Calm Hill My Random Thoughts

ကျွန်ုပ်နှင့် စာပဒေသာ

တခါတခါကိုယ့်ကို ဘာစာဖတ်လဲမေးရင် အတော်ဖြေရခက်တယ် မကြာခဏလည်း အမေးခံရပါတယ် မေးတဲ့အခါတိုင်း အစုံဖတ်တယ်လို့ပဲ ဖြေလိုက်မိတာများတယ်။ တုတ်ကွေးမိနေလို့ အပြင်လည်းမထွက်ဖြစ်တော့ ရောက်တတ်ရာရာ ငယ်စဉ်ကနေ ဘယ်လိုစာပေ အမျိုးအစားတွေ ဖတ်ခဲ့ဖူးသလဲ စဉ်းစားမိတယ် ဘဝမှာပထမဆုံး ဖတ်ခဲ့ဖူးတာတွေက ရသစာပေတွေပဲ မောင်ဝဏ္ဏရဲ့ သမိန်ပေါသွပ်၊ တင်အောင်နီရဲ့ ပြာဂလောင် ပြာလချောင် သော်ကရဲ့ ဦးအောင်ဇေယျ အောင်သပြေနဲ့ အောင်ချမ်းသာ၊ ပိုးဇာရဲ့ မောင်မောင်ဇာဆိုတာတွေက ကိုယ့်အတွက် ပထမဆုံးဖတ်ခဲ့ဖူးတဲ့ ရသစာပေတွေပဲ စာအုပ်ဆိုင်မှာ ၅ အုပ်လောက် မတ်တပ်ရပ်ဖတ် ၁ အုပ်လောက် အိမ်ငှားပြီးပြန်တာပေါ့။ ၆ တန်းလောက်မှာ ရွှေဥဒေါင်းတို့ ဒဂုံရွှေမြားတို့ သော်တာဆွေတို့ကို အဖေ့ရဲ့စီနီယာ ဘဘကြီးအိမ်မှာ သွားသွားဖတ်တယ် အဲဒီအချိန်က အခုခေတ်လို စာအုပ်တွေက ပြန်မရိုက်တဲ့အတွက် အဲဒီစာအုပ်တွေဆိုတာ အတော်ကိုရှားတယ်။ ၇-၈ တန်းလောက်ကျ အဖေ့သူငယ်ချင်း တယောက်ဆီက ဘီလူးမီးဓားသိုင်းနဲ့ ဧကရာဇ်ဓား ၉ ကွက်ကို အစပြုပြီး သိုင်းလောကထဲကို ခြေစုံပစ်ဝင်ခဲ့လိုက်တယ် အခုလည်းပြန်ဖတ်တဲ့အခါ ဖတ်ဖြစ်ပါသေးတယ်။ နောက်ပိုင်းတော့ ဘာသာပြန်တွေ သိပ်မဖတ်ဖြစ်တော့ဘူး ဖတ်ချင်စိတ်ရှိရင်တော့ သမိုင်းနောက်ခံပါတဲ့ မူရင်းဝတ္ထုတွေပဲ ရံဖန်ရံခါဆိုသလို ဖတ်တဲ့အခါလည်း ဖတ်ပါသေးတယ်။

ဖတ်ခဲ့ဖူးတဲ့ ရသစာပေတွေနဲ့ ပတ်သက်ပြီးတော့ ကိုယ့်ကိုဘယ်သူတွေ ဘယ်လိုလမ်းညွှန်ခဲ့သလဲ ပြန်စဉ်းစားကြည့်တော့ တကယ်တော့ သိပ်များများစားစား ရှိတယ်လို့ပြောလို့မရဘူး ကာတွန်းစာအုပ်တွေ အငမ်းမရ ဖတ်နေတုံးကလည်း အဖေဖြစ်သူက တားလည်းမတားပါဘူး ဖတ်လို့လည်း မပြောပါဘူး ဒီအတိုင်းကြည့်နေတာပဲ ဘာဖတ်ဖတ် နေပလေ့စေဆိုပြီး သဘောထားပုံရတယ်။ ခေတ်ဟောင်းဝတ္ထုတွေ သွားသွားဖတ်ရတဲ့အိမ်က အန်ကယ်ကြီးကတော့ စာအုပ်တအုပ်မပေးခင် ဒီစာအုပ်မှာ ဘယ်စာရေးဆရာကတော့ ဘယ်လိုအရေးအသားနဲ့ ရေးထားတာဆိုပြီး အရင်ရှင်းပြပြီးမှ ပေးလေ့ရှိတယ်။ တခါကတော့ သူမေးပါတယ် သော်တာဆွေနဲ့ ရွှေဥဒေါင်းဘယ်ဟာ ပိုကောင်းလဲကွဆိုတော့ အတူတူပဲဘဘရဲ့ သိပ်မကွာဘူးလို့ ဖြေလိုက်တော့ အေးကွာ သမိန်ပေါသွပ်နဲ့ ဆိုရင်ရောဆိုတော့ ကျနော်အဲဒါတော့ ပိုကြိုက်တယ်ဘဘဆိုတော့ နောက်မမေးတော့ဘူး တကယ်ပါ ကိုယ်ကလည်း ရသတို့အနုပညာတို့ အင်မတန်အားနည်းတယ် ရွှေဥဒေါင်းဟာ သမိန်ပေါသွပ်ထက် ပိုကောင်းတယ် ပိုပြီးဖတ်သင့်တယ်လို့ အခုအချိန်အထိလည်း လက်ခံလို့မရဘူး။ သိုင်းလောကထဲပို့ခဲ့တဲ့ အဖေ့သူငယ်ချင်းက မင်းဝတ္ထုတွေ အများကြီးဖတ်ပြီးပြီကွာ မင်းအတွက် ဘာအကျိုးရှိလဲမေးတော့ ကျနော်စာလုပ်စရာ မလိုတဲ့အချိန် အပျင်းပြေတယ် အန်ကယ်ဆိုတော့ ဒါပဲလားမေးတော့ အင်း ထပ်ပြောရရင် လူဆိုးတွေက တချိန်ကျရင်ရှုံးသွားပြီး လူကောင်းတွေ ပြန်ပြီးတော့ အနိုင်ရတယ်ဗျ ဖြေလိုက်ကတည်းက သူလည်းမမေးတော့ဘူး။

သုတစာပေနဲ့ ပတ်သက်ရင်တော့ ပထမဆုံးဖတ်ဖူးတာ စွယ်စုံကျမ်းတွေဖြစ်မယ် ကျောင်းကသမိုင်းထဲမှာ ဖဆပလခေတ်မှာ စွယ်စုံကျမ်းတွေ ရိုက်နှိပ်ခဲ့တယ်ဆိုတာ သင်ရတော့ စွယ်စုံကျမ်းဆိုတာ ဘာလဲဆရာမဆိုတော့ ဆရာမလည်း လယ်တယ်ပူတယ်ရယ် အိမ်ရောက်မှမေးကြည့်တော့ အဖေဖြစ်သူက ခေတ်ဟောင်းဝတ္ထုတွေရှိတဲ့ ဘဘကြီးအိမ်ခေါ်သွားပြီး သူ့ရဲ့စာကြည့်တိုက်က စွယ်စုံကျမ်းတွေကိုပြတယ် စကားလုံးက ဘယ်လိုစီထားတယ် ဘယ်လိုရှာဖတ် သင်ပေးပြီးတော့ မင်းသိချင်တာရှိရင် ဒီမှာလာရှာဖတ် ဒီအထဲမပါတော့မှ ငါတို့ကိုမေးလို့ပြောကြတယ်။ စွယ်စုံကျမ်းအားကိုးနဲ့ ချောကလက်ဆိုတာ အပင်ကရတာဗျဆိုပြီး ဆရာမနဲ့ပြိုင်ငြင်းမိရတာ မချေမငံပြောတဲ့အမှု့နဲ့ ကျောင်းအုပ်ကြီး ရုံးခန်းရောက်လို့ အဖေလိုက်ရှင်းရဖူးတယ်။ နောက်တော့အဖေလည်း သုတေသနဌာနတခုကို ပြောင်းသွားလို့လိုက်သွား အဲဒီမှာက စာကြည့်တိုက်ကြီးတွေရှိတယ် ဒါပေမယ့် ကိုယ်ဖတ်တတ်တဲ့ စာအုပ်တွေက ရွှေသွေးပေါင်းချုပ်နဲ့ စွယ်စုံကျမ်းတွေလောက်ရှိတာပါ အဲဒီမှာတော့ မြန်မာစွယ်စုံကျမ်းအပြင် Britannica တွေပါရှိတယ် အဲဒီမှာတော့ လုံးစေ့ပတ်စေ့ နားလည်လည် မလည်လည် အင်္ဂလိပ်လို ရမ်းသမ်းဖတ်တဲ့ အကျင့်ရသွားတယ်။ နောက်တော့ ပေါက်ကရပဲပြောပြော အကုန်ဖတ်တယ် သမိုင်းလည်းဖတ် အတ္ထုပ္ပတ္တိလည်းဖတ် ဗေဒင်နဲ့ဆေးကျမ်းလည်းဖတ် သမ္မာကျမ်းစာလည်း မကျန်ဘူးဖတ်ပါတယ်။

သုတစာပေနဲ့ ပတ်သက်ရင်တော့ မိဘတွေဆီကရယ် ကိုယ်နဲ့ပတ်သက်တဲ့ အသိုင်းအဝိုင်းဆီက အတော်ကို အကူအညီရတယ် မှတ်မှတ်ရရအနေနဲ့ ဖြစ်နေတာတခုက သုတအနေနဲ့ ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာနဲ့ ပတ်သက်တဲ့ စာအုပ်စာတမ်းတွေကို ဖတ်ဖို့အတွက် လမ်းညွှန်တာကို ပေးခဲ့တာက ကရာတေးသင်ပေးတဲ့ ဆရာကြီးဖြစ်လိမ့်မယ် သိုင်းဆရာကြီးဆီက စာဖတ်ဖို့အတွက် အကြံပေးတယ်ဆိုတော့ လူတွေက ရယ်ကောင်းရယ်လိမ့်မယ်။ ကိုယ်ကလည်း အမေးအမြန်းထူတယ် သင်တန်းကို အစောကြီးလာတယ် လုပ်စရာရှိတာလုပ်ပြီးရင် ဆရာကြီးကို သိချင်တာတွေမေး ခါးပတ်ပေါ်က စကားလုံးတွေက ဘာအဓိပ္ပာယ်လဲတို့ ကြံဖန်မေးတယ် တခြားဆရာတွေက တခါခါအားနာတော့ ဆရာကြီးကို ပေါက်ကရတွေ သွားသွားမမေးနဲ့ ပြောတတ်ပေမယ့် ဆရာကြီးကတော့ဖြေတယ် ဘယ်တုံးကမှ ဆူမလွှတ်ဘူး မအားတဲ့အခါတောင် ဘယ်တော့မှ ပြန်လာမေးပဲ ပြောတတ်တယ်။ တရက်တော့ မင်းက ဝီစိကိစ္ဆာသိပ်များတာပဲ သိချင်တာတွေများလွန်းတော့ မင်းဘယ်လို လေ့လာလဲမေးတယ် ကျနော်ကတော့ ကိုယ်သိချင်တဲ့ အကြောင်းအရာနဲ့ ပတ်သက်တဲ့ စာအုပ်စာတမ်းတွေ ရှာဖတ်တာပေါ့ ဆရာရယ်ဆိုတော့ အေး.. ဥပမာအနေနဲ့ ကရာတေးနဲ့ ပတ်သက်ပြီးတော့ မင်းသိချင်တယ် လေ့လာချင်တယ်ဆိုပါစို့ တကယ်လည်း မင်းလုပ်နေတာပဲ မဟုတ်လားတဲ့ မင်းဖတ်ဖူးတဲ့စာအုပ်တွေ ငါ့ကိုပြောကွာဆိုပြီး မေးတော့တယ်။

ကိုယ်ဖတ်ဖူးတဲ့ မြန်မာလိုစာအုပ်တွေ အင်္ဂလိပ်လိုရေးတဲ့ စာအုပ်တွေပြောပြတော့ ဒါဆိုရင် အဲဒါတွေကိုရေးတဲ့ စာရေးဆရာတွေ အကြောင်းကို ငါ့ကိုပြောကွာဆိုတော့ ကိုယ်လည်း သိလောက်ပြောပြ ဘယ်သူကဖြင့် ဘယ်အသင်းက သူ့ဆရာကဘယ်သူပေါ့ ဒါပေမယ့် တချို့စာရေးဆရာတွေတော့ ကိုယ်လည်းမသိဘူး သူဆက်မေးတယ် အဲဒီစာအုပ်တွေမှာ နောက်ထပ်ဘာဆက်ပြီး ဖတ်ရမယ်ဆိုတဲ့ သဲလွန်စတွေ့လားမေးတော့ ကိုယ်လည်းဆက်ပြီး မဖြေနိုင်တော့ဘူး။ ပညာရပ်တခုကို လေ့လာမယ်ဆိုရင် အရင်ဆုံးတော့ ဘယ်သူတွေက အရေးပါတယ် စသည်ဖြင့်တော့ သမိုင်းကြောင်းကို အရင်သိရတယ် အဲဒီပညာရပ်အကြောင်း စာရေးတဲ့လူတွေဟာ ဒီပညာရပ်မှာ ဘယ်လောက်အရေးပါလဲ သိပြီးမှပဲ ကနဦးအနေနဲ့ ဖတ်သင့်မဖတ်သင့် အရင်ကြည့်ရမယ် ကြားဖူးနားဝနဲ့ ရေးတာဖတ်ရင် ငါးပါးမှောက်မယ်တဲ့ မင်းကတော့ ရေးတဲ့လူတွေအကြောင်း ဖြေနိုင်တယ်ဆိုတော့ ဒီကိစ္စအတွက် အကြံပေးစရာ သိပ်မလိုဘူးဆိုတဲ့ အခြေအနေတော့ရှိတယ် နောက်တချက်က ပညာရပ်ဆိုင်ရာ စာအုပ်ဆိုတာက မူရင်းဆိုတဲ့လူတောင်မှ အကိုးအကားဆိုတာ ပါရတယ်ကွယ်တဲ့ မပါဘူးဆိုရင် ပထမအချက်က ကိုယ်တနေရာရာက ကြားခဲ့ဖူးတာကို ဘယ်ကဆိုတာမပြောပဲ ကိုယ်ပိုင်လိုလိုလုပ်ထားတော့ ခိုးထားတာလို့ ပြောရမှာပေါ့တဲ့ နောက်တချက်က အဲလိုချန်ထားတာဟာ စာဖတ်တဲ့လူကို သတ်တာနဲ့ အတူတူပဲကွတဲ့ ဘယ်ကလာတဲ့ စာမှန်းမသိတော့ ဘာဆက်ဖတ်ရမှန်း မသိတော့ဘူးကွတဲ့ အဲဒီတော့ ကိုးကားတာပဲဖြစ်ဖြစ် ဘာသာပဲပြန်ပြန် မှီးပဲရေးချင်ရေး မူရင်းဘယ်ကလို့မှ မသိရပဲနဲ့ ထိန်ချန်ထားတဲ့ စာတွေဆိုရင် မင်းမဖတ်လေနဲ့လို့ အကြံပေးတယ်။ ဆရာကြီးသင်ပေးတဲ့ ကရာတေးကတော့ အားလုံးမေ့ကုန်ပါပြီ အဆုံးအမတော့မမေ့ပါဘူး အခုအချိန်အထိ သုတနဲ့ပတ်သက်လို့ ဘာပဲလေ့လာလေ့လာ အသုံးကျနေဆဲပါပဲ။

Don't blindly follow in the footsteps of the old masters, but rather seek what they sought. - Matsuo Basho

အခုနောက်ပိုင်းတော့ ဘဝဒဿန နိုင်ငံရေးဒဿန ဘာသာရေးဒဿနတွေနဲ့ ပတ်သက်တဲ့ စာအုပ်အမျိုးအစားတွေပဲ အများဆုံးအနေနဲ့ ဖတ်ဖြစ်တာများတော့တယ်။ ကိုယ်မကျွမ်းကျင်နဲ့ နယ်ပယ်တွေဖြစ်လေတော့ ဆရာကြီးဆုံးမခဲ့သလို ဘယ်သူရေးတာလဲ ဘာတွေကိုအခြေခံရေးတာလဲ စသည်ဖြင့်အခြေခံပြီးတော့ စာအုပ်တွေရွေးဖတ် စမ်းတဝါးဝါးနဲ့ တခုဖတ်ပြီးတော့ ဘာဆက်ဖတ်ရမလဲ ဆိုတာမျိုးတွေကျတော့ သက်ဆိုင်ရာ အကိုးအကားတွေတို့ သုတစာပေတွေထဲက ဒေါက်တာသန်းထွန်းလိုလူတွေ ပြောလေ့ရှိတဲ့ ခေတ်ပြိုင်မှတ်တမ်းဆိုတာမျိုးတို့ ဒဿနတို့ ဘာသာရေးလိုကျတော့ ဆင်တူတဲ့ဝါဒတို့ မတူညီတာတို့ ဆန့်ကျင်ဘက်တို့ စသည်ဖြင့် တခြားအယူဝါဒတွေကို အပြိုင်ဖတ်ပြီးတော့မှပဲ သုံးသပ်တဲ့အလုပ်ကို လုပ်လေ့ရှိတယ် စာရေးဆရာကို ယုံကြည်ပြီးတော့ မှန်တယ်လို့တော့ ဘယ်တုံးကမှ လက်ခံတယ်လို့မရှိပါဘူး ဘုရားဟောပါလို့ ခြိမ်းခြောက်ရင်တောင် ကာလာမသုတ်နဲ့ ပြန်ပြီးတော့ခုခံတဲ့ လူတန်းစားထဲကဆိုတော့ တခါတခါဆို ဘေးအမြင်အရဆို ကိုယ့်ကိုဘယ်ဘာသာဝင်မှန်း မသေချာတဲ့အခါရှိတယ် သာမန်အားဖြင့် ဖတ်နေတဲ့အချိန်မှာ ကိုယ့်အနေနဲ့ ဒီအကြောင်းအရာတွေကို လက်ခံမယ်လက်မခံဘူး ကြိုတင်ပြီးတော့မယူဆပဲ ဖတ်လေ့ရှိပါတယ် ပြန်ပြီးတော့သုံးသပ်ပြီးလို့ တချိန်ကကိုယ်လက်ခံထားတာ မှားနေတယ်လို့ သုံးသပ်တယ်ဆိုရင် နောက်ထပ်မှန်တဲ့ အကြောင်းအရာထပ် မတွေ့ရှိသေးသမျှ ကာလအချိန်အထိအမှန်လို့ လက်ခံထားတယ်။

ဒီစာတွေနဲ့ ပတ်သက်ရင်တော့ On-Line မှာတက်ခဲ့ဖူးတဲ့ အတန်းတွေက ဆရာတွေကလွဲရင် လက်တွေ့လမ်းညွှန်ပေးခဲ့တဲ့ ဆရာမရှိဘူးပဲပြောရမယ် စိတ်ထဲမှာအမှတ်ရမိတာတခုက ဆယ်တန်းအောင်စ တက္ကသိုလ်ကလည်း ဘယ်အချိန်တက်ရမှန်းမသိ ယောင်လည်လည်ပေါ့ အဖေ့ရဲ့တက္ကသိုလ်တုံးက ဆရာတယောက်အိမ်မှာ စာအုပ်တွေသွားမွှေတတ်တယ် အဲဒီအိမ်မှာ အဖေ့ရဲ့ဆရာရယ် သူရဲ့ယောက်ဖဖြစ်တဲ့ မျက်လုံးမမြင်တော့တဲ့ အဘကြီးတယောက်ရယ်ရှိတယ် မျက်မမြင်အဘကလည်း စကားပြောစရာ အဖော်ရတယ်ဆိုပြီး ကိုယ်လာရင်ပျော်တယ် သူသိချင်တာတွေမေး အသက်ကြီးဇရာထောင်းတဲ့ အရွယ်ရောက်ခဲ့လို့ရယ် လွတ်လပ်ရေးမရခင်ကတည်းက နာမည်ကြီး တက္ကသိုလ်တွေကနေ ဥပဒေမဟာဘွဲ့ခဲ့တဲ့ လူကြီးရယ်ပါ။ ဘယ်ကျောင်းကို တက်မလဲသူမေးတော့ ကျနော်တော့ ကွန်ပျူတာ တက္ကသိုလ်ဘက်ပဲ ရောက်တော့မယ် အဘရယ်ဆိုတော့ အေးကွယ်တဲ့ မင်းကအလုပ်ကြမ်း ဝါသနာပါတာကွလို့ မှတ်ချက်ပေးတော့ ကိုယ်လည်း အောင့်သက်သက်ပေါ့ ဘယ်နှယ့်ပညာရှင် လူတန်းစားအဖြစ်နဲ့ လေအေးစက်တပ်ထားတဲ အခန်းထဲမှာ အခန့်သားထိုင်ပြီး လုပ်ရမယ့်အလုပ်ကို အလုပ်ကြမ်းလို့သူက ပြောလေတာကိုး။ အဘအနေနဲ့ သဘောကျတာက နိုင်ငံရေးပဲဖြစ်ဖြစ် ဒဿနိကပဲဖြစ်ဖြစ် ဥပဒေလိုပဲဖြစ်ဖြစ် ယူစေချင်တာတဲ့။

အဘရယ် နိုင်ငံရေးက ကျနော်တို့ခေတ်မှာ ဌာနကိုမရှိတော့ဘူး ထောင်လည်းကျနိုင်တယ် ဥပဒေကတော့ ထားပါတော့လေ ဒဿနိကနဲ့ကျနော် ဘွဲ့ရတယ်ဆိုတော့ ဘာလုပ်လို့ရလဲ အဘရယ်လို့မေးတော့ သူတော်တော်စဉ်းစားတယ် နောက်တော့ အေးကွယ် မင်းတို့ခေတ်ပညာရေးက စနစ်တကျဖျက်ဆီးထားတာလို့ အဘပြောရင်လူတွေက ယုံမှာမဟုတ်ဘူးကွတဲ့ နိုင်ငံတနိုင်ငံမှာ ကောင်းကောင်းမွန်မွန် တွေးခေါ်နိုင်တဲ့လူတွေပဲ ဦးဆောင်လေ့ရှိတယ်တဲ့ စဉ်းစားဆင်ခြင်နိုင်တဲ့ လူတန်းစားတွေ နည်းစေချင်လို့ ဒဿနိကလို ဘာသာတွေကို လူစိတ်မဝင်စားအောင် စနစ်တကျအနေနဲ့ လုပ်ခဲ့ကြတာပေါ့တဲ့ လူလိုသူလိုရှိတဲ့ တက္ကသိုလ်တခုမှာ ဒဿနိကဌာနဟာ ဘယ်တော့မှ လူအထင်သေးခံအဖြစ် မရှိဘူးလေကွယ်တဲ့။ မင်းလည်း အရွယ်ရောက်တဲ့အချိန် အလုပ်ကြမ်းနဲ့ ပတ်သက်တဲ့စာတွေ လျှော့ဖို့တန်တဲ့အချိန်လျှော့ ပညာရှင်ဆိုတာ တဇောက်ကမ်းတွေတဲ့ အဲဒါတွေပဲအာရုံစိုက်ပြီး အတွေးအခေါ်တွေ တုံးမသွားစေနဲ့လို့ ပြောခဲ့ဖူးတာ သတိရတယ်။ အဘဆိုလိုတဲ့ အလုပ်ကြမ်းဆိုတာက အင်ဂျင်နီယာ ကျောင်းဆရာ ဆရာဝန် စသည်ဖြင့် နိုင်ငံတခုမှာ လက်တွေ့အကောင်အထည် ဖော်တဲ့နေရာတွေမှာ ပါဝင်ရတဲ့ အတတ်ပညာရှင်မျိုးတွေကို ဆိုလိုခဲ့တယ်ဆိုတာ နောက်ပိုင်းအချိန်တွေ အတော်ကြာမှပဲ သဘောပေါက်တော့တယ်။ နောက်ထပ်ဘာစာပေ အမျိုးအစားတွေ ဆက်ပြီးဖတ်ဖြစ်မလဲ မသိဘူးပေါ့လေ စာတွေလည်း ဖတ်တဲ့အခါဖတ်နဲ့ အသက်မွေးဝမ်းကျောင်းအတွက် ကိုယ်ကျွမ်းကျင်တဲ့ စာကြမ်းပေကြမ်းတွေကတော့ မလွဲမသွေဖတ်နေရင်းနဲ့ အသက်ဆက်နေရဦးမှာပါ။

comments powered by Disqus