Calm Hill My Random Thoughts

နည်းနည်းလေးတော့လွဲနေမယ် (၂)

ရန်ကုန်ကနေ လွဲလာတဲ့အလွဲက ပြန်ရောက်အထိ ပြန်မတည့်နိုင်တာ အတော်ကြာလာပြီ အသေးစိတ်ရေးရင် တထောင့်တည ပသီပုံပြင်တွေထက် ရှည်ကောင်းရှည်မယ် တခါတခါ အလုပ်သာလုပ်နေတယ် ရှေ့ရောက်ရဲ့လား သံသယတောင်ဖြစ်တယ် အမှားတွေကလည်း ၁ ခုပြင်လိုက် Customer လက်ထဲကို ထည့်လိုက်ရင် ဘိုးဘိုးအောင် ဝလုံးလိုပဲ ၁ လုံးဖျက်တော့ ၂ လုံးပေါ်တယ်ဆိုတာမျိုး ကြာတော့ ညဘက်ကို အိမ်ကို ၁၀ နာရီပြန်ရောက်တယ်ဆိုတာ အတော်စောတယ်ခေါ်တယ် ကိုယ်တယောက်ထဲ ဒုက္ခကလည်းမဟုတ် မှားရင်လည်းသူများ ပြင်ခိုင်းရတော့ ရန်ကုန်ရုံးကလူတွေလည်း Skype မှာကိုယ့်ဆီကနေ Hi ဆိုရင်ကို သူတို့လည်း ရူးချင်နေလောက်ပြီ တခါတခါ မနီလာကရုံးကလူလည်း အဆစ်ပါသေးတယ် ကိုယ်တွေလည်း တမင်လုပ်တာ မဟုတ်ပဲ မမျှော်လင့်ပဲ အမှားတွေ ထွက်လာတာတော့ ကံပဲလို့ပြောရမှာပေါ့ ဘယ်တတ်နိုင်မလဲ။ ရန်ကုန်ကနေ ပြန်ရောက်လာကတည်းက လူကလည်းပုံမှန်မဟုတ်ဘူး ပင်ပန်းလို့ပဲလား စိတ်ဖိစီးမှု့ပဲများလွန်းလို့လား ကြောင်တောင်တောင် ဖြစ်နေတယ် တကယ်တော့ ဒီထက်အများကြီးပိုပြီး အလုပ်များခဲ့ဖူးတာ အခါခါလို့ ပြောလို့ရသလို Stress threshold ဟာလည်း သာမန်လူထက် အများကြီးပိုခံနိုင်တယ် အဲဒါကိုပဲ ဘာတွေဖြစ်နေမှန်း မသိပါဘူး။

ပုံမှန်အချိန်မှာတောင် စကားပြောရင် စကားလုံးအသုံးအနှုံးက အင်မတန်ကို အရွေးအချယ်တတ်တော့ လူချစ်လူခင်အရမ်းများတယ် ၂ ခါလောက် စကားပြောဖူးတယ်ဆိုရင် ကမ္ဘာ့ရန်တွေဖြစ်ကုန်ကြရော။ အခုလို ဂေါက်နေတဲ့ အချိန်ကတော့ ဘာပြောကောင်းမလဲ အွန်လိုင်းပေါ်တော့ တတ်နိုင်သလောက်ကို စကားမပြောပဲနေပါတယ် Comment တွေဆို တတ်နိုင်သလောက် ပြန်ကိုမပြန်တာ မနေနိုင်ရင်တော့ Sticker တခုခုရေးခဲ့လိုက်တယ် တပည့်တွေက စာမေးချင်လို့ဆိုရင် နောက်မှမေးဆိုပြီး ပြောလွှတ်ထားတယ်။ စကားများများ ပြောမိရင်လည်း စာရိုက်လိုက် Review ပြန်လုပ်ပြီးတော့ မကောင်းပါဘူးဆိုပြီး ပြန်ပြန်ဖျက်နဲ့ ဆယ်ခွန်းရေး တခွန်းအဖတ်တင်နဲ့ သံသရာလည်နေတယ်။ အွန်လိုင်းမှာဆင်ခြင်ပြီးတော့ အပြင်မှာမဆင်ခြင်မိတော့ ညီမဖြစ်သူကို အဒေါ်ကြီးနဲ့တူတယ် ပြောမိထားလို့ တိုက်ပွဲဖြစ်နေတာ ဓာတ်ပုံရိုက်ပေးပါ့မယ်ဆိုပြီး ငြိမ်းချမ်းရေးယူထားတာ ဓာတ်ပုံရိုက်ပေးတဲ့အထိ အကောင်းပဲ ထွက်လာတဲ့ ဓာတ်ပုံလည်းပြင်ပေးပါတယ် ပြင်မရတဲ့ဟာတော့ ဘယ်တတ်နိုင်မလဲ ပုံမကောင်းဘူးဆိုလို့ နဂိုရှိမှနဂိုင်းထွက်မှာပေါ့လို့ တခွန်းပဲပြောမိတာလေးပါ ငြိမ်းချမ်းရေးမရတော့ပဲ တတိယကမ္ဘာစစ်ပါ ထပ်ဖြစ်ကုန်တာပေါ့။ အိမ်ရောက်လာတဲ့ ငယ်သူငယ်ချင်း လူပျိုကြီး ၂ ယောက် ရည်းစားနဲ့ပြတ်သွားလို့ လာရင်ဖွင့်နေတာ ကလေးလည်းမဟုတ်ဘူး ကျိုးကန်းနေတာမှ မဟုတ်တာပဲလို့ အားပေးစကား ပြောမိလိုက်တာ နောက်တပတ် မုန့်ကျွေးမယ့် အစီအစဉ်ကို Cancel လုပ်သွားတာ ခံလိုက်ရတယ်။

ဘယ်လောက် အလုပ်များများ အချိန်ဇယားကို မဖျက်တဲ့အကျင့်က အတော်ဆိုးတဲ့ အကျင့်လို့ပဲပြောရမယ် ကြားရက်တွေ မအားလို့ဆိုပြီးတော့ ထရန်နင်မဆင်းဖြစ်တော့ ရုံးပိတ်ရက်ကို မဖြစ်မနေသွားတယ် နေ့ခင်းအလုပ်မလုပ်ချင်လို့ တညလုံးထိုင်ပြီးတော့လုပ်တော့ မနက်ကို ၃-၄ နာရီမှ အိပ်ပျော်တဲ့ရက်မျိုးမှာ မနက်ခင်း ၈ နာရီလောက်ထပြီးတော့ ၉ နာရီအမှီကို ထရန်နင်သွားဆင်းတယ် ဂျူနီယာတွေက အင်မတန်အံ့ဩနေတာပေါ့ လှုပ်ရှားမှု့တွေက အရမ်းနူးညံ့သွားတယ်ဆိုပဲ တကယ်တမ်းက စိတ်ပဲရှိတာ ခန္တာကိုယ်ကမလိုက်နိုင်မှန်း ကိုယ်တိုင်လည်း သတိမထားမိဘူး မကြာပါဘူး ဆရာဖြစ်သူက လာစမ်းဆိုပြီးတော့ ၃-၄ ခါလောက် ကိုင်ပေါက်လိုက်ရော ကြယ်တွေလတွေမြင်ပြီး ဘေးထွက်ထိုင်နေရတယ် ဆရာဖြစ်သူကလည်း ၁ ခါကျပြီးကတည်းက မင်းမရဘူးလို့ ဘာလို့မပြောလဲဆိုတော့ ကျွန်တော်မရတော့ဘူး မောတယ်ဆိုပြီး ဘယ်တုံးက ရပ်လိုက်ဖူးလို့လဲလို့ ဖြေမိလိုက်တော့မှ ဆူလိုက်ဆဲလိုက်တာ ဘာပြောကောင်းမလဲ တခါတရံတော့ ကိုယ့်ရဲ့ limit ထက် ပိုပြီးလုပ်တော့ ဘာမှမဖြစ်ဘူး အမြဲတမ်းဆိုရင်တော့ မင်းကိုယ်တိုင်က တလွဲဆံပင်ကောင်းနေတာ သွားသွား ၂ ပတ်မလာခဲ့နဲ့ စိတ်ပြေလက်ပျောက် လာချင်တယ်ဆိုရင် ကလေးတွေပဲ လာသင်ဆိုတာနဲ့ ကလေးတန်းမှာ သောင်တင်နေတယ်။

စာဖတ်တဲ့အကျင့်ကလည်း ကိုယ့်ကိုဒုက္ခပေးတဲ့ အရာထဲမှာ အကြီးဆုံးအရာတခုပဲ ဘာမှလုပ်စရာမရှိရင် စာတခုခုကို ဖတ်နေတတ်တယ် လူအတော်များများကတော့ ကောင်းတယ်လို့ပြောမှာပေါ့လေ တကယ်တမ်းက ကိုယ်ကလည်း ဖတ်တဲ့စာဆိုတာက အပန်းပြေမယ့် ရသစာပေဆိုတာက တအုပ်မှကိုမရှိတာ အင်မတန်မှခေါင်းပူတဲ့ စာအုပ်မျိုးတွေ သိပ်ကြိုက်တာပဲ အဲဒီလိုဖြစ်နေတော့ အလုပ်ပြီးလို့ အလုပ်နဲ့မပတ်သက်လည်း ခေါင်းကနားတယ်မှမရှိတာ အလုပ်နဲ့မပတ်သက်တဲ့ စာတွေဖတ်ကွာဆိုပြီး စာအုပ်အဟောင်းတွေ ပြန်မွှေနေရင်းနဲ့ ဂျွန်စတူးဝပ်မေးရဲ့ စာအုပ်တချို့ထွက်လာတော့ သူ့အကြောင်းကို စိတ်ထဲပေါ်လာတယ် ဒီလူဟာ အသက် ၁၄ နှစ်မှာ ရိုမန်နဲ့ဂရိဘာသာကို ကောင်းကောင်းဖတ်တတ်ပြီး အဲဒီခေတ်က သင်္ချာလော့ဂျစ်သမိုင်း အတော်များများကို သင်ပြီးသားဖြစ်နေပြီး အသက် ၂၀ လည်းရောက်ရော စိတ်ဖောက်သွားပါရော။ ဟမ်… အဲဒါနဲ့ ကိုယ့်စာအုပ်တွေ ပြန်ကြည့်တော့ အဲလိုစာအုပ်တွေကြည့်ပဲ အင်း.. အလုပ်မအားတုံးတော့ မဖြစ်ချေဘူးဆိုပြီး စားပွဲပေါ်ကစာအုပ်တွေ စာအုပ်စင်ထဲထည့်သိမ်း iPad ထဲက စာအုပ်တွေပါ ခဏဖျက်ထားလိုက်တယ်။

အဲလောက် ကာကွယ်ထားလည်း ဇာတ်လမ်းကမဆုံးဘူး ရုံးလာတယ်ဆိုရင် ရထားပေါ်မှာစာဖတ်လာတာ ဖတ်စရာစာအုပ်တွေ ဖျက်ထားလိုက်တော့ ရထားပေါ်မှာ ယောင်ချာချာနဲ့ Twitter နဲ့ Facebook သုံးပြီးတော့ လိုက်လာတယ် Facebook ကတော့ ပေါ့ပေါ့ပါးပါးပါ လုပ်စရာမရှိတော့ လုံးလုံးမသုံးတဲ့ Personal Account ကိုပါဝင်ပြီးတော့ On This Day မှာ ရှေးဟောင်းနှောင်းဖြစ်တွေ သွားကြည့်လိုက်နဲ့ နည်းနည်းဟုတ်သေးတယ် Twitter ပေါ်ပြန်ရောက်လာရင်တော့ ကိုယ့် Follow လုပ်ထားတဲ့လူတွေရဲ့ Tweet တွေဖတ်ရင် ဖျက်ထားတဲ့စာအုပ်တွေ ဖတ်တာနဲ့သိပ်ပြီးတော့ မကွာခြားလှဘူးရယ် စာမဖတ်ဘူးဆိုတဲ့ အဓိဋ္ဌာန်ကိုမေ့ပြီးတော့ တနေ့က Street-Fighting Mathematics: The Art of Educated Guessing and Opportunistic Problem Solving ဆိုတဲ့စာအုပ်ရယ် Modeling and Solving Linear Programming With R ဆိုတာရယ် Twitter ပေါ်ကနေ ခြေရာခံမိရာက ဖတ်လိုက်မိတာ မနေ့ညက မိုးလင်းခါနီးမှပဲ အိပ်ဖြစ်လိုက်တော့တယ်။ အဲဒါတောင် The Art of Insight in Science and Engineering ဆိုပြီး ၁ အုပ်ကျန်သေးတယ် မဖတ်သေးဘူးလို့ စိတ်ကိုအချုပ်ခန်းထဲ ထည့်ထားလိုက်ရတယ်။ သံယောစဉ်ကတော့ မပြတ်သေးဘူးလေ နောက်များမှပဲ စာအုပ်အညွှန်းအဖြစ် ရေးတော့ရေးပါဦးမယ်။

သူ့ဟာသူလွဲနေတာတွေပြီးတော့ မင်းဒုက္ခနဲ့မင်းပဲလို့ ပြောကိုပြောရမယ့် ကိုယ်တိုင်လုပ်တဲ့ အလွဲတွေကများနေတယ် ပြင်ဆိုရအောင်လည်း လုပ်နေသမျှအားလုံး ရပ်လိုက်မှပဲ ပြန်တည့်မယ့် အခြေအနေရှိတယ်။ လုပ်နေတာတွေ လွဲတယ်လည်း မဟုတ်ပါဘူး အစွန်းရောက်သလို ဖြစ်နေတာပဲဖြစ်မယ်။ Physical Training က အကြိမ်အရေအတွက် လျှော့တာက သိပ်တော့မခက်ဘူး ဒါပေမယ့်လည်း လုပ်တဲ့အချိန်မှာ ကိုယ့်ရဲ့ Limit အထက်ကို တွန်းတင်တဲ့အကျင့်က အတော်လေးပြင်ယူရမယ် မောတယ်ဆိုရင် မောတယ်ပေါ့ ပျော်တယ်ဆိုလည်း ပျော်တယ်ပေါ့ ဘာခံစားချက်မှမရှိတဲ့ မျက်နှာမျိုးနဲ့နေရတာ အကျင့်ဖြစ်လာတာ ကောင်းတယ်တော့ မဟုတ်လှဘူး။ စာဖတ်တဲ့အကျင့်ကတော့ ဘယ်လိုမှဖျက်လို့ရမယ် မဟုတ်လေတော့ ခေါင်းကိုဒုက္ခမပေးမယ့် စာမျိုးတွေပြောင်းဖတ်ဖို့ပဲ နည်းလမ်းရှိမယ်ထင်တယ် အဲလိုစာမျိုးက သမိန်ပေါသွပ်လည်း အသစ်ကမထွက်တော့ သိုင်းဝတ္ထုပဲ ရှာဖတ်ရကောင်းလေမလား မဇ္ဇျိမပဋိပဋာဆိုတာလည်း စာထဲသာရှိတယ်ပြောရမယ် အလယ်အလတ်ကျဖို့ အတော်ခက်တာပဲ။ အခုလည်း မဟုတ်တာတွေ လုပ်နေတာပါပဲ ညကြီးသန်းခေါင် စာထရေးတယ်ဆိုတော့ ကိုယ့်လိုလူမှ ရူးတယ်မခေါ်ရင် ဘယ်သူ့ကိုရူးတယ်ခေါ်ပါ့မလဲ။