Calm Hill My Random Thoughts

စိတ္တဇအတွေးများ (၁)

တချို့သော အကြောင်းအရာတွေက စာရယ်လို့ ဖွဲ့ရေးရအောင်လည်း ဆွဲမဆန့်ချင်ဘူး အမြဲလိုလိုကြုံတွေ့နေရတဲ့ မိတ်ဆွေချင်းဖြစ်ဖြစ် ဆုံဖြစ်ကြလို့ပဲဖြစ်ဖြစ် စကားစမည်ပြောဖြစ်လို့ စိတ်ထဲပေါ်ရာ တွေးမိတွေးရာလေးတွေ လေထဲပျောက်သွားမှာစိုးလို့ စိတ္တဇအတွေးများဆိုပြီး ခေါင်းစဉ်တပ်ပြီး စုဆောင်းထားမယ်လို့ စိတ်ထဲရှိတာ ကြာပြီဖြစ်ပေမယ့် အကောင်အထည် မဖော်ဖြစ်ခဲ့ဘူး ရေးမယ်လုပ်လိုက် မေ့သွားလိုက်နဲ့ ဖြစ်ပါများတော့ ဒိုင်ယာရီလိုပဲ ဖိုင်တခုထဲမှာ အတွေးတခုပေါ်လာတိုင်း ခေါင်းစဉ်အတိုလေးတွေ ချရေးထားလိုက်ပြီးတော့ အားတဲ့အချိန်မှပဲ နည်းနည်းချင်းပြန်ပြီး စာကိုရေးဖို့စီစဉ်ရတယ်။ စိတ်ထဲကို မကြာခဏရောက်လာတတ်တဲ့ အကြောင်းအရာတခုက “စေတနာ” ဆိုတဲ့အရာပဲ။ အပြောလွယ်သလောက် စေတနာဆိုတဲ့အရာဟာ အတော်လေးရှုပ်ထွေးတာပဲ အနောက်တိုင်းဒဿနမှာ စေတနာကို ဦးစားပေးတဲ့ ဒဿနသမားတွေရှိသလို အကြောင်းအရာတခုရဲ့ ရည်ရွယ်ချက်တခု ပြီးမြောက်မှုကိုပဲ ဦးစားပေးကြတဲ့လူတွေရှိတယ်။ စေတနာကို အဓိကထားကြတဲ့ ဒဿနသမားတွေမှာ Immanuel Kant ဟာ လူသိများလိမ့်မယ်။ Kant က စေတနာပဲ အဓိကရယ်တော့ မဟုတ်ပါဘူးလေ ဦးစားပေးတယ်လို့ပဲ ဆိုလိုပါတယ် Kant နဲ့ပတ်သက်တဲ့ အခြားသော Moral အယူအဆတွေလည်း အများကြီးရှိပါတယ်။ မြန်မာလိုရေးတဲ့ စာရေးဆရာတွေထဲမယ်တော့ နန္ဒသိန်းဇံရေးတဲ့ စာအုပ်အချို့မှာ Kant ရဲ့ အကြောင်းကို အနည်းငယ်ရေးတာ မြင်ဖူးတယ်။

မြန်မာ့လူအဖွဲ့အစည်းမှာ စေတနာဆိုတဲ့ စကားလုံးကြောင့်ပဲ ကိုယ်ရသင့်ရထိုက်တဲ့ တန်ဖိုးတွေကို ဆုံးရှုံးနေရတာလည်းရှိတယ် အထူးသဖြင့် ကျောင်းဆရာတွေဟာ စေတနာဆိုတဲ့ စကားလုံးဒဏ်ကို အခံရဆုံးပဲ မကြာသေးခင်ကမှ မိတ်ဆွေတယောက်က ကျောင်းဆရာတွေ အပြင်အလုပ်မလုပ်ရဆိုပြီး အမိန့်စာရှိတယ်ဆိုတော့ ဆရာဆိုတာလည်း မိသားစုစားဝတ်နေရေးကရှိသေးတာ အဲဒါမပြေလည်ရင်တော့လည်း စေတနာလည်း ပျောက်ဆုံးမယ် မဟုတ်လားလို့ ဝင်ပြောမိသေးတယ်။ ကျောင်းဆရာတွေက လခမလောက်ဘူးညည်းမိရင် ကိုယ်တိုင်လည်း အငတ်နေနိုင်တာ မဟုတ်ကြပဲနဲ့ အသပြာရှိမှ စေတနာပါမလားဆို အားမနာပပြောတာကို ရင်အနာဆုံးက ကျောင်းဆရာတွေပဲဖြစ်မယ်။ စေတနာဆိုတဲ့ စကားလုံးနောက်မှ အခန့်သားနဲ့ အကာအကွယ်ယူကြတဲ့ လူတန်းစား တရပ်လည်းရှိတာပဲ တခုမှားသွားလိုက် စေတနာမှန်တဲ့အတွက်ဆိုပြီး စေတနာအမှားပါဆိုပြီး မျက်ရည်ခံထိုးလိုက်ရင် ဘယ်ကိစ္စမဆို အတန်အသင့် အေးသွားခဲ့ကြတာပဲ မဟုတ်လား။ အဲဒါကြောင့်ပဲ ငရဲပြည်ကို သွားတဲ့လမ်းဆိုတာလည်း စေတနာတွေဗလပွနဲ့ပဲ ဖောက်ခဲ့ကြတာပါဆိုတဲ့ အနောက်တိုင်း စကားပုံမျိုးလည်းရှိသပေါ့။ သူငယ်ချင်းတယောက်က သူ့အပေါ်မှာ လွှမ်းမိုးမှုရှိတဲ့ လူပုဂ္ဂို ၂၀ ဆိုပြီးဓာတ်ပုံလေးတွေ စုထားတာမြင်တော့ Kant နဲ့ ခေတ်ပြိုင်တွေပါပြီး Kant မပါဘူးလားမေးမိတော့ သူမကြိုက်ဖူးတဲ့ အဲဒါနဲ့ ခင်ဗျားကသာမကြိုက်တာ ကျုပ်တို့ အစိုးရအဆက်ဆက်က Kantian တွေဗျလို့ ဘာပဲလုပ်လုပ် နောက်ဆုံးတော့ စေတနာအမှားဆိုပြီး အပြစ်မရှိဘူးပဲ စကားအဆုံးသပ်တာပဲလို့ ပြောမိတော့ အူတက်မတတ် ရယ်ခဲ့ရသေးတယ်။

စေတနာဆိုတဲ့ စကားလုံးနဲ့ ပတ်သက်ပြီးတော့ နောက်တဆင့်က လှေနံဓားထစ် အယူအဆနဲ့ အမျိုးအစားခွဲကြတဲ့ အယူအဆတွေရယ် ဘာအတွက်ကြောင့်ဆိုတဲ့ နောက်ကွယ်က အကြောင်းအချက် အပြုအမူနဲ့ခွဲခြားတဲ့ အယူအဆတွေနဲ့ လူတွေအကြောင်း ရံဖန်ရန်ခါမှာ စိတ်ထဲရောက်လာတတ်တယ်။ သိပ်ထူးဆန်းတယ်မဟုတ်ပါဘူး နေ့စဉ်နဲ့အမျှ ဥပမာတွေရှိတယ် ဆိုင်ကယ်ဦးထုပ်မဆောင်းလို့ ဖမ်းတယ်ဆိုပါစို့ လူတချို့ကလည်း ဦးထုပ်မဆောင်းတဲ့ ကိစ္စဆိုတာက ဥပဒေမှ အပြစ်ရှိတယ်လို့ ပြဌာန်းထားလို့ ဦးထုပ်မပါရင် အပြစ်ရှိတဲ့ အမျိုးအစားထဲမှာ ပါတယ်ယူဆတယ် တချို့ကျတော့လည်း အရေးကြီးတာက အန္တရယ်မဖြစ်ဖို့ပဲ လိုအပ်လို့မဆောင်းပဲ ထွက်လာခဲ့လည်း ရာဇဝတ်မှုမှမဟုတ်ပဲလို့ အရေးတကြီးကိစ္စလို့ မယူဆကြသလို တချို့ဆိုရင်လည်း အဲလိုဥပဒေမျိုးကို မလိုအပ်ဖူးလို့ ယူဆတဲ့လူလည်းရှိတာပဲ။ ဘယ်လိုအယူအဆက မှန်တယ်မှားတယ် မရှိပေမယ့် တမျိုးစီမှာလည်း အကျိုးအပြစ်တော့ ရှိကြတာပေါ့လေ အခုဆက်ပြောမှာက အဲဒီအထဲမှာမပါတဲ့ ပေါက်ပေါက်ရှာရှာတွေ့ရတဲ့ အမျိုးအစားခွဲခြားမှု အကြောင်းတွေပေါ့။

တခါတရံတော့ ကိုယ့်ကိုကိုယ် အားပေးတဲ့အနေနဲ့ရယ် ဖြေဆည်ရာအဖြစ်ရယ်နဲ့ မိမိကိုယ်ကို အမျိုးအစားတရပ်ထဲကို ကိုယ်တိုင်ကိုယ်ကျ ဆွဲသွင်းတာလည်းရှိတယ်။ တခါကသူငယ်ချင်း တယောက်နဲ့ စကားပြောဖြစ်တော့ လူအများပြောနေကျ စကားတခွန်းကိုပြောတယ် “မြန်မာလူမျိုးတွေက မညံ့ပါဘူးဗျ တော်ကြပါတယ်” တဲ့။ ပြောမနာဆိုမနာ သူငယ်ချင်းဖြစ်တော့ အဲလိုတော့ ကျွန်တော်ကလက်မခံဘူးလို့ တော်တာညံ့တာက လူတယောက်ချင်းရဲ့ အရည်အသွေး မဟုတ်လားလို့ မြန်မာလူမျိုးဖြစ်လို့ ထွေထူးပြီးတော့ တော်တယ်မရှိသလို မြန်မာဖြစ်လို့တော့လည်း ထူးခြားပြီးတော့ ညံ့တယ်လို့မှမရှိတာပဲလေလို့ဆိုတော့ အေးဗျာ ခင်ဗျားအဲလို စကားကို ပိတ်ပြောတော့ ကျုပ်က ဘာဆက်ပြောရမလဲဆိုပြီး ရယ်ကြရတယ် တခြားလူသာဆိုရင် လုံးသတ်ရနိုင်တယ် တတ်နိုင်သလောက်တော့ အဲလိုအယူအဆနဲ့ အစွန်းရောက်တယ်လို့ မြင်တဲ့လူတွေကိုတော့ ချွတ်လည်းကျွတ်မယ် မမြင်တော့ သာမန်တော့ ပြောလေ့မရှိတဲ့ တိတ်တိတ်နေပါတယ်။ မြန်မာလူမျိုးတွေ တော်ကြပါတယ် ဆိုတာမျိုးက ကိုယ့်အမြင်မှာတော့ အားပေးအားမြောက်ပြုဖို့ပဲ အသုံးကျတယ်လို့ အယူအဆရှိတယ် မြန်မာတွေ တော်ပါတယ်ဆိုပြီး မြန်မာလူမျိုးတွေထဲက ရှိစုမှတ်စု လူတော်အစုံကို နေရာအစုံကနေ ဆွဲထုတ်လာတယ် အများဆုံးမြင်ရတာက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသန့်ကတော့ ပစ်မလွဲပဲပွဲတိုင်းပါတယ်။ အလွယ်ကူဆုံး စဉ်စားကြည့်ရင် ဦးသန့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဖြစ်တာ ဦးသန့်တော်လို့ဆိုတာ ငြင်းမရဘူးလေ ဒါပေမယ့် မြန်မာလူမျိုးဖြစ်လို့တော်လို့ ဖြစ်လာတာမှမဟုတ်တာ အဲလိုအယူအဆမှန်ရင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နေရာအတွက် တယောက်ဆင်းပြီး တယောက်တက်ဖို့မှာ မြန်မာတွေပဲခန့်ဖို့ တန်းစီနေရမှာပေါ့။ ဖြေဆည်ရာအဖြစ် အသုံးကျနေတာလည်း သူ့နည်းသူ့ဟန်နဲ့ ကောင်းပါတယ် ဒါပေမယ်လို့က ကိုယ်တိုင်ကိုယ်ကျ အဖြစ်ရှိအောင် ဘာမှမလုပ်ပဲနဲ့ ငုတ်တုတ်ထိုင်ပြီး အမြဲအားငယ်နေတော့လည်း အဆင်မပြေဘူးမဟုတ်လား။

ကိုယ့်ထဲက တော်တဲ့လူကို ဆွဲထုတ်ပြီး ဖြေဆည်ရာအဖြစ် အသုံးချတာကို လက်ခံနိုင်ပေမယ့် သူများဆီက တော်တဲ့လူတွေနဲ့ တိုးတက်မှုတွေကို အဆင့်အတန်းကို လျှော့ဖို့ကြိုးစားပြီး အမျိုးအစားတရပ်ထဲကိုထည့် ဖြေဆည်ရာလုပ်ဖို့ ကြိုးစားကြတာရှိတယ် အဲဒါကတော့ လုံးဝလက်သင့်ခံလို့ မရတာရှိတယ်။ ဝါဒဖြန့်တာတွေ ခံရလွန်းတာရယ် မျိုးဆက်တွေလည်း ၂ ဆက် ၃ ဆက်ဖြစ်တော့ လွတ်လပ်ရေးရစ ခေတ်အခြေအနေကို အရှိအတိုင်းလည်း မမြင်နိုင်ကြတော့ဘူး အင်မတန် ကြီးကျယ်တိုးတက်တဲ့ စီးပွားရေး ပညာရေး လျှမ်းလျှမ်းတောက် ခေတ်ကြီးတခုရှိခဲ့တယ်ပဲ စိတ်ထဲကနေ ထင်မှတ်ထားကြတယ်။ မင်္ဂလာဒုံလေဆိပ်ကြီးဟာ အရှေ့တောင်အာရှမှ အကြီးမားဆုံးနဲ့ ရန်ကုန်တက္ကသိုလ်ကြီးဟာ နာမည်အင်မတန်ကြီး ဆိုတာမျိုးတွေပေါ့ ဘယ်လောက်အထိ တကယ်ဖြစ်ခဲ့လဲလို့ စဉ်စားကြဖို့ အစီအစဉ်မရှိကြပါဘူး ဘယ်သူတွေ ဘယ်နိုင်ငံတွေဟာ ကိုယ့်ထက်အင်မတန် နိမ့်ကျတယ်ပဲ စာရင်းမှတ်ထားတာ။ မနေ့ကမိတ်ဆွေတယောက်က ရွှေဥဒေါင်းရဲ့ ခရီးသွားမှတ်တမ်းတခုထဲက ၁၉၅၂ခုနှစ်က ဘန်ကောက်လေဆိပ်ရဲ့ အရွယ်အစားကိုရေးထားတာမှာ မင်္ဂလာဒုံလေဆိပ်ထက် သုံးလေးဆပိုပြီးကြီးတယ်လို့ ရေးထားတာတခုကို ဆွဲထုတ်လာတွေ့တယ် သူရဲ့မိတ်ဆွေအတော်များများ မမြင်ချင်ယောင် ဆောင်နေကြတာကို အတော်လေးသိသိသာသာ သတိထားမိလိုက်တယ်။ သဘာဝကျပါတယ် ကိုယ်ကကြီးတယ်လို့ မှတ်ထားတဲ့ဟာ ဟုတ်နေဦးတော့ သူများကြီးတယ်လို့တော့ ဘယ်ပြောင်းပြီးမှတ်ချင်ပါ့မလဲ။

ရန်ကုန်တက္ကသိုလ်ကြီးရဲ့ အရှိန်အဝါဆိုတာက လူအများစုဖတ်ဖူးတာက ဝတ္ထုစာအုပ်ထဲက အချစ်ဇာတ်လမ်းတွေနဲ့ ကိုယ့်တုံးကလည်း ညံ့ပါတယ်ဆိုတာ ဝန်မခံချင်တော့ အခုခေတ်ကလေးတွေမှပဲ ထူးပြီးတော့ညံ့လာသလို ပိုပိုသာသာပြောကြတဲ့ သေခါနီးလူကြီးတွေရဲ့ ဝါဒဖြန့်တာတွေလက်ချက်နဲ့ ကွယ်နေတော့ပြောရခက်တယ်။ ပကတိအခြေအနေအတွက် ခေတ်ပြိုင်တွေကို သုံးသပ်မယ်ဆိုရင် ဖြစ်နိုင်ပါသေးတယ်။ ရန်ကုန်တက္ကသိုလ်ဟာ ကိုလိုနီနယ်တခုက တက္ကသိုလ်တခုဆိုတာရယ် တချိန်တုံးက ကာလကတ္တား တက္ကသိုလ်ရဲ့ လက်အောက်ခံ ကောလိပ်ဆိုတာ သတိရမယ်ဆိုရင် ကာလကတ္တားရဲ့ အဆင့်အတန်းဟာ ရန်ကုန်ထက် အနည်းနဲ့အများ မြင့်တယ်လို့ ပထမဆုံးယူဆလို့ရတယ် အဆင့်အတန်းတခုရှိတာ လက်ခံပေမယ့် အင်္ဂလန်မှာရှိတဲ့ တက္ကသိုလ်ကြီးတွေနဲ့ အပြိုင်လို့ဘယ်လိုမှ သုံးသပ်လို့မရနိုင်ပါဘူး။ အိန္ဒိယနိုင်ငံရဲ့ ပညာရေးဟာ ကိုယ့်နိုင်ငံမှာ ဖြစ်ခဲ့သလို ရုပ်ပျက်ဆင်းပျက်မဖြစ်ခဲ့တော့ မတိုးတက်ရင်သာနေမယ် မဆုတ်ယုတ်အောင် ထိမ်းထားနိုင်တာတောင် လက်ရှိအနေအထားမှာ World Rank 400-500 မှာပဲ ကာလကတ္တားတက္ကသိုလ်ရှိတယ်။ လူဂွစာဖြစ်ပေမယ့် အမှန်တွေကိုပြောတဲ့ ဒေါက်တာသန်းထွန်းလို လူရေးတဲ့ စာတွေဖတ်ကြည့်ရင်လည်း သုသေသနမလုပ်တဲ့ဆရာ အလကားဆိုတဲ့ အရေးအသားတွေမြင်ရင် သုတေသနဆိုတာ သိပ်ပြီးတော့ ပေါ်ပြူလာမဖြစ်ပါဘူး ထူးချွန်တဲ့လူတွေ အနည်းနဲ့အများ ရှိကောင်းရှိပေမယ့် သုတေသနကို ဦးစားပေးတဲ့ တက္ကသိုလ်လို့လည်း ဘယ်လိုမှသုံးသပ်ဖို့ မသင့်တော့ ဆက်ပြီးတိုးတက်ခဲ့လည်း ကလကတ္တား တက္ကသိုလ်ကို ကျော်တက်နိုင်မယ်လို့ သုံးသပ်ဖို့ အင်မတန်ခက်တယ်။ အဲလိုအခြေအနေမှာ သူများနိုင်ငံက ကျော်တက်သွားလို့ World Rank 20 အတွင်းတွေဖြစ်ကုန်တဲ့ တက္ကသိုလ်တွေကို ကြည့်ပြီးတော့ ကိုယ်လည်းတချိန်က အဲလိုအခြေအနေလို့ ယူဆနေရင်တော့ ဆေးသောက်တဲ့အခါ လှုပ်သောက်ပါလို့ပဲ အကြံပေးရမယ်ထင်တယ်။ ပြန်ချုပ်ရမယ်ဆိုရင် ပကတိအနေအထားထက် ကျော်လွန်ပြီးတော့ အတိတ်ကို အကြီးအကျယ် တည်ဆောက်ပြီးတော့ ဖြေဆည်ရာလုပ်နေတာ ကိုယ့်အတွက်တော့ သိပ်အန္တရာယ်များသလို တခြားလူအမြင်မှာလည်း ကိုယ်ဟာအတော် သနားစရာလည်း ကောင်းနေမှာပေါ့လေ။

စေတနာရယ် လူတန်းစားနဲ့ အမျိုးအစားခွဲတဲ့ ကိစ္စကိုပြန်ဆက်ရမယ်ဆိုရင် နိုင်ငံတော်ရဲ့ စေတနာဆိုတဲ့ ကိစ္စကြီးကိုစဉ်းစားကြတာပေါ့။ အချို့သောလူတွေအတွက် နိုင်ငံတော်ရဲ့ စေတနာဆိုတာက သိပ်ကိုမှန်ပါတယ် အစိုးရဝန်ထမ်းဘဝနဲ့ ပညာသင်ခွင့်ရကြတယ် နိုင်ငံရပ်ခြားမှာ ပညာသင်တယ်ဆိုတာလည်း သာမန်အနေအထားနဲ့ သင်ခွင့်ရဖို့မလွယ်သလို စရိတ်စကလည်း အင်မတန်များတော့ ဆင်းရဲတဲ့နိုင်ငံလူတွေမှာ လွယ်ကူတဲ့ကိစ္စမဟုတ်ဘူး နိုင်ငံတော်က စရိတ်စကကျခံလို့ ရောက်ခွင့်သင်ခွင့် ရလာခဲ့ကြတဲ့လူတွေမှာတော့ နိုင်ငံတော်ဆိုတာက အင်မတန် ကျေးဇူးရှိပါတယ် ရှိလည်းရှိသင့်ပါတယ်။ ခက်တာက ကိုယ့်လိုပဲ တရားသေမှတ်ပြီး အမျိုးအစားခွဲတော့ အခြားတပါးသော လူတွေလည်း နိုင်ငံတော်ရဲ့ ကျေးဇူးကြွေးတွေရှိတယ် ယူဆကြပြန်တယ်။ လူအများစုအဖို့မှာက ပညာသင်တော့လည်း မတတ်သာလို့သာ ကျောင်းဆောက်ပေးထားတာ ပညာတတ်စေချင်တဲ့ စေတနာရယ်မှ မဟုတ်ခဲ့တာပဲလေ လုပ်ခဲ့ကြတဲ့လူများရဲ့ တခါတရံမသိမသာ ဖွင့်ဟဝန်ခံချက်များမှာ တမင်ခက်အောင် တော်ရာပို့ထားတယ်ဆိုတဲ့ စကားများကလည်းရှိသေးတော့ မပြေးသော်လည်း ကန်ရာရှိတာပေါ့ ငြင်းလို့လည်းမရပါဘူး။ မတတ်အောင် လုပ်ထားတဲ့ကြားက ကိုယ်အစွမ်းအစနဲ့ ထိုးထွက်ပြီးတော့ လာခဲ့ရတဲ့လူတွေမှာက ဘယ်လိုလုပ်ပြီး နိုင်ငံတော်ရဲ့ စေတနာဆိုတာ အလုံးလည်းမမြင် အပြားလည်းမပါဘူးလေ။ သူတို့အဖို့မှာက ကိုယ့်ဟာကိုယ် တတ်သလောက် မှတ်သလောက် ကြိုးစားလာလို့ရယ် ကံတရားကြောင့်ရယ် တခြားလူတွေက အသိအမှတ်ပြုခံရရင် နိုင်ငံသားဖြစ်နေတခုနဲ့ နိုင်ငံတော်ဆိုတာက အလကားနေရင်း အမြတ်ထွက်ပြီး မျက်နှာရသေးတော့ အဲလိုလူတွေက နိုင်ငံတော်ရဲ့စေတနာ သူတို့မှာတင်ဖို့ နေနေသာသာ သူတို့ရဲ့ စေတနာကိုတောင် နိုင်ငံတော်က အကြွေးတင်နေတယ်ပဲ ယူဆကြမှာပေါ့ အဲလောက်အထိ ပြောင်းပြန်ဖြစ်နေတဲ့ လူတန်းစား ၂ ရပ်ဟာ ဘယ်တော့မှ အဆင်ပြေဖို့မရှိဘူး။

နောက်တဆင့်တက်လာရင် အများအတွက်ဆိုပြီး အရှုံးအမြတ်တွက်ပြီး လူတချို့ကိုအသုံးချဖို့ ကြိုးစားလာတဲ့ အကြောင်းအချက်တွေပါလာမယ် ပညာတတ်တဲ့လူတွေ မရှိတော့လို့ဆိုပြီး ပညာတတ်တွေ ပြန်ခေါ်ဆိုပြီး အထက်စီးကနေပြီး အကြွေးရှင် လေသံမျိုးစုံနဲ့ ပြောကြဆိုကြကိစ္စတွေက နိုင်ငံတော်ဆိုတာရဲ့ ကျေးဇူးခံကျေးဇူးစားရှိတဲ့ လူတွေအဖို့ကတော့ ငြင်းမရသလို ငြင်းဖို့လည်းမသင့်ပဲဆိုတော့ ပြဿနာမဟုတ်ပေမယ့် တော်ရာမှာ အသက်မွေးနေတဲ့ လူတန်းစားကျတော့ ဒုက္ခဆိုတာပဲ တသက်လုံးပေးလာတယ် ဘူးသီးလာတော့မှပဲ အမျိုးလာတော်ပြီး ဘူးသီးကျတော့လည်း ပြည်သူပိုင်သိမ်းမယ် ဆိုတဲ့အချိုးမျိုးနဲ့ လေသံပစ်ဆိုတော့ ဘယ်လိုလုပ် လက်တွေ့မှာ အလုပ်ဖြစ်နိုင်ပါ့မလဲ။ နိုင်ငံသားဆိုတာက နိုင်ငံတော်ဆိုတာရဲ့ ဖုတ်လိုဖုတ် သုပ်လိုသုပ်လို့ရတဲ့ နိုင်ငံပိုင်ပစ္စည်းမျိုးဆိုတာ လက်မခံကြတဲ့ အယူအဆတွေရယ် နိုင်ငံတခုအတွက် ဆုံးဖြတ်ချက်ချတဲ့အခါ စီးပွားရေးလုပ်သလို အမြတ်ဘယ်လောက် အရှုံးဘယ်လောက် အသားတင်ဘယ်လောက်ကျန် စသည်ဖြင့် တွက်ချက်ယူဆကြတဲ့ အယူအဆတွေအကြောင်းက အတော်လေးဆက်ရေးရမှာဖြစ်တော့ စာလည်းအတော်ကို ရှည်နေပြီဖြစ်တဲ့အတွက် နေ့စဉ်နဲ့အမျှ တွေ့လာတဲ့ ဥပမာလေးတွေတွေ့မှ နောက်တခါထပ်ရေးမယ် စိတ်ကူးတယ် မြန်မြန်ရေးဖို့အတွက် Facebook မှာ ပြဿနာများများ တက်ဖို့ပဲလိုအပ်ပါတယ် ကုန်ကြမ်းကတကယ်တော့ သိပ်ရှားတယ်မဟုတ်ပါဘူးလေ။

comments powered by Disqus