Calm Hill My Random Thoughts

Kata and Self-Improvement

အရင်ကတော့ ခရီးသွားတယ်ဆိုတာ ခွင့်ယူပြီးတော့ အိမ်ပြန်ချင်ပြန် ကိုယ်သွားချင်တဲ့ နေရာသွားနဲ့ အနားယူတာ ဖြစ်ပေမယ့် အခုနောက်ပိုင်းမှာ အလုပ်ကိစ္စနဲ့ ခရီးသွားရတာတွေ အတော်ကိုများလာတယ် အလုပ်ကိစ္စနဲ့ဆိုတော့ စိတ်သွားတိုင်း ကိုယ်မပါတော့ဘူး အဆိုးဆုံးက Aikido သင်တန်း ပျက်တာအတော်ကို များလာခဲ့တယ် စင်္ကာပူမှာပြန်ရောက်နေရင် သင်တန်းကို ရောက်ဖြစ်ပေမယ့် ရန်ကုန်မှာက ကိုယ်နဲ့ အဆက်အစပ်ရှိတဲ့ သင်တန်းတွေက ပိတ်ကုန်တာရယ် အလုပ်ချိန်ရယ်နဲ့ အဆင်မပြေတာများတော့ ၁ လနား ၁ လသွားနဲ့ ကြာလာတော့လူက အတော်လေးကို အလေ့အကျင့် ပျက်လာတယ်။ ဆရာလို့ပြောလို့ရတဲ့ စီနီယာတယောက်နဲ့ စကားစပ်မိတော့ မင်းခရီးသွားရတာ ၁ နှစ် ၂ နှစ်ပဲရှိသေးတယ် ငါခရီးထွက်နေရတာ ၁၅ နှစ်ကျော်ပြီနော်တဲ့ နောက်ပြီးတော့ မင်းက Beginner မဟုတ်ဘူး Beginning အဆင့်လည်း မဟုတ်ဘူးဆိုတော့ ကိုယ့်ဟာကိုယ်ပဲ နည်းလမ်းရှာပေါ့လို့ သတိပေးလာတယ်။

စင်္ကာပူရုံးမှာနေရင်သာ အလုပ်တွေက လုပ်စရာပိုများတတ်ပြီး အပြန်နောက်ကျတတ်တာ ခရီးထွက်နေရင် ရုံးအလုပ်ပြီးရင် အလုပ်ရှိတာ မဟုတ်တော့ ညပိုင်းကစာဖတ်လိုက် Download လုပ်လာတဲ့ ရုပ်ရှင်တွေကြည့်လိုက်နဲ့ အချိန်ဖြုန်းရတယ် ရှာရင်းဖွေရင်းနဲ့ Karate မှာ Kata တွေက လှုပ်ရှားမှုတွေကို Bunkai အနေနဲ့ပြပြီး တခြားသော ကိုယ်ခံပညာတွေက လှုပ်ရှားမှုတွေနဲ့ ထပ်တူညီတာတွေကိုပြပြီး Kata တွေ အရေးပါတာကို နမူနာပြတာကို ကြည့်ဖြစ်တယ်။ Karate Kata တွေကို လေ့ကျင့်လို့ အဲဒါတွေ လုပ်နိုင်ပါတယ်လို့တော့ ကိုယ့်အနေနဲ့က ဘယ်လိုမှလက်မခံပါဘူး ဒါပေမယ့် Kata တွေကို လေ့ကျင့်ရခြင်း အကြောင်းကတော့ ခေါင်းထဲရောက်လာတယ်။ Aikido မှာ Kata ဆိုတာမျိုးမရှိဘူး ဒါပေမယ့် အားလုံးတော့ မဆိုလိုပါဘူး Tomiki နဲ့ Yoshinkan Style မှာတော့ သင်ရတာလွယ်ဖို့ ရည်ရွယ်ထားတဲ့ အခြေခံကျတဲ့ လှုပ်ရှားမှုတွေအတွက် Kata တွေတော့ရှိတယ်။

Kata တွေရဲ့ အခြေခံအကျဆုံးဟာ Imagination ပဲ လှုပ်ရှားမှု့အားလုံးဟာ တိုက်ခိုက်လာမယ့်လူရဲ့ အန္တရာယ်ပြုလာမယ် အနေအထား အမျိုးမျိုးအပေါ် မူတည်ပြီးတော့ သင့်လျော်တဲ့ ခုခံတာပဲဖြစ်ဖြစ် တုန့်ပြန်တာပဲဖြစ်ဖြစ် ဘာလုပ်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ကို နားလည်ရလိမ့်မယ် Imagination မပါဘူးဆိုရင်တော့ Kata ဟာ နည်းနည်းလောက် ပိုပင်ပန်းတာနဲ့ ချွေးထွက်တာကလွဲရင် အကသင်တာနဲ့ ဘာမှမထူးပါဘူး။ အသေအချာ သုံးသပ်ကြည့်ရင် Karate Kata တွေရဲ့ Bunkai တွေကို ဖော်ထုတ်ရတာဟာ Reverse Engineering ဖြစ်နေတယ် တချို့ Kata တွေရဲ့ သက်တမ်းဟာ ရာဂဏန်းအထိ ရှိနိုင်တဲ့အတွက် ဘယ်သူကမှမူရင်း Bunkai ကို အတိကျသိတယ်လို့ မရှိတော့တဲ့ အခြေအနေရှိတယ် အဲဒီအတွက် ဘယ်သူ့ရဲ့ Bunkai ဟာအမှန်လို့ ဘယ်သူမှပြောလို့မရဘူး။

Imagination ဟာ အရေးအကြီးဆုံးဆိုပြီး စဉ်းစားလိုက်မိတော့ ကိုယ့်အတွက်က Reverse Engineering လုပ်စရာမလိုဘူး တယောက်ထဲ အဆင်ပြေမယ့် Kata တွေဟာ သူ့အလိုလို ရှိပြီးသားဆိုတာ သဘောပေါက်လာတယ် Imagination ကိုပဲ ကိုယ်တိုင်ဖန်တီးရမယ်။ အချိန်မရှိဘူးလို့ ဆင်ခြေပေးလို့မရအောင် မနက်စောစောထတယ် ကုတင်ခြေရင်းက ထိုင်ခုံတွေတီဗီတွေကို နည်းနည်းရှင်းလိုက်တော့ အကျယ် ၅ ပေလောက်နဲ့ နေရာအလွတ်ရတယ် သွေးပူသွားအောင် အကြောလေးလျှော့ ပြီးရင်တော့ အလွယ်ရှင်းပြရရင် Imagination ဆိုတာက စိတ်ကူးယဉ်ဖို့ပဲလိုတယ်။ မျက်လုံးကိုမှိတ် ကိုယ့်ပတ်ဝန်းကျင်မှာ ရန်သူဘယ်နှစ်ယောက် အကွာအဝေးဘယ်လောက် စိတ်နဲ့ဖန်တီးပြီးတော့ လှုပ်ရှားလို့ရတယ် ကိုယ်လှုပ်ရှားသမျှဟာ Bunkai ဆိုပြီး လိုက်ရှာစရာမလိုတဲ့ ကိုယ်ပိုင် Kata တွေ ရလာပါလိမ့်မယ်။

သာမန်အားဖြင့် Dojo ထဲမှာ ကစားသလို လူ ၂ ယောက်ပဲလို့ ယူဆလိုက်ရင်လည်း အခြေခံနည်းစနစ်တွေကို စိတ်နဲ့မြင်ယောင်ပြီး အချိန်ယူပြီးတော့ ကစားလို့ရတယ် ကိုယ်စမ်းသပ်ချင်တဲ့ နည်းစနစ်အသစ်တွေကိုလည်း စမ်းသပ်ပြီးတော့ စဉ်းစားလို့ရတယ်။ ၂ ယောက်လို့ စိတ်မှာယူဆရင်တော့ ကိုယ့်ကိုတိုက်ခိုက်မယ့် လူအဖြစ်ပါကိုယ်တိုင် လုပ်ကြည့်ဖို့လိုတယ် အဲဒါကနည်းနည်းခက်တယ် သာမန်အားဖြင့် လူ ၂ ယောက်ဆိုရင် တဘက်လူက ထိမ်းပေးထားနိုင်ပေမယ့် ၁ ယောက်ထဲမှာက Imagination နဲ့ရယ်နဲ့ ကြမ်းပေါ်မှဖြစ်တဲ့အတွက် အခန့်မသင့်ရင် ဒဏ်ရာရနိုင်တဲ့အတွက် အန္တရာယ်မရှိဖို့အတွက် Flexibility ဟာ အရမ်းအရေးပါတယ် အတော်လေးသတိထားရတယ်။ Aiki Toho Iai တွေ မေ့သလောက်ဖြစ်နေတယ် ဓားမရှိဘူးဆိုပြီး မယူဆတော့ဘူး လက်ထဲမှာ ဓားပါတယ် ယူဆပြီးပြန်ပြီးတော့ ကစားဖြစ်လာတယ်။

Imagination ဆိုပြီးတော့ ၁ ယောက်ထဲ အမြဲတမ်းတော့ စိတ်ကူးယဉ်ပြီး နေလို့မဖြစ်ဘူးပေါ့လေ ကိုယ်စဉ်းစားထားတာတွေကို ကစားဖော်ရှိတဲ့အခါတော့ လက်တွေမှာ ဖြစ်နိုင်မဖြစ်နိုင် ပြန်ပြီးတော့ သုံးသပ်ဖို့တော့လိုမှာပေါ့ Iai တွေလည်း ထိုနည်းတူစွာပဲ လက်ထဲမှာ ဓားပါတယ်မပါဘူးဟာ တကယ်တမ်းက အတော်ကွာခြားတဲ့ကိစ္စပါ စိတ်ကူးနဲ့လက်တွေ့ သိပ်ပြီးတော့ ကွာခြားသွားရင်လည်း အလုပ်သိပ်မဖြစ်လှဘူး။ စာသင်ခန်းထဲက ကျောက်သင်ပုံးမှာ ပရိုဂရမ်ချရေးပြီး စာသင်ခဲ့ရသလိုပေါ့ စဉ်းစားလို့ရသမျှ ဗလာစာအုပ်ထဲမှာ ချရေးထားပြီးတော့ အိမ်ရောက်မှ ကွန်ပျူတာထဲမှာ မှန်လားမမှန်လား စမ်းကြည့်ရသလိုပဲ အခုတော့ စိတ်ကူးနဲ့ပြင်ဆင်ထား Dojo ရောက်တဲ့အခါ ပြန်ပြီးတော့မှ တခြားလူတွေရဲ့ အမြင်တွေနဲ့ သုံးသပ်ရမှာပေါ့လေ။