Calm Hill My Random Thoughts

ကျောင်းတော်ကြီးသို့အလွမ်း (၁၃)

တခါတရံတော့ အပူအပင်ကင်းတဲ့ ကျောင်းသားဘဝကို သတိရမိပြန်တယ် အချုပ်အနှောင်တွေနဲ့ ကျောင်းတက်ခဲ့ရတဲ့ ကျောင်းသားဘဝမှာ သူငယ်ချင်းတစု စုပေါင်းပြီးတော့ မကြောက်မရွံ့နဲ့ The Dahattaw Times ဆိုပြီးတော့ နာမည်တခုနဲ့ ဂျာနယ်ထုတ်ခဲ့ဖူးတယ် ဘာရယ်မဟုတ်ဘူး ကျောင်းမှာဖြစ်နေတဲ့ သတင်းတွေရယ် ဆောင်းပါးတွေ ကဗျာတွေ ကာတွန်းတွေ ကျောင်းသတင်းစာလေး တခုရယ်ပါ။ တကြိမ်ပဲ ရောင်းခဲ့ရလိုက်ပြီးတော့ ဒုတိယအကြိမ်မြောက် မရောင်းရခင်မှာ ပါမောက္ခချုပ်ရဲ့ ရုံးခန်းရောက်ပြီးတော့ မလုပ်တော့ပါဘူးဆိုပြီး ခံဝန်ကတိတွေလည်း အကြိမ်ကြိမ်ထိုးရတာပေါ့ အဖမ်းခံရမှာစိုးလို့ ထွက်မပြေးပါဘူး အဲဒီစာရင်းထဲက သူငယ်ချင်းများဟာ ကိုယ့်အတွက်တော့ ထာဝရသူငယ်ချင်းတွေပဲ။ ချစ်လှစွာသော ပါမောက္ခချုပ်က ခံဝန်စာရင်းကိုလည်း ထောက်လှမ်းရေးကို ပေးလိုက်သေးတာပါ သို့ပေမယ့်လည်း လာဖမ်းတာတော့ မခံလိုက်ရပါဘူးလေ။

အဲ့ဒီသတင်းစာမှာ အယ်ဒီတာလုပ်ခဲ့တဲ့ သူငယ်ချင်းကို ဆုံတဲ့အခါတိုင်း စကားစပ်မိလာရင် ပထမအကြိမ်ထုတ်ခဲ့တာလေး ရှာလို့တွေ့ရင်ပေးဦးလို့ ကြုံတိုင်းတောင်းရတယ် သူငယ်ချင်းကလည်း ငါလည်းအမှတ်တရ သိမ်းထားချင်လို့ ပြန်ရှာပါဦးမယ်ဆိုပြီး နှစ်အတော်ကြာလာပြီး ပြန်ရှာလို့တွေ့ပြီဆိုပြီး မှတ်မှတ်ရရ အီးမေးနဲ့ပို့လိုက်တာတွေ့တော့ အတော်ပျော်မိတယ်။ ပြန်ဖတ်ကြည့်တယ် တချို့သော ကလောင် နာမည်တွေကို ဘယ်သူတွေမှန်း မမှတ်မိတော့ဘူး သိခဲ့ရင်လည်း ထုတ်ပြောဖို့လည်း အစီအစဉ်မရှိပါဘူးလေ။ ကိုယ်ဘွဲ့ကြိုကျောင်းသား ဘဝလောက်က ရေးခဲ့တဲ့စာတွေ ပြန်ဖတ်ကြည့်ဖြစ်တယ် အခုအချိန် စိတ်အနေအထားနဲ့ စိတ်တိုင်းကျ မဟုတ်ပေမယ့် ကိုယ့်ကိုကိုယ်သိပ်ပြီးတော့ ပြောင်းလဲသွားတယ် မခံစားမိတော့ ကိုယ့်ရဲ့စိတ်သက်က ကြီးမလာခဲ့တာလား တချိန်ကတည်းက ရင့်ရော်နေခဲ့တာလား သံသယတော့ဖြစ်မိပါတယ်။

ပျောက်ပျက်မသွားအောင် Archive အသေအချာလုပ်ထားတယ် အမှတ်တရအဖြစ် ဖတ်ချင်တဲ့လူ ဖတ်လို့ရအောင် Scribd မှာလည်း တင်ထားလိုက်တယ်။ ၁ စောင်ကို ၂၀၀ နဲ့ ရောင်းခဲ့ဖူးပေမယ့် အခုတော့အလကား ဖတ်လို့ရနေပါပြီ။

comments powered by Disqus