Calm Hill My Random Thoughts

Almond Butter Cookies

ချက်နည်းပြုတ်နည်း မရေးဖြစ်တာ နည်းနည်းကြာပြီ မချက်ဖြစ်လို့တော့ မဟုတ်ပါဘူး နေ့စဉ်နဲ့အမျှ ချက်ဖြစ်နေတဲ့ ကြက်ဥကို ကြော်လိုက် ပြုတ်လိုက် သုပ်လိုက်ကျတော့ ဘယ်သူမှ ဖတ်ချင်မယ် မဟုတ်ဘူးလေ။ မနေ့ညကတော့ မုန့်ဖုတ်ဖြစ်တယ် လုပ်ဖြစ်ရခြင်း အကြောင်းကလည်း တရုတ်နှစ်ကူးကို လက်ဆောင်ပေးစရာ မုန့်သွားဝယ်တာ ကောင်တာမှာ တန်းစီနေကြတဲ့ လူတန်းကြီးကိုကြည့်ပြီး စိတ်ပျက်လက်ပျက် ပြန်လာရာက အိမ်မှာရှိတဲ့ ကုန်ကြမ်းပစ္စည်းတွေနဲ့ Cookies တွေလုပ်ပြီးပဲ ပေးစရာရှိတဲ့လူတွေကို ပေးလိုက်တော့တယ်။

Almond Butter Cookies

Cookies လုပ်တာက မလုပ်ဖူးလို့သာ ခက်တယ်ထင်ကြတာ အင်မတန်လွယ်တယ် ထောပတ်၊ သကြားနဲ့ ဂျုံမှုန့် ၃ မျိုးရှိရင်ကိုပဲ အလုပ်ဖြစ်တယ်။ အရင်ဆုံး ထောပတ်နဲ့ သကြားကို သမအောင်နယ်ရမယ် နယ်ရလွယ်အောင် မလုပ်ခင်မှာ ထောပတ်ခဲကို Room temperature မှာ ထုတ်ထားရင် ပိုအဆင်ပြေတယ် သကြားကိုလည်း Powdered sugar လိုထည့်ရင် မကြေမချင်းဒုက္ခခံပြီး မွှေစရာလိုဘူး ခဏလောက်ယောက်မနဲ့ နယ်လိုက်ရင်ရတယ် အနံ့လေးပိုပြီး မွှေးချင်တယ်ဆို ဗနီလာလေးပါ နည်းနည်းလောက်ထည့် ဆားလေးနည်းနည်းလည်းထည့် နောက်ဆုံးအနေနဲ့ ဂျုံမှုန့်ကိုထည့် ကြက်ဥအနှစ်လေး ၁ လုံးထည့်ပြီး သမအောင်နယ်ပြီးရင်ရပြီ။ ထည့်ရမယ့် အချိုးအစားတွေကိုတော့ အောက်ဆုံးမှာပြထားတဲ့ စာရင်းမှာကြည့်ပါ။

Almond Butter Cookies

နောက်တဆင့်က Cookies တွေကိုပုံဖော်ရမယ် အချိန်ရရင်တော့ နယ်ထားတဲ့မုန့်တွေကို လောက်စာလုံးသာသာ လောက်လုံးပြီးရင် အပေါ်ကနေဖိပြီးပြားလိုက်ရင် အဝိုင်းလေးတွေရတယ် အဲလောက်အချိန်မရတော့ ဘိုင်ကြံကြံလိုက်တယ် မုန့်တွေကိုလေးဒေါင့်တုံး အရှည်ဖြစ်အောင်လုပ်ပြီး ရေခဲသေတ္တာထဲ ခဏထည့်လိုက်တော့ ထောပတ်ခဲသွားပြီး မာသွားတော့မှ ဓားနဲ့လှီးလိုက်တော့ လေးဒေါင့်လေးတွေရတယ်။ အမြင်လှအောင် ထည့်စရာဘာရှိလဲလိုက်ရှာတော့ ဗာဒံစေ့လေးတွေရှိတယ် ဒါပေမယ့်မုန့်တွေက ခဲပြီးတော့ဓားနဲ့လှီးထားတော့ မုန့်ထဲကိုမြှုတ်လို့မရတော့ ဗာဒံစေ့တွေကို ကြက်ဥအကာလေး နည်းနည်းသုတ်ပြီးတော့ မုန့်ပေါ်မှာကပ်လိုက်တော့ အဆင်ပြေသွားတယ်။ မုန့်ဖုတ်တာက အချိန်သိပ်မကြာဘူး အပူချိန် ၁၈၀ လောက်နဲ့ ၁၀ မိနစ် ၁၅ မိနစ်လောက်ဆို Cookies တွေကျက်ပါပြီ။

Almond Butter Cookies

ပါဝင်ပစ္စည်းစာရင်း

  1. ဂျုံမှုန့် 300 g
  2. ထောပတ် 250 g
  3. သကြား 125 g
  4. ကြက်ဥ ၁ လုံး
  5. ဆား နည်းနည်း
  6. ဗနီလာ နည်းနည်း
  7. ဗာဒံစေ့