကျ တင်ထားတယ် ပုတီးစိတ်နည်း ပေါင်းစုံလည်း သယ်လာတယ် မနက်မနက်တော့ ပုတီးစိတ်တာလည်း တွေ့မိတယ်။ ပုတီးစိတ်ချိန် အပြင်ထွက်မိရင်တော့ စိတ်နေတဲ့ ပုတီးစိတ်နည်း အဓိဌာန်အောင်ကြောင်း နားထောင်ရလို့ သူပုတီးစိတ်ချိန် ဘယ်သူမှ ဘုရားခန်းဘက် မထွက်ရဲကြတော့ဘူး။

အရင်တပါတ်က စပြီးတော့ အမေကိုယ့်ဆီ ခဏလာနေတော့ အိမ်မှာလည်း စိုစိုပြည်ပြည်ပေါ့။ အမေ့မှာ အကျင့်တခုရှိတာက ဘုရားစာရွတ်တာပဲ တစ်ရက်ကို ပရိတ်ကြီး ၁၁ သုတ်ကို ဘယ်နှစ်ခေါက်ဆိုတာနဲ့ ပုတီး ဘယ်နှစ်ပါတ် ဆိုတာမျိုး Target ရှိတယ် အသက်လည်း ကြီးလာတော့ ဘာသာရေးကို လောကီရေးအတွက် မျှော်လင့်ပြီးတော့ လုပ်တာမျိုး အခုတော့ အတော်ကို နည်းသွားတာ သတိထားမိတယ် ရောက်တဲ့နေ့က အိပ်ခါနီး တရားထိုင်နေတာ မြင်တော့ ငါများ မျက်စေ့မှားသလား ထင်မိသေးတယ်။ မနက်ပိုင်း လုပ်နေကျ ရွတ်တာဖတ်တာနဲ့ ပုတီးကတော့ လက်နက်နဲ့ ငြိမ်းချမ်းရေး အပြီးသတ် လဲလှယ်ခြင်းမရှိဆိုတဲ့ အခြေအနေမှာပဲ ရှိပါသေးတယ်။

အဲဒီမှာတင် ကိုယ့်အခန်းက ပုတီးရယ် ညီမအခန်းက ပုတီးရယ်နဲ့ ဧည့်ခန်းထဲမှာ ပုတီးတိုက်ပွဲ ဖြစ်နေရင် ရှိမျှလူတွေအကုန်လုံး ပုန်းနေရတော့တဲ့ အခြေအနေကို ရောက်စပြုလာတယ်။ တရက်ကတော့ အမေကလည်း အခန်းထဲ ပြန်မဝင်ချင်တာနဲ့ ဘုရားစင်ပေါ်ရှိတဲ့ ပုတီးကိုပဲယူပြီး စိတ်လိုက်မိတယ်။ အမေလည်း ပုတီးတကုံးနဲ့ ချွေးဒီးဒီးကျ ပြဿနာစတာက အမေစိတ်နေကျ ပုတီးစိတ်တဲ့ နည်းတခုက တနေရာမှားခဲ့ရင် အဆုံးသတ်မှာ မှားခဲ့သလားသိတယ်။ နောက်တော့ ကိုယ့်ကိုခေါ်ပြီး ဒီစိတ်ပုတီးကို အလုံးရေ ရေပေးစမ်း ငါဘယ်လိုစိတ်စိတ် မမှန်ဘူး ဖြစ်နေတယ်ဆိုလို့ ရေကြည့်ပေးတော့ ပုတီးက အလုံး ၁၀၀ ပဲပါတယ်။

အဲဒါနဲ့ ပုတီးပိုင်ရှင် ပြန်လာတော့ အမေက သမီးပုတီးက အလုံးရေ မပြည့်ဘူး ၁၀၀ ပဲရှိတယ် အဲဒါနဲ့ ဘယ်လို စိတ်နေသလဲ သွားမေးတော့။ ပုတီးက ဘယ်နှစ်လုံးရှိရလဲ အန်တီဆိုတော့ အမေလည်း ဘာပြောရမလဲ စကားရှာလို့ ရတော့တဲ့ ပုံမရဘူး။ ဘေးကနေ နားထောင်နေတဲ့ အိမ်ကလူတွေလည်း ဝမ်းနည်းရမှာလား ဝမ်းသာရမှာလား ရယ်ရအခက် ငိုရအခက်ဆိုတဲ့ အခြေအနေ။ အဆိုးထဲက အကောင်းလို့ ပြောလို့ရတာက အဲဒီအချိန်က စပြီးတော့ ပုတီးပိုင်ရှင်ရဲ့ ပုတီး တရားနာရတဲ့ စခန်းရပ် လုံးဝကိုပဲ ရပ်သွားတော့တယ်။