Calm Hill My Random Thoughts

The Last Lecture - Review

ခဏတဖြုတ်နားမယ်ဆိုပြီး ခရီးထွက်လာခဲ့တာ အိမ်မှာပဲဖတ်လက်စ စာအုပ်လေးတွေ ထားခဲ့လိုက်တယ် ဘန်ကောက်မှာရောက်လို့ ၃ ရက်လောက်အထိက ညီမဖြစ်သူရယ် အစ်ကိုလင်မယားရယ် သူငယ်ချင်း ၂ ယောက်ရယ်နဲ့ လျှောက်သွားနေတာ စာအုပ်ဘက်ကိုစိတ်က မရောက်လာဘူး ဖြစ်ချင်တော့ သွားရင်းလာရင်းနဲ့ Kinokuniya ကိုရောက်တော့ မနေနိုင်တာနဲ့ ဝင်ကြည့်ရာက ထုံးစံအတိုင်းပါပဲ ခွေးမြီးကောက် ကျည်တောက်စွပ်ပေါ့ လိုချင်တဲ့စာအုပ်တွေ လျှောက်ရှာမိပြန်တယ် ကံကောင်းတာလား ကံဆိုးတာလားမသိ ၁ အုပ်မှမရပါဘူး။ စာအုပ်ဆိုင်ဘက် ရောက်ဖြစ်တာကို စာဖတ်တာ ဝါသနာပါတဲ့ သူငယ်ချင်း ၁ ယောက်နဲ့ စကားပြောမိတော့ ဖတ်စရာမရှိရင် The Last Lecture ကိုဖတ်ကြည့်ပါလားလို့ အကြံပေးတာနဲ့ မနေ့က Kinokuniya ကိုပြန်သွားရှာတော့ စာအုပ်ကရှာလို့ရလာတယ်။

http://www.cmu.edu/randyslecture/

အကြမ်းပြောရမယ်ဆိုရင် The Last Lecture ကိုရေးတဲ့ Randy Pausche ဟာ Carnegie Mellon တက္ကသိုလ်က ပါမောက္ခတယောက် သူအနေနဲ့ ကင်ဆာရောဂါနဲ့ ကုလို့မရတော့တဲ့ အခြေအနေရောက်ပြီးတော့ နောက်ဆုံးအချိန် မတိုင်ခင်လေးမှာ သူအလုပ်အလုပ်နေတဲ့ တက္ကသိုလ်မှာ သူ့ရဲ့နောက်ဆုံး လက်ချာအဖြစ်နဲ့ Achieving Your Childhood Dreams ဆိုပြီး ပြောဖြစ်ခဲ့တဲ့အကြောင်းကို သူ့ရဲ့နောက်ဆုံးအချိန် မရောက်ခင်မှာ ကြိုးစားပြီးတော့ စာအုပ်တအုပ်အဖြစ်နဲ့ ပုံနှိပ်လို့ရအောင်အထိ သူလုပ်သွားခဲ့တယ်။ Programmer တယောက်အနေနဲ့ Randy ဟာ လူစိမ်း ၁ ယောက်မဟုတ်ပါဘူး အစကတော့ နာမည်ကိုအတိအကျ မမှတ်မိပေမယ့် ဖတ်ရင်းနဲ့မှ သိလိုက်တာက ကလေးတွေအတွက် Programming စပြီးတော့ သင်ဖို့အတွက် အထောက်အကူပြုတခုဖြစ်တဲ့ Alice ကိုသူတို့စခဲ့တာ အရင်တုံးက Survey Paper တခုအတွက် လုပ်ရင်းနဲ့ Alice နဲ့ Scratch ကိုယှဉ်ကြည့်တုံးက သူ့နာမည်ကိုမြင်ဖူးခဲ့မှန်း ပြန်သတိရတယ်။

The Last Lecture

The Last Lecture ဟာ Randy ရဲ့ ငယ်ဘဝကနေ သူ့ရဲ့နောက်ဆုံးအချိန်အထိကို သူကြုံတွေ့ခဲ့တဲ့ အတွေ့အကြုံတွေကို ယှဉ်ပြပြီးတော့ ရေးထားတာပါ။ သာမန်အားဖြင့် လူတယောက်ရဲ့ အကြောင်းဆိုတာမျိုးက သိပ်မဖတ်ဖြစ်သလောက်ပဲ ဒါပေမယ့် The Last Lecture ကိုတော့ အဆုံးအထိ ဖတ်ဖြစ်လိုက်တယ်။ ဖတ်တဲ့လူတွေရဲ့ ဘဝနောက်ခံအပေါ် မူတည်ပြီးတော့ တိုက်ဆိုင်မှု့ အနည်းနဲ့အများ ရှိကောင်းရှိကြမှာပေါ့ ပထမဆုံးအခန်း ဖြစ်တဲ့ An Injured Lion Still Wants to Roar မှာ နေမကောင်းတဲ့ကြားက ဘာဖြစ်လို့ဒီ Lecture ကိုလုပ်မလဲ နောက်ဆုံးအချိန်ကို မိသားစုနဲ့ပိုပြီး အချိန်ပေးနေပေါ့ဆိုပြီး ဇနီးဖြစ်သူနဲ့ အခြေအတင်ဖြစ်နေတာကနေ ကျန်နေခဲ့မယ့် ကလေး ၃ ယောက်အတွက် သူတို့အဖေအကြောင်း မှတ်တမ်းတင်ထားတာ ကျန်နေခဲ့စေချင်တယ်ဆိုပြီး သူလုပ်ချင်တာဆက်လုပ်ဖို့ ဇနီးဖြစ်သူကိုနားချပြီးတော့ The Last Lecture အတွက် ပြင်ဆင်နေတဲ့အခန်းရယ် The Parent Lottery ဆိုတဲ့ သူရဲ့မိဘတွေ အကြောင်းရယ်ကြောင့် ဆက်ဖတ်ဖြစ်တယ်ဆိုရမယ်။

သာမန်လူတွေအတွက်က သနားစရာကောင်းတဲ့ အခန်းဖြစ်မှာပေါ့လေ ကိုယ့်အတွက်ကတော့ ပြန်ပြီးတော့ သတိရရမယ့် အကြောင်းအရာတွေ အများကြီးရှိတာပေါ့ ကိုယ့်အဖေဖြစ်သူ မဆုံးခင်ကလည်း သူ့လိုပဲ အချိန် သိပ်မကျန်တော့ဘူးဆိုတာ ကြိုပြီးတော့သိခဲ့တာပေါ့ Randy လိုပဲ ကျန်ရစ်ခဲ့မယ့်လူတွေအတွက် စီစဉ်စရာရှိတာတွေ သူစီစဉ်ရတယ် အလုပ်ကလည်းသူမနားဘူး နေမကောင်းရင်လည်း ဆေးပင်စင်ယူပါတော့လို့ ပြောတဲ့လူဟာ သူ့အတွက်ကတော့ ရန်သူလို့ပဲယူဆတော့ ရုံးကလည်း ဘာမှမပြောတော့ဘူး လာချင်တဲ့ချိန်လာပါ ပြန်ချင်တဲ့အချိန်ပြန်ပါ စိတ်ချမ်းသာသလိုလုပ်။ သားဖြစ်သူအတွက်က သူသိပ်မပူပန်ရတော့ဘူး ဘွဲ့ရခါနီးနေပြီဖြစ်သလို ကိုယ်ဘာလုပ်ချင်တယ်လည်း သူသိပြီးသားဖြစ်တော့ ၁ခုပဲမှာတယ် ငါ့အတွက်နဲ့မင်းလည်း လုပ်ချင်ရာမလုပ်နိုင်ခဲ့ဘူး ငါမရှိတော့တဲ့အချိန်တော့ အဲလိုထပ်မဖြစ်ပါစေနဲ့ ဆယ်တန်းတောင် မအောင်သေးတဲ့ ညီမဖြစ်သူအတွက်တော့ သူလုပ်ချင်ရာ လုပ်ပါစေပဲမှာတယ် အဲဒါကြောင့် ညီမဖြစ်သူ ကွန်ပျူတာတက္ကသိုလ် တက်မယ်ဆိုတော့ ပင်ပန်းမယ် အလုပ်ဖြစ်လေတော့ မတက်စေချင်ပေမယ့် တကယ်တက်ချင်တယ် ဆိုတော့လည်း မတားဖြစ်ခဲ့ပါဘူး။

The Dutch Uncle လို အခန်းမျိုးကျတော့ ကိုယ်ကျောင်းတက်နေတုံးက ဘဝမျိုးတွေကို သတိရမိပြန်တယ် Randy ရဲ့ Supervisor ဖြစ်တဲ့ Andy က သူ့ကိုဘယ်တော့မှ အကောင်းမပြောဘူး ဝေဖန်ရင်လည်း နားထောင်ကောင်းမကောင်း သိပ်စဉ်းစားမနေဘူး သူမြင်တဲ့အတိုင်းပဲ တိုက်ရိုက်ဝေဖန်တယ်။ ကျောင်းတက်နေတုံးက ပြောမယ့်သာပြောတာ လုပ်ချင်ရာလုပ်ပြီးတော့ အင်မတန်လည်း အငြင်းသန်တာ မှားနေရင်တောင် ကြမ်းပိုးကိုလိပ်ဖြစ်အောင် ပြောတတ်လေတော့ ဆရာဆရာမတွေ ဘယ်သူနဲ့မှလည်း သိပ်မဆင်မပြေဘူး။ ကိုယ့်ဘဝအတွက် Dutch Uncle လို့ပြောရမယ့် လူတွေရှိခဲ့ဖူးတယ် ပထမဆုံး ၁ ယောက်က တချိန်တုံးက မန္တလေးကွန်ပျူတာတက္ကသိုလ်မှ ပါမောက္ခချုပ်အဖြစ် နေခဲ့ဖူးခဲ့တဲ့ ဒေါ်မီမီသက်သွင်ဖြစ်မယ် ကျောင်းသားဘဝက ကိုယ်လုပ်နိုင်တာထက် ပိုပြီးလုပ်ဖြစ်အောင် ပထမဆုံးအတွန်းခံခဲ့ရတာ သူ့လက်ထဲမှာပဲ သူ့ကိုပြန်ပြီးပြောဖို့ အတော်လေးခက်တယ်။ နောက် ၁ ယောက်က ကိုယ့်ရဲ့ Supervisor ဖြစ်ခဲ့ဖူးတဲ့ Vivek ပဲ သူများတွေ Research မယူရင် ၁ နှစ် ၁ နှစ်ခွဲဆို ဘွဲ့ရပြီ ကိုယ်ကတော့ Research ယူတယ် Vivek ရဲ့ expectation ကို မြှင့်မြှင့်လာတာ လုပ်ရင်းလုပ်ရင်းနဲ့ ၂ နှစ်ကျော်ကြာတော့ ကျောင်းကနေ Warning ရောက်မှပဲ အဆုံးသတ်ရတော့တယ်။

တူတွေတူမတွေ ဒုက္ခပေးတာခံရတဲ့ Poring Soda in the Backseat လိုအခန်းကနေစပြီးတော့ Chapter 3 တခုလုံးကတာ့ Randy ရဲ့ Personal Life တွေအကြောင်းပဲများတယ် Randy ဟာ အတော်ဆိုးတဲ့လူ ကျောင်းဆရာ လုပ်နေတုံးမှာလည်း အခန်းခ ၄၅၀ ပဲပေးရတဲ့ အခန်းမှာပဲ ဖြစ်သလိုငှားနေတယ် ပစ္စည်းဆိုတာ လူတွေအတွက်ပဲလေဆိုပြီး တူတွေတူမတွေနဲ့ နေချင်သလိုနေ မင်းဒီလိုနေရင် ဘယ်သူကကြိုက်မလဲ ပြောခံရရင် သူ့အိုးနဲ့သူ့ဆန် တန်တဲ့လူရှိချင်ရှိမှာပေါ့ပဲ ဖြေချင်ဖြေတယ်။ အသက် ၃၇ရောက်မှ သူ့ရဲ့ဇနီးလောင်းဖြစ်မယ့် Jai နဲ့ ဆုံဖြစ်တော့လည်း ဒီအရွယ်အထိ အိမ်ထောင်မကျတာ Gay များဖြစ်နေလို့လားဆိုပြီး အထင်ခံခဲ့ရ မဟုတ်ဘူး မယူချင်လို့ကို သူ့ဟာသူ အိမ်ထောင်မကျတာဆိုတော့ ပိုဆိုးသွားပါရော။ အဲဒါတွေကတော့ ဘယ်နိုင်ငံပဲဖြစ်ဖြစ် အသက်ကြီးလို့ အိမ်ထောင်မကျသေးတဲ့ ယောက်ျားလေးဆိုရင် ဒီလိုပဲ Gay ဖြစ်နေတယ် သံသယဖြစ်ခံကြရပုံက အတူတူပဲဖြစ်လိမ့်မယ်။ Jai က မကြိုက်ဘူးဆိုလို့ အသဲကွဲပြီးတော့ ဒီအသက်အရွယ်မှ အဖေအမေကို ဖုန်းဆက်ပြီး ရင်ဖွင့်ရသေးတယ်ဆိုတော့ အဲဒါဖတ်ပြီးတော့ ရယ်ရလည်းခက်တယ်။ “The brick walls are there to stop the people who don’t want it badly enough. They’re there to stop the other people.” ဆိုပြီး နောက်တော့ Jai နဲ့ပဲ အိမ်ထောင်ကျသွားတယ်။

Enabling the Dreams of Other ဆိုတဲ့ Chapter 4 ကတော့ Randy ရဲ့ ကျောင်းဆရာဘဝမှာ ကြုံခဲ့ရတဲ့ တပည့်တွေ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အိပ်မက်တွေကို ကူညီပေးခဲ့ရတာတွေအကြောင်း တချို့အခန်းတွေမှာ အချိန်တွေကို ဘယ်လို Manage လုပ်မယ်ဆိုတဲ့ အကြံပြုချက်မျိုးတွေပေါ့ သူတသက်လုံးကြုံတွေ့လာတဲ့ အဖြစ်အပျက်တွေဆိုတော့ ဇာတ်လမ်းကတော့ အတော်စုံတယ် လူတယောက်ကို ပညာသင်ပေးတယ်ဆိုတာ အဓိကအချက်က သူတို့ကိုယ်သူတို့ ရှေ့ဆက်ပြီးတော့ ကိုယ့်ကိုကိုယ် ပညာဆက်သင်ပေးသွားနိုင်ဖို့ ဆိုတာမျိုးကနေစပြီးတော့ လက်ခံနိုင်စရာတွေ အတော်များပါတယ်။ ကိုယ်တိုင်လည်း လူအများကြီးကို စာသင်ပေးခဲ့ဖူးတော့ ကိုယ့်လက်ထဲက ထွက်သွားတဲ့အချိန်ရောက်ရင် ဘယ်လိုဆက်သွားမလဲ သွားနိုင်အောင်လုပ်ပေးရတာ အင်မတန်ခက်မှန်း နားလည်သင့်သလောက် နားလည်ပါတယ်။ It’s About How to Live Your Life ဆိုတဲ့ Chapter 5 ကတော့ ဘယ်လိုမှ အကျဉ်းချုပ်အနေနဲ့ကို အမြည်းရေးလို့မရဘူး ဖတ်ကြည့်ပါလို့ပဲ တိုက်တွန်းဖို့ပဲရှိတယ်။

နောက်ဆုံးအခန်းဖြစ်တဲ့ Final Remarks မှာကတော့ မကြာခင်မှာထွက်သွားရတော့မယ့် လူတယောက်အနေနဲ့ ကျန်ရစ်ခဲ့တဲ့ မိသားစုအတွက် စီစဉ်နိုင်သလောက် စီစဉ်နေတာတွေ သားအကြီး သားအလတ် သမီးအငယ် ဘယ်အရွယ်ရောက်ရင် ကိုယ့်ဘယ်သူဆိုတာ အမေဖြစ်သူက ဘယ်လိုပြောပြမလဲ အရွယ်ရောက်နေတဲ့ တူတွေတူမတွေကို ငါမရှိတဲ့အချိန် ဘယ်ရက်တွေမှာ ကလေးတွေနဲ့ လာဆော့ပေးဖို့အထိ မမေ့မလျော့မှာတယ် ဘယ်အချိန်လောက်ဆို သူ့ကိုမေ့သွားမလဲ ကျန်ရစ်ခဲ့မယ့် ဇနီးအတွက် ဘယ်လိုစီစဉ်ထားခဲ့မလဲ စီစဉ်နေတာတွေ ရေးထားတာမြင်ရတော့ Randy ရဲ့ ကလေးတွေဟာ ကံကောင်းတယ် ဆိုးတယ်လို့ ကိုယ်လည်း မသတ်မှတ်တတ်ဘူး အဖေဖြစ်သူထွက်သွားရတော့မှာ သူတို့ကောင်းကောင်းနားလည်နိုင်တဲ့ အရွယ်လည်း မဟုတ်ကြသေးဘူး။ သူတို့အဖြစ်အပျက်နဲ့ယှဉ်တော့ ကိုယ်ကတော့ ကံကောင်းတယ် ထင်မိတာပဲ ဆယ်တန်းအောင်တော့ အဖေဖြစ်သူ ၃ နှစ်ထက် အသက်ရှည်ဖို့ခက်တယ်ဆိုတာ နားလည်တဲ့အတွက် ဝါသနာပါတာတွေ မေ့ခဲ့လိုက်တယ် အိမ်ကနေထွက်မသွားရမယ့် တက္ကသိုလ်ကိုပဲရွေးတက် သူမဆုံးခင်အထိ ကိုယ်တတ်နိုင်တာ လုပ်ပေးခွင့်ရခဲ့သလို အဖေဖြစ်သူ မသွားခင်မှာ စီစဉ်စရာရှိတာ စီစဉ်တဲ့ချိန်မှာ သားကအဖေ့ရဲ့ အတော်ဆုံးတပည့်ပဲတဲ့ ညီမလေးအတွက်က အဖေမရှိနိုင်တော့ သားရဲ့အတော်ဆုံး တပည့်တော့ဖြစ်ပါစေလို့ မှာခဲ့တယ်။

အခုအချိန်မှာ ပြန်စဉ်စားကြည့်တော့ ညီမဖြစ်သူဟာ ကိုယ့်ရဲ့အတော်ဆုံးတပည့် ဖြစ်ခဲ့ပြီးပါပြီ သူလည်းအတော်ပင်ပန်းခဲ့တယ် ကျောင်းတက်နေစဉ်က မသိတာရှိလို့ လာမေးတယ်ဆိုရင် ဘယ်တုံးကမှ ရှင်းပြပြီးသင်ပေးတယ် မရှိခဲ့ဖူးဘူး သင့်လျော်တဲ့စာအုပ် ထပ်ပေးလိုက်တယ် ဘယ်ကနေဘယ်အထိ ဖတ်ကြည့်လိုက်ပြီးမှ မသိသေးရင်ပြန်လာခဲ့ပဲ မသိလိုပြန်လာရင် နောက်ထပ်ဖတ်စရာထပ်ပေးတယ် ဘေးလူအမြင်မှာတော့ အတော်လေးတော့ ရက်စက်ရာကျလိမ့်မယ် အမေနဲ့ဦးလေးအဒေါ်တွေက အမြဲတမ်းအနေနဲ့ ဆူလေ့ရှိတယ် ညီမဖြစ်သူကို မင်းဘယ်တော့မှစာမသင်ဘူး တစိမ်းတွေကိုပဲ မင်းစိတ်ရှည်လက်ရှည် သင်တယ်ပြောတယ် ချော့သင်ရမယ့်လူနဲ့ အဲလိုမလိုအပ်တဲ့လူ ကျွန်တော်ခွဲတတ်ပါတယ်ပဲ အမြဲတမ်းဖြေရတယ် သူအလုပ်မှာ ဘယ်လိုပြဿနာဖြစ်တယ် ဘယ်လိုရှင်းလိုက်တယ်လို့ ပြောပြတာနားထောင်ရင်း အခုအချိန်မှာတော့ သူလည်းကိုယ့်ကို မလိုအပ်တော့ဘူး ကိုယ်လည်းသူ့အတွက် ပူပန်နေစရာလည်း မလိုအပ်တော့ဘူးဆိုတာ သေချာနေပြီးပါပြီ။ တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ကသူ့မွေးနေ့ အဖေဖြစ်သူပေးသွားတဲ့ တာဝန်တွေအကုန်လုံး ပြည့်စုံပြီလို့ယူဆလို့ရတဲ့ နှစ်လည်းဖြစ်တော့ ဘာမှထပ်ပေးစရာတော့ မရှိတော့ပေမယ့် ရုပ်ဝတ္ထုပစ္စည်းတခုကတော့ ဝယ်ပေးရဦးမှာပေါ့လေ။

စာအုပ်အညွှန်းလို့ပြောတယ် ဖတ်ရင်းရေးရင်းနဲ့ ကိုယ့်ခံစားချက်ပါ အတော်များများပါကုန်တော့ စာအုပ်အညွှန်းလို့ ပြောရခက်နေပါပြီ တကယ်တော့ဒီစာအုပ်မှာ သာမန်လူတွေအတွက် ဗဟုသုတရစရာအဖြစ်က Chapter 4 and 5 ဖြစ်လိမ့်မယ် ရသအတွက်ဆိုရင်တော့ တအုပ်လုံးဟာ ပေါင်းပြီးတော့ဖတ်လို့ ကောင်းပါတယ်လို့ပဲ ခြုံပြောရမှာပါ ဒီလိုအဖြစ်အပျက်မျိုး မမြင်ဖူးတဲ့လူတွေအတွက်က သနားစရာလွမ်းစရာ ဇာတ်လမ်းတပုဒ်အဖြစ် ခံစားလို့ရနိုင်ပါတယ် တိုက်ဆိုင်မှုရှိတဲ့ လူတွေအတွက်တော့ လူအပေါ်မူတည်ပြီးတော့ ကွာဟမှု့ရှိလိမ့်မယ် ကိုယ့်ဘဝထဲကထွက်သွားတဲ့ လူတယောက်ကို သတိရမိတယ်ဆိုတာ ဝမ်းနည်းစရာဖြစ်ပေမယ့် သူ့အတွက်ကိုယ်ဘာတွေ တာဝန်ကျေခဲ့ပြီလဲ သူကိုယ့်အတွက် ဘာတွေထားရစ်ခဲ့လဲ ပြန်စဉ်းစားမိလို့ ကိုယ့်မှာနောင်တရစရာ အကြောင်းဘာမှမရှိဘူးဆိုရင် ဝမ်းနည်းစရာမဟုတ်ပါဘူး သူအသက်ရှင်နေရင်လည်း ကိုယ့်ကိုဒီအခြေအနေနဲ့ မြင်နေရရင် သူလည်းဝမ်းနည်းစရာ အကြောင်းမှမရှိတာပဲ တွေးမိလိုက်တော့ ကိုယ်လည်းတကယ် ဝမ်းမနည်းမိပါဘူး လူ့ဘဝမှာအရေးအကြီးဆုံးဟာ နောင်တကင်းကင်းနဲ့ အသက်ဆက်နေဖို့ပဲ သေတယ်ရှင်တယ်ဆိုတာ ဘယ်သူမှလည်း ကြိုပြောပြလို့ရနိုင်တဲ့ အရာမှမဟုတ်တာပဲလေ။

comments powered by Disqus