Calm Hill My Random Thoughts

စိတ္တဇအတွေးများ (၂)

စိတ္တဇအတွေးတွေကို ဆက်ရေးဖို့က မရေးဖြစ်တာ အတော်ကြာသွားတယ် အစကတော့ ရေးဖို့လွယ်မယ်ထင်ထားတာ စိတ်ထဲပေါ်တာချရေးဆိုပြီး တကယ်တမ်းရေးမယ်ဆိုတော့ စိတ်ထဲပေါ်ခဲ့တဲ့ အဖြစ်အပျက်တွေက ချမမှတ်ထားရင် ပြန်စဉ်းစားလို့မရတာများတယ် ရေးမယ်လုပ်လိုက် ဘာရေးရမှန်း မမှတ်မိလိုက်နဲ့ ဂျာအေးကို သူ့အမေရိုက်နေတာ များလာတော့မှ စိတ်ထဲမှာတခုခု ပေါ်လာတယ်ဆိုရင် အနည်းဆုံးခေါင်းစဉ်တော့ ချမှတ်ထားလိုက်တယ် မှတ်စုစာအုပ်နဲ့ မှတ်ဖို့ကြိုးစားတယ် စာအုပ်မပါလိုက် မေ့သွားလိုက်နဲ့ နောက်ဆုံးတော့ သွားလေရာပါတဲ့ တယ်လီဖုံးထဲမှာ မှတ်ထားမှပဲ အဆင်ပြေတော့တယ်။

ဒီရက်ပိုင်းမှာ မြင်ခဲ့ရတဲ့ အကြောင်းအရာတွေနဲ့ ဆက်စပ်ပြီးတော့ စိတ်ထဲမှာပေါ်လာတာက အသက်သေဆုံးခဲ့ပြီဖြစ်တဲ့ လူတယောက်ရဲ့ နာမည်ပဲဖြစ်ဖြစ် ကျန်ရစ်ခဲ့တဲ့ခန္တာကိုပဲဖြစ်ဖြစ် အကြောင်းပြုပြီးတော့ အများအကျိုးဆိုပြီး ဆင်ခြေအမျိုးမျိုးပြ ကိုယ့်အကျိုးအတွက် သွားလေသူကို အသုံးချတာမျိုးတွေကို အတော်လည်း စိတ်ပျက်မိတယ် မကြာသေးခင်ကပဲ လေတပ်ထဲက လေယာဉ်ပျက်ကျပြီး ဆုံးသွားကြတဲ့ လူ ၃ ယောက်ကို အကြောင်းပြပြီး ရွာထဲထိုးမချတဲ့ သူရဲကောင်းတွေဆိုပြီး လော်လိုက်ကြတာ မတည့်တဲ့လူတွေကလည်း မဟုတ်ပါဘူးဆိုပြီး ကြံဖန်ဖြည်လိုက်ကြနဲ့ ၂ ဘက်လုံးမှာ တူညီတာတခုက သေဆုံးသွားရှာတဲ့ လူ ၃ ယောက်ရဲ့ ဂုဏ်သိက္ခာကို တပြားသားမှ ထည့်မစဉ်းစားပဲ တဘက်လည်း သေသူတွေကို အရင်းပြုပြီးသကာလ ကိုယ့်ဘက်ကို အရောင်တင်တာ တဘက်ကလည်း ဟုတ်နေဦးတော့ အရောင်မတက်ဖို့ရေးက သူတို့အရေးပဲယူဆတာ။

အဲလိုဖြစ်ရပ်တွေက ဒါပထမဆုံးလားဆို မဟုတ်ပြန်ဘူး မကြာခဏကနေ ထင်ထင်ရှားရှား လူတွေအထိရှိတယ် အနီးစပ်ဆုံးဆိုရင် လက်ပံတောင်းမှ ဆန္ဒပြကြရင်းနဲ့ ဒိန်းဆိုပြီးကျည်ထွက်ပြီးတော့ ကံမကောင်းစွာနဲ့ ဆုံးသွားတဲ့ အဒေါ်ကြီးခမျာ အခုအချိန်အထိ ဆုံးသာသွားရှာတယ် အနားမယူနိုင်သေးရှာဘူး ဘာပဲဖြစ်လိုက်ဖြစ်လိုက် သူ့ခမျာအခုအချိန်ထိ ပါနေရရှာသေးတယ်။ မထင်မရှားကနေ ဆုံးပါးသွားမှ အသုံးအချခံရလို့ ထင်ရှားသွားတဲ့ လူတွေရှိသလို ထင်ထင်ရှားရှား ရှိနေတဲ့လူတွေခမျာလည်း မလွတ်ခဲ့ကြပါဘူး ငြိမ်းချမ်းရေး ဗိသုကာဆိုတဲ့ ဦးသန့်ဆိုရင် သေပြီးတဲ့နောက် နောင်တရလို့ရရင် ငါမသေချင်သေးဘူး ခဏဆိုင်းပါရစေ ပြောခဲ့ရှာလိမ့်မယ် စာရင်းထပ်တိုးရင် လူတွေအများကြီး ထပ်ပြီးထည့်လို့ရပါတယ်။ အသေအချာ စဉ်းစားကြည့်မယ်ဆိုရင် ကြောက်စရာသိပ်ကောင်းတယ် ကိုယ့်ကိုအဲလိုအသုံးချမယ့် လူတွေဆိုတာ ကိုယ့်ရဲ့ရန်သူတွေ မဟုတ်ဘူးနော် မသေခင်ကဘေးမှာရှိတဲ့ ချစ်ကြပါတယ်ဆိုတဲ့ လူတွေပဲဖြစ်လိမ့်မယ် ဆုံးသွားပြီဆိုမှတော့ မျက်နှာထောက်စရာ ဂုဏ်သိက္ခာ မကျန်တော့ဘူးပဲ ယူဆရမယ်လို့ တခါတရံ စိတ်ထဲမှာပေါ်တယ်။

နောက်ထပ် အသံအကျယ်ဆုံးက စစ်သင်တန်းမှာ ထိုးကြကန်ကြနဲ့ ထွက်လာတဲ့ ဗွီဒီယိုဖြစ်လိမ့်မယ် အဲဒါကို ကြည့်ဖူးတဲ့လူတိုင်း အံ့ဩလားမေးရင် ဘယ်သူမှ မအံ့ဩပါဘူး အခုတော့မျက်စေ့နဲ့ မြင်ဖူးတာပေါ့လိုပဲ အားလုံးကယူဆကြတာ။ လူအားလုံးက ဟုတ်မှန်းသိနေတဲ့ အရာတခုကို မဟုတ်ပါဘူး ဗြောင်လိမ်တာကို နားထောင်ပေးရတာလောက် စိတ်ဆင်းရဲတာမရှိဘူး မျက်လုံးနဲ့မြင်နေရတော့ ငြင်းလို့မရတော့ တခြားတဘက်ကနေ ဖာကြထေးကြရတယ် Utilitarian Defence ပေါ့လေ ကောင်းတာကဘယ်လို မကောင်းတာက ဘယ်ဟာဆိုပြီး Cost and Benefit Analysis တွေအများကြီး ထွက်လာတယ် အဲလိုဒဏ်ပေးမှ အမိန့်နာခံမှု ဘယ်လိုကောင်းတယ် ထုပေးထောင်းပေးမှ ပိုပြီးတော့ ကျန်းမာသန်စွမ်းတယ်ပေါ့ နည်းနည်း ပိုနပ်တဲ့လူကျတော့ သူများဆီလည်း ကိုယ့်လိုပဲဆိုပြီး ထိုးကန်နေတာလေး လူမရိပ်မိလောက်ဘူးဆိုပြီး အသာလေးဖြုတ်ထားခဲ့ သူများတွေဆီဆို ဘယ်လိုမျိုးအထိ ဒိုက်ထိုးရတယ်ဆိုပြီး တန်းညှိတဲ့လူလည်းညှိပေါ့။

အကျိုးရှိတယ်မရှိဘူးက ငြင်းနေတယ်ဆိုရင် ဘယ်လိုလုပ်ပြီးပြတ်မလဲ သို့ပေမယ့် ကာကွယ်ကြတဲ့ လူတွေဘက်ကတော့ အကျိုးအမြတ် ကောင်းပါတယ်ပဲ အများဆုံးပြောရတာပေါ့ မကောင်းတာ ထည့်ပြောဖို့က သူတို့တာဝန်မှ မဟုတ်တာကိုး။ ပြဿနာက အကျိုးအမြတ်ရှိလို့ လက်ခံလိုက်ရကောင်း လက်ခံလိုက်မယ် ဒါပေမယ့် အမြတ်များလို့ မကောင်းတဲ့ကိစ္စက ကောင်းမလာသလို လူသားမဆန်ဘူးဆိုတာက လူသားဆန်တဲ့ အပြုအမူဖြစ်လာမှ မဟုတ်တာပဲလေ။ ဆေးလိပ်ရောင်းလို့ လူတွေအသက်တိုတယ် အစိုးရအနေနဲ့ ပင်စင်လခကြာကြာ မထောက်ပံ့ရတော့ ပိုမြတ်တဲ့အတွက် ဆေးလိပ်ရောင်းတာ ထောက်ခံသင့်တယ် ဆိုတာမျိုးတွေရယ် ဘိန်းစိုက်တဲ့အတွက် အခြားသီးနှံစိုက်တာထက် အမြတ်များတယ် မိသားစုကို ထောက်ပံ့နိုင်တယ် သားသမီးတွေကို ပညာသင်ပေးနိုင်တယ် ဆိုတာမျိုးတွေရောပေါ့။ အမြတ်များလို့ အခြေအနေရ လက်ခံတာက ကိုယ့်ကိစ္စနဲ့ကိုယ် ဒါပေမယ့် အဲဒါတွေကို ကောင်းတဲ့အချက်က ပိုအရေးကြီးနေလို့ မကောင်းတာတွေကို မျက်လုံးမှိတ်ပေးပါ ထည့်မပြောကြနဲ့ဆိုတဲ့ အချိုးမျိုးတွေနဲ့ရယ်။

ဒီရက်ပိုင်း ပိတ်ရက်ဆိုရင် လူနည်းနည်းစုံသလို စကားပြောဖြစ်ကြရင် ဘာသာရေး ဘက်ရောက်လို့ ဘာသာအယူ အကူးအပြောင်းမှာ တွေ့ကြရတဲ့ လူ့သဘာဝကိုပြောဖြစ်ရင်းနဲ့ အေးကွာလို့.. ဘယ်ဘာသာဝင်ပဲ ဖြစ်ဖြစ်ပါလို့ တခြားဘာသာကနေ ကိုယ့်ဘက်ဆီကို ကူးလာရင်တော့ သူရဲကောင်းပဲ လက်ခုပ်လက်ဝါးတီး ကိုယ်ဘက်က တခြားဘက်တော့ ကူးသွားမယ်မပြင်နဲ့ ချက်ချင်းလက်ငင်း မိစ္ဆာဒိဋ္ဌိဖြစ်တော့တာပဲ တကယ်တမ်းကတော့ အဲဒီဖြစ်ရပ် ၂ ခုကအတူတူပဲလို့ လူတွေရဲ့ စိတ်ကသာ တူနေလျက်နဲ့ ကွာခြားတယ် ယူဆနေတာလို့ ပြောမိလိုက်တော့ ရယ်ကြရသေးတယ်။ တိုက်ဆိုက်ဆိုင်ဆိုင် NLD ရဲ့ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးကော်မတီ ဥက္ကဌဆိုလားက သစ်တောဌာကို သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းပါဆိုမှတော့ ကောက်ရိုးပုံကို နွားစောင့်ခိုင်းသလိုလို့ ပြောထည့်လိုက်မိတော့ သစ်တောတက္ကသိုလ်ကလည်း ဘယ်ငြိမ်ခံနေမလဲ ပါမောက္ခတယောက်က ပညာရှင်ဆိုပြီးတော့ အချက်အလက်နဲ့ ပြန်ချဲတော့တာပဲ။ သိပ်မကြာခင်ကလည်း အဆက်မပြတ် မေတ္တာပို့ခံနေရရှာတဲ့ အင်ဂျင်နီယာအစည်းအရုံးကလည်း နည်းပညာတက္ကသိုလ်တွေ များလွန်းနေတယ်လည်း ပြောမိကြသေးတယ်။

အဲဒီအဖြစ် ၂ ခုလုံးမှာ အဲဒီပညာရှင်ဆိုသူတွေက အရင်တုံးက မပြောရဲပဲ ကိုယ့်လူတက်မယ်လုပ်မှ အသံထွက်နေတာဆိုပြီး ဘေးကလူတွေက ဆွမ်းကြီးဝင်လောင်းကြတာ အသေအချာ စဉ်းစားကြည့်ရင် ပညာရှင်တွေ အရင်တုံးက ကြောက်ရတော့ အသံမထွက်ဘူးဆိုတာ သိပ်မှန်တာပဲလေ ဒါပေမယ့်လို့ ဒီလူတွေဘာမှ မပြောဘူးလို့ ပြောနေကြတဲ့လူတွေလည်း အရင်က ဘာအသံမှ ထွက်လို့မရပါဘူး သူတို့လည်း အတူတူပဲ ကြောက်ကြရတာပါပဲ အခြေအနေ အတူတူပဲကို မတူဘူးလို့ ထင်နေကြတာတခုပါ။ အရင်တုံးက မပြောရဲရင် ဒို့လူတက်လာလည်း ငြိမ်ငြိမ်နေဆိုရင်တော့ အပြောင်းအလဲကို လိုချင်တာမဟုတ်ပဲ ထူးမခြားနား အခြေအနေမှာ ကိုယ်တလှည့် အသာရတဲ့နေရာမှာ ထိုင်နေချင်တာပဲ ဖြစ်နေမှာပေါ့။ ထူးထူးဆန်းဆန်းတော့ မဟုတ်ပါဘူး လူဆိုတာကလည်း ညီတူမျှတူဆိုတာ သိပ်ပြီးတော့ သဘောကျတဲ့ သဘာဝမရှိဘူး နိမ့်တဲ့လူတောင် တန်းတူဆိုတာထက် တလှည့်တော့ မြင့်ပါရစေပဲ လိုချင်ကြသလို မြင့်တဲလူကလည်း နိမ့်ဖို့မပြောနဲ့ တန်းတူအထိကို ဆင်းပေးချင်တယ် မဟုတ်ပါဘူး။

ရောက်တတ်ရာရာ နိုင်ငံရေးကနေ အတွေးတွေကနေ လူစုံတဲ့အခါ စကားတွေများပြီး နည်းပညာဘက်ကို လှည့်လာဖြစ်တယ် မြန်မာ့နည်း မြန်မာ့ဟန်လို့ ပြောလိုက်ရင် လူတွေက ရယ်ကြတယ် တကယ်တော့ ကမ္ဘာ့နည်း ကမ္ဘာ့ဟန်က မြန်မာပြည်မှာ လုံးလုံးလျားလျား လွဲနေတာတွေရှိတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ Software Development Industry မှာ အမျိုးသမီးတွေက အရေအတွက် အချိုးအစားက သိသိသာသာ နည်းလွန်းတော့ အမျိုးသမီးတွေ Industry ထဲရောက်လာအောင် အကူအညီတွေ အမျိုးမျိုးဖန်တီးပေးတာတွေရှိတယ် နောက်ပြီးတော့ Computer Science ကိုလည်း စိတ်ဝင်စားလာနည်းလာလို့ အခြေခံပညာကျောင်းတွေမှာ Motivate လုပ်တဲ့အနေနဲ့ Computer Science ထည့်သင်ဖို့ လုပ်လာတာတွေရှိတော့ အတော်လေးကို Proposal ပြလို့ကောင်းတဲ့ အကြောင်းအရာတွေပေါ့။

အဲဒီစကားလုံးတွေနဲ့ မြန်မာနိုင်ငံမှာလည်း အမျိုးသမီး ပရိုဂရမ်မာတွေ ပိုမိုများလာဖို့ဆိုပြီး စကားလာပြောရင် အတော်ဂွကျတယ် ဒို့ဆီမှာက မိန်းကလေးက များနေပြီးသား မဟုတ်ဘူးလား ပြန်မေးရင် ဘယ်သူမှလက်မခံဘူး ကိုယ်ချင်းတော့စာပါတယ် လက်ခံလိုက်ရင် ရေးထားတဲ့ Proposal ကပျက်ပြီပေါ့ အဲတော့ ထူးချွန်တဲ့ အမျိုးသမီးလို့ ထပ်ပြောကြပြန်ရော။ အဲဒါမြန်မာအမျိုးသမီး ပရိုဂရမ်မာတွေကို အင်မတန်မှ စော်ကားတဲ့စကားလို့ ပြောလို့ရတယ် ကိုယ့်ဆီမှာက Software Development အလုပ်တွေမှာ အများဆုံးလုပ်နေတာက မိန်းကလေးအများစုရယ်ပါ။ အလုပ်တောင်လုပ်နိုင်နေတဲ့ အခြေအနေကလူကို မထူးချွန်ဘူးလို့ ဘယ်လိုမှယူဆလို့မရဘူး ထူးချွန်တယ်ဆိုတာကို Genius လို့ ဆိုလိုချင်ရင်တော့ မြန်မာနိုင်ငံက ရှားရှားပါးပါး ယောက်ျားလေး ပရိုဂရမ်မာတွေလည်း Genius လို့ခေါ်လိုရတဲ့ အခြေအနေ လူတိုင်းမှာမရှိပါဘူး။ သူတို့ဆိုလိုတဲ့ ထူးချွန်တယ်ဆိုတာက အပြကောင်းမယ့် ယောက်ျားတွေနဲ့အပြိုင် အသံကျယ်ကျယ် ပြောနိုင်ရန်ဖြစ်နိုင်မယ့် Celebrity မျိုး လိုချင်ပုံရပါတယ်လို့ပဲ စဉ်းစားလို့ရတယ် ဟုတ်မဟုတ်တော့ သိပ်မသေချာဘူး။

Code for Change ဆိုပြီး ကိုယ့်ဆီမှာလည်း လုပ်တဲ့အခါလုပ်တယ် ဘယ်လိုပြောရမလဲ တနိုင်ငံလုံးက ကွန်ပျူတာတက္ကသိုလ်တွေက နှစ်စဉ်ထွက်လာတဲ့ ဘွဲ့ရအရေအတွက်ဟာ ကိုယ့်နိုင်ငံအတွက် လုံလောက်တဲ့ Software Developer အင်အားကို မဖြည့်ပေးနိုင်ဘူးလို့ ပြောလာခဲ့ရင် ဘယ်လိုမှလက်ခံလို့မရဘူး ကိုယ်ပဲမတွက်တတ်တာဖြစ်မယ် အဲတော့လုပ်ချင်တယ်ဆိုရင် ကလေးပေါက်စတွေကို လိုက်သင်ပြတာထက် မကြာခင်နှစ်အတွင်း ထွက်လာတော့မယ် ဘွဲ့ရလာတော့မယ့် လူတွေတကယ်သုံးလို့ရလာဖို့ အထောက်အကူပြုမယ့် ကိစ္စတွေကိုလုပ်ပေးရင် မြန်မြန်မရနိုင်ဘူးလား ပိုမကောင်းဘူးလားလို့ လူတိုင်းဆရာဝန် ဖြစ်ကုန်တော့လည်း တယောက်တင်ပါး တယောက်လှန်ပြီး ဆေးထိုးပဲနေရရင်လည်း အလုပ်မဖြစ်ဘူးလေ လူတိုင်းပရိုဂရမ်မာ ဖြစ်ကုန်တော့ ကျုပ်တို့ရေးတဲ့ဆော့ဝဲ ဘယ်သူ့သွားရောင်းမလဲ စျေးကွက်ပျက်မှာပေါ့လို့ အကြံပေးတိုင်း မျက်စောင်းအထိုးခံရတယ် စိတ္တဇအတွေးဆိုတော့ နိဂုံးမချုပ်တော့ဘူး ဒီနေရာမှပဲရပ်တော့မယ် မရပ်ရင်လည်း ချောင်းရိုက်ခံရဖို့ပဲ ကျန်တော့တယ်မဟုတ်လား။