Calm Hill My Random Thoughts

သွေး (၁)

မိသားစုအရေအတွက် အတော်လေးနည်းတော့ ညီအကိုမောင်နှမ တဝမ်းကွဲဆိုတာတွေက ငယ်ကတည်းက အရင်းတွေလိုပဲ သတ်မှတ်ထားရတယ် နာမည်တွေကလည်း အဖေဘက်ကဖြစ်ဖြစ် အမေဘက်ကဖြစ်ဖြစ် အတော်လေး ဆင်တူကြတော့ လူတိုင်းက မောင်နှမအရင်းပဲ ထင်ကြတာပေါ့။ သူငယ်ချင်းအများစုက ကိုယ့်ဆွေမျိုးတွေက မန္တလေးမှာပဲလို့ သိကြပေမယ့် တကယ်တမ်းက အဖေဖြစ်သူရဲ့ အစ်ကိုကြီးက ရန်ကုန်မှာနေပြီး အစ်မက မုံရွာမှာနေတယ်။

အဖေမရှိတော့တဲ့ နောက်ပိုင်းမှာ နှစ်ဘယ်လောက်ကြာကြာ မုံရွာအိမ်ကိုရောက်ရင် ဒေါ်ကြီးက ကိုယ့်မြင်တာနဲ့ သူ့မောင်ကို သတိရလို့ဆိုငိုပြန်တယ် ရန်ကုန်အိမ်ရောက်ရင် ဦးကြီးကတော့ ယောက်ျားဆိုတော့ ဘာမှမပြောပေမယ့် သူ့အမျိုးသမီးက ကိုယ်ရောက်တာနဲ့ တတွတ်တွတ်နဲ့ ဘေးနားကမထတော့ဘူး။ မတ်ဆိုပေမယ့်လို့ အဖေတက္ကသိုလ်တက်စဉ်က သူတို့အိမ်ကနေတက်ခဲ့တော့ မောင်အရင်းလို ဖြစ်နေလေတော့ မင်းအဖေရှိတုံးက ဘယ်လိုကွယ်ဆိုပြီး စကားဆုံးတဲ့အခါ မျက်ရည်ကျတတ်ပြန်တယ်။

ကိုယ့်ကိုမြင်လို့လည်း စိတ်မချမ်းမသာ ဖြစ်နေတာမျိုး ဘယ်သူ့ကိုမှ မဖြစ်စေချင်သလို ကိုယ်အတွက်လည်း မေ့နေတာတွေပြန်ပြီး ခဏခဏ သတိမရချင်ဘူးလေ အဲလိုနဲ့ မုံရွာရောက်လည်း အဖေ့အိမ်ကို အမြဲမဝင်ဖြစ်တော့ဘူး။ ရန်ကုန်အိမ်လည်း အတူတူပါပဲ ဦးကြီးအိမ်ကို ၃-၄ ခေါက်မှ ၁ ခေါက်လောက်ပဲ သွားဖြစ်ရင်တောင် ခဏလောက်ပဲ ရောက်တဲ့အခါရောက် ဦးကြီးနဲ့ သူ့အမျိုးသမီးကို ကန်တော့ပြီးတော့ ပြန်လာခဲ့တာများပါတယ်။

ဒီတခေါက်ကတော့ ဦးကြီးရဲ့ သမီးအကြီးဆုံးနဲ့ လှည်းတန်းမှာ မျက်နှာချင်းဆိုင် ဆုံလိုက်မိတော့ သူ့အိမ်ကိုလည်း မသွားလို့မဖြစ်တော့ တနေ့ညက ရောက်သွားဖြစ်တယ်။ မမကြီးက ကိုယ့်ထက် ၁၅ နှစ်လောက် ကြီးပေမယ့် အိမ်ထောင်ကျတာ နောက်ကျတော့ သမီးဖြစ်သူက အတော်ငယ်သေးတယ် ကိုယ့်ကိုသိတာလည်း ဒီတူမတယောက်ပဲ ရှိတာပါလေ ကိုယ်ရောက်တော့ တူမဖြစ်သူက ဆော့စရာအဖော်ရပြီ ကျူရှင်လစ်လို့ ရပြီဆိုပြီးတော့ ပျော်တာပေါ့။

တစ်ညလောက် ဆော့ရတာ အားမရတော့ ဦးလေးဖြစ်သူကို သူ့အဖိုးအိမ်ကို လာခဲ့ဆိုပြီး ပူဆာနေတာနဲ့ လပြည့်နေ့ ရုံးပိတ်ရက်မှာ ဦးကြီးအိမ်ကို ရောက်တယ်။ တိုက်တိုက်ဆိုင်ဆိုင် အစ်ကိုလတ်နဲ့ အငယ်ကလည်း ကျောင်းပိတ်ရက်ဖြစ်တော့ ရန်ကုန်ပြန်ရောက်နေတော့ အစ်ကိုလတ်ရဲ့ သားသမီး ၂ ယောက် အစ်ကိုငယ်ရဲ့ သမီး ၁ ယောက်ရယ် မမကြီးရဲ့ သမီးရယ်ဆိုတော့ လေးယောက်ပေါင်း လောင်းကျော်ပေါ့ ဦးလေးဖြစ်သူကို ကစားစရာ အဖော်အဖြစ်ပဲ သတ်မှတ်ကြပုံပဲ အိမ်ထဲဝင်ကတည်းက ကစားတဲ့နေရာ ဆွဲခေါ်သွားကြတာ တော်တော်နဲ့ ပြန်မလွှတ်ကြတော့ဘူး။

တူတူမတွေလုပ်တာနဲ့ ဦးကြီးရဲ့ အမျိုးသမီးလည်း ကိုယ့်မြင်တော့ ထုံးစံအတိုင်း ရှေးဟောင်းနှောင်းဖြစ်တွေ ပြောပြောပြီးတော့ မငိုနိုင်တော့ဘူး အဲဒါတောင် မင်းအဖေလည်း ဒီလိုပဲ ငါ့သားသမီး ၃ ယောက်ကို ထိမ်းခဲ့ရတာပဲ လုပ်နေသေးတယ်။ တကယ်တမ်းက မမကြီးရဲ့သမီးကလွဲရင် ကျန်တဲ့ ၃ ယောက်က ကိုယ်ထွက်သွားပြီး နောက်ပိုင်းမှ မွေးကြတာဆိုတော့ တခါမှမမြင်ဖူးပါဘူး မတွေ့ဖူးပေမယ့် ရန်ကုန်ရောက်တိုင်း သူတို့အတွက် မုန့်ထားသွားလေ့ရှိလို့သာ ကိုယ့်ဆိုတာက နာမည်တော့ကြားဖူးကြပြီး အခုမှမြင်ဖူးကြတာ။

ဦးကြီးကတော့ ပြောရှာပါတယ် မင်းရဲ့အကိုငယ့် သမီးလေးက တစိမ်းဆိုရင် ခေါ်လို့မရဘူးကွ မင်းကိုတော့ တစိမ်းမဟုတ်ဘူးလို့ သိများသိသလား သွေးဆိုတာလည်း ရှင်းပြရအခက်သားပဲတဲ့။ ကိုယ့်ကိုမကြောက်ပေမယ့် နည်းနည်းဂွကျတာက အကြီးတွေက ဦးဦးခေါ်တာက မထောင်းသာပေမယ့် အဲဒီအငယ်ဆုံးလေးက ဘဘလေးလို့ခေါ်တာပဲ ဦးဦးလောက်တော့ လုပ်ပါကွယ်ဆိုလည်း ဘယ်လိုမှပြောလို့မရဘူး။ ညနေစောင်းခါနီးတော့မှ အလုပ်ပေါ်လာတာနဲ့ ရုံးကိုပြန်လာခဲ့တယ် ကိုယ်လာလို့ စိတ်အနှောက်အယှက် မဖြစ်ဘူးဆိုရင်တော့ မပြန်ခင်တော့ သွားဖြစ်ဦးမယ် ထင်ပါတယ် တခါတယံတော့လည်း ဆွေမျိုးအရိပ်က အေးချမ်းပါတယ်။

comments powered by Disqus