Calm Hill My Random Thoughts

အလုပ်ဘေးရှောင်ဒုက္ခသည်

ဒီရက်ပိုင်းမှာ အလုပ်ကိုလည်း အတော်လေး စိတ်ကပိန်နေပါပြီ မလုပ်ချင်လို့မဟုတ်ဘူး လတွေဆက်လာတော့ အလုပ်လည်းမစဉ်းစားချင်ဘူး ခေါင်းအေးအေး ခဏနေချင်တယ် ဒီနှစ်ကတော့ အခြေအနေအတော်ဆိုးတယ် ကျန်နေတဲ့ခွင့်တောင် သုံးလို့မရလောက်အောင် ဖြစ်နေလေတော့ ရှေ့နှစ်ကိုသယ်သွားလို့ မရတော့တဲ့ခွင့်တွေ အတော်လေးဆုံးသွားမယ့် အခြေအနေရှိတယ် ကိုယ့်တယောက်ထဲတော့ မဟုတ်ပါဘူးလေ ရုံးမှာရှိတဲ့ Management မှာပါတဲ့လူတွေအကုန်လုံး အဲဒီကိန်းဆိုက်သွားတာ ကိုယ်ကပိုဆိုးတာက ဘယ်တုံးကမှ ခွင့်မယူတာရယ် အရင်နှစ်တွေကလည်း ရှေ့နှစ်ကိုသယ်ဆိုပြီး ယူယူလာခဲ့တဲ့ နှစ်တွေပဲဆိုတော့ အတော်ကိုများတယ် အဲဒါနဲ့ နောက်ဆုံး ၁ပတ်တော့ ကျုပ်ခွင့်ယူမယ်လို့ဆိုပြီး ခွင့်ယူထားလိုက်တယ်။

ခွင့်ယူပြီးတော့ အိမ်မှာပဲနေရင်လည်း ဘယ်လိုမှလွတ်မှာမဟုတ်ဘူး တနည်းမဟုတ်တနည်း ဖုန်းကတော့ဆက်ပြီး လုပ်စရာကပေါ်နေဦးမှာ တနေရာရာတော့ သွားနေမှကိုရမယ် ဘယ်သွားနေရမလဲ စဉ်းစားတော့ ဆရာဖြစ်သူက မင်းလည်း နောက်တခါ Yudansha စာမေးပွဲဖြေဖို့ သိပ်မလိုတော့ဘူး နည်းပြသင်တန်းလည်း မတက်ရသေးဘူးဆိုပြီး ဘန်ကောက်က Fukakusa Shihan ဆီကို လွှတ်နေတာကြာပြီ မအားဘူးဆိုပြီး ပေတေနေတာ အဲဒါကျွန်တော် သွားမယ်လို့ဆိုတော့ နှစ်ကုန်ရင် Fukakusa Shihan က မအားလောက်ဘူး ဂျပန်ပြန်ချင်ပြန်မှာ မပြန်လည်းနားမှာထင်တယ် မင်းဟာမင်းမေးကြည့်ဆိုတော့ Fukakusa Shihan က မင်းတယောက်နဲ့တော့ ငါ့လည်း ထူးမပင်ပန်းပါဘူး လာခဲ့ပါကွာဆိုတော့ နောက်ဆုံးပတ်ကို သွားဖို့ဖြစ်လာတယ် ကိုယ်သွားမယ်ဆိုတော့ စင်္ကာပူသင်တန်းက ၁၀ ယောက်လောက်က လိုက်မယ်ဖြစ်တော့ ဆရာကလည်း မိန်းမနဲ့ငါနဲ့ ရန်ဖြစ်ချင်ဖြစ်ပစေတော့ ငါလည်းလိုက်မယ်ဆိုပြီး လူအများကြီးဖြစ်သွားတယ်။

ညီမဖြစ်သူကလည်း လိုက်ချင်တယ်လုပ်နေတော့ သင်တန်းစမယ့်ရက်က တနင်္လာနေ့ဆိုတော့ သင်တန်းနဲ့မပတ်သက်တဲ့လူတွေ ပါလာတယ်ဆိုရင် ကိုယ်ကထရိန်နင်ဆင်းနေ သူတို့ကငုတ်တုတ်ဖြစ်နေမယ် အဲဒါနဲ့ ခရစ်စမတ် မတိုင်ခင်ညကို ကြိုသွားမယ်ပေါ့ သင်တန်းစတဲ့ရက် သူတို့ပြန်နှင့်ကြ နောက်လာမယ့် လူတွေဆီကိုပြောင်း ကိုယ်တယောက်ပဲနေခဲ့ဆိုပြီး တခြားသူငယ်ချင်း ၄ ယောက်ပါ အဖော်စပ်လိုက်တော့ Aikido Training ကနေ လည်ရေးပတ်ရေး အစီအစဉ်ပါ အဆစ်ထိုးလာတယ် တကယ်ကတော့ ကိုယ်အတွက်က ငြိမ်ငြိမ်ပဲနေချင်တယ် ဘယ်မှသွားဖို့မရှိပါဘူး အခုအခြေအနေအရ ညီမဖြစ်သူစျေးဝယ်တာ လိုက်ပို့ရသလိုပဲ ဖြစ်ဖို့များတာပါ။ လိုက်လာမယ့် အစ်ကိုလင်မယားက အစီအစဉ်ဆွဲတာ ဝါသနာပါတော့ သူတို့စီစဉ်ထားတဲ့ အစီအစဉ်အတိုင်း လိုက်ရမှာပေါ့ အယုဒ္ဓယမြို့ဟောင်းကိုတော့ ခဏသွားမယ်လို့ စီစဉ်ထားတယ် ကျန်တာကတော့ ဘုရားတချို့နဲ့ မြို့ထဲပဲလျှောက်သွား အမျိုးသမီးတွေ စျေးဝယ်ကြပေါ့ ကိုယ်တွေကတော့ တော်ရာဆိုင်မှာ ထိုင်နေခဲ့မှာပေါ့။

အတူတူလိုက်လာမယ့် လိုက်မယ့်အစ်ကိုက ရုရှားတွေကို တိုက်ခိုက်ဖို့အတွက် ဘန်ကောက်ကို အိုင်စက်စ်တွေ ဝင်သွားတယ်ဆိုပဲ အဲဒါနဲ့ ရုရှားလူမျိုး ခန္တာကိုယ်အရွယ်အစားက အစ်ကိုတယောက်ပဲ နီးစပ်တာပဲလို့ ကျွန်တော့်ကတော့ ဆံပင်ကိုအရောင် တူအောင်ဆိုးထားတောင် ဘော်ဒီဆိုက်နဲ့တင် ဘယ်သူမှယုံမယ် မဟုတ်ဘူးလို့ ဖြစ်ချင်တော့ ကိုယ့်သွားမယ့်ရက်မှ မြန်မာ ၂ ယောက်ကို သေဒဏ်ချလိုက်လို့ ဆဲလိုက်ကြတာ မိုးမွှန်နေတာပဲ ကိုယ်တွေနဲ့ ဘာမှတော့မဆိုင်ပါဘူးလေ တိုက်ဆိုင်တာပြောတာပါ။ အီးမေးတွေကို အကုန်လုံး Remove လုပ်ထားဖို့လိုအပ်တယ် အခုလေယာဉ်ပေါ် မတက်ခင်အထိကိုပဲ WhatsApp Message များက ဝင်လာမစဲတဖွဲဖွဲ WhatsApp ကိုတော့ ၁ ပတ်လောက် Mute လုပ်ထားမလားစဉ်းစားတယ် အဲလောက်ဆိုရင် အတော်လေးငြိမ်းချမ်းပါပြီ။ စကားနောက်တရားပါ နည်းနည်းလေးတော့ လွဲလိုက်ရမှပါဆိုသလို လေယာဉ်ကနောက်ကျပြီး ထွက်လာခါနီးကို သောင်တင်နေသေးတယ်။ လူကလည်း မပြေးကွေးရမှဆိုသလို ခေါင်းကိုနားတယ် လူကမနားပြန်ဘူး Fukakusa Shihan ဆီမှာ နေ့စဉ်ထရိန်နင်ဆိုတာ အတော်မလွယ်တဲ့ကိစ္စပဲ ရတော့ရပါတယ် ပြေးတလှည့်ကွေးတလှည့်ပေါ့။