Calm Hill My Random Thoughts

Pulled Pork

ဒီနှစ်ထဲမှာ အလုပ်ကိစ္စနဲ့ ရန်ကုန်ကို မကြာမကြာ ရောက်ပြီးတော့ နေတာလည်း အတည်တကျမရှိတော့ အပြင်မှာပဲဝယ်စားတာ အတော်လေးကြာပါပြီ ခက်တာက အပြင်အစားအစာက ကြာလာတော့ မစားနိုင်တော့ဘူး အဓိကအကြောင်းအရင်းက အစားအသောက်နဲ့ ပတ်သက်ပြီးတော့ နည်းနည်းတော့ ဇီဇာကြောင်တယ်ပြောရင် ကြုံရာစားကျွေးသမျှ အကုန်စားတဲ့လူဆိုပြီး ဘယ်သူမှယုံမှာမဟုတ်ဘူး တကယ်တမ်းကိုယ်က အစားအသောက်ကို ရွေးတာမဟုတ်ပဲနဲ့ ငယ်ကတည်းကအိမ်မှာက အဖေ့ကျန်းမာရေးအရ ဆီစားတာနည်းသလို ဟင်းချိုမှုန့်က လုံးလုံးမသုံးပါဘူး အဲအတွက်ကြောင့် မစားတဲ့အကျင့်ဖြစ်နေတာပါ သာမန်အားဖြင့်တော့ အပြင်မှာတို့ သူများချက်တာစားရင် ပြဿနာမလုပ်တတ်ပေမယ့် အမြဲတမ်းလိုလိုနဲ့ အကြိမ်ရေများလာတော့ အဆင်မပြေတော့ဘူး အခုနောက်ပိုင်းတော့ ဟိုတယ်မှာလည်း မနေတော့ဘူးဆိုတော့ ကိုယ့်ဟာကိုယ်ပဲ အိုးခွက်ဝယ်ပြီးတော့ ကိုယ့်အခန်းမှာပဲကိုယ် အချိန်ရတဲ့အခါတွေ ချက်စားတော့တယ်။

အလုပ်တဖက်နဲ့ချက်ရတာ လွယ်တယ်တော့မဟုတ်ဘူး အများအားဖြင့်တော့ အချိန်များများမပေးရပဲ တည်ထားပြီးတာနဲ့ ကိုယ့်အလုပ်ကိုယ် လုပ်နေလို့ရတဲ့ ဟင်းမျိုးပဲချက်ဖြစ်တာပါ ဒီတပတ်တော့ မနက်စာစားရင်း ယောင်လည်လည်နဲ့ လှည်းတန်းစျေးဘက် ရောက်သွားရင်းနဲ့ ဝက်သားတွေ့တာနဲ့ ဝယ်လာခဲ့တယ်။ သင်ခန်းစာတခုရတာက အသားဝယ်တယ်ဆိုရင် ဝယ်နေကျလိုမျက်မြင်အရ မှန်းလို့မရပါဘူး ဒူးလောက်တင်မှ ရင်လောက်ကျပါတယ် ၂၅ သားလောက်လိုရင် ၃၀ သားလောက် မှန်းဝယ်ခဲ့မှပဲ အဆင်ပြေတယ် အသားရောင်းတဲ့ အဒေါ်ကြီးက စေတနာနဲ့ အသားနဲ့အတူရေကို တပါထဲထည့်ပေးထားတော့ ချက်လိုက်တယ်ဆိုရင် ကျုံ့သွားသေးတာကိုးဗျ။ အိမ်ရောက်တော့ ချက်မယ်သာပြောတာ လက်ကျန်ပစ္စည်းကြည့်တော့ ကြက်သွန်ဖြူနီပဲရှိတယ် ထမင်းချက်ဖို့ကလည်း ထမင်းအိုးမရှိသေးဘူး ငှဲ့လည်းမချက်ချင်တာနဲ့ ဝယ်ထားတဲ့ ပေါင်မုန့်လေး ၃ လုံးလောက်တော့ စားစရာရှိတာတွေ့တယ်။ မရှိရှိတာနဲ့တော့ စားလို့ဖြစ်အောင်တော့ ချက်စားရမှာပဲဆိုပြီး ဝက်သားတွေကို Pulled Pork လုပ်လိုက်တယ်။

Pulled Pork

Pulled Pork လုပ်ဖို့အတွက် ပါဝင်ပစ္စည်းတွေက

  1. ဝက်သား
  2. ကြက်သွန်နီ
  3. ကြက်သွန်ဖြူနည်းနည်း
  4. ဆား
  5. သကြားအညို
  6. ငရုပ်ကောင်း
  7. ပေါင်မုန့်

Pulled Pork

Pulled Pork ဆိုတာက တကယ်တမ်းက အချိန်ပဲလိုတာရယ် ဘာမှခက်ခဲတာမဟုတ်ပါဘူး အင်မတန်လွယ်ပါတယ်။ အချိန်ကြာကြာနူးအိအောင် ချက်မှာဖြစ်တဲ့အတွက် ဝက်သားကိုဖြစ်နိုင်ရင် အတုံးသေးသေးမတုံးပဲ အတုံးအကြီးလိုက်ဆို ပိုအဆင်ပြေတယ်။ အရင်ဆုံးအဆင့်အနေနဲ့ ဝက်သားကို ဆား၊ သကြား၊ ငရုပ်ကောင်းနဲ့နယ်ပါ စမုံစပါးရှိရင်တော့ အနံ့တမျိုးမွှေးအောင် ထည့်လို့ရပါတယ် မရှိလို့မထည့်ပါဘူး။ ကြက်သွန်နီကို အကွင်းလိုက်ဖြစ်ဖြစ် နည်းနည်းထူထူလှီးပါ ကြက်သွန်ဖြူကတော့ နည်းနည်းလောက်ပါပဲ ပါးပါးလှီးထည့်ပေါ့ ကြက်သွန်နီများလေလေ ချိုလေလေဖြစ်မှာပါ ကပ်စေးမနည်းနဲ့ များများထည့်ပါ။ ဝက်သားချက်မယ့်အိုးထဲကို ကြက်သွန်နီနဲ့ ကြက်သွန်ဖြူတွေကို အောက်ဆုံးမှာထည့်ပါ အပေါ်ကနေမှ ဝက်သားတုံးကိုတင်ပါ။ ဝိုင်အဖြူရှိတာနဲ့ နည်းနည်းထည့်တယ် နူးတာမြန်အောင်ထည့်ဖို့ ရှာလကာရည်လိုက်ရှာတယ် မရှိတာနဲ့တွေ့တဲ့ Worcestershire sauce ထဲမှာလည်း ရှာလကာရည် ပါတာပဲဆိုပြီးတော့ ထည့်လိုက်တယ်။ ငြုပ်သီးမှုန့်ထည့်ရမယ် ဒါပေမယ့်လို့ သတင်းတွေထဲက ငြုပ်သီးမှုန့်သတင်းတွေ ဖတ်ပြီးသကာလ စျေးဘက်ရောက်တိုင်း ငြုပ်သီးမှုန့်ကို ဝယ်ရမလားမဝယ်ရမလား အခုထိဝေခွဲမရတာနဲ့ မရှိလို့မထည့်လိုက်ရပါဘူး။ အားလုံးပြီးရင်တော့ ရေထည့်ပြီးတော့ ဝက်သားတွေ နူးအိလာပြီးတော့ အလွယ်တကူမွှလို့ရတဲ့အထိ မီးအေးအေးနဲ့တည်ရုံပါပဲ။

Pulled Pork

အနည်းဆုံးတော့ ၃ နာရီလောက် မီးအေးအေးနဲ့ တည်ထားရမယ် ရေလည်းအများကြီး မကျန်ဖို့အတွက် လိုအပ်ရင်တောင် နည်းနည်းစီပဲထည့်ပါ စျေးသည်ကြီးရဲ့ စေတနာကိုမမေ့ပါနဲ့ ရေကထွက်လာဦးမှာပါ။ Slow Cooker ရှိတယ်ဆိုရင် အတော်အဆင်ပြေမယ် တည်ထားပြီးတော့ လျှောက်သွားနေလို့ရတယ် အခုတော့မီးဖိုဆိုတော့ ကိုယ်အခန်းမှာ ရှိတဲ့အချိန်ပဲချက်လို့ရတယ် Slow Cooker လေး ၁ လုံးလောက်တော့ ရှာဝယ်ထားပါဦးမယ်။ အသားတွေနူးလာပြီဆိုရင် မီးဖိုပေါ်ကနေချပြီးတော့ အသားတွေကို သတ်သတ်ခွဲပြီးတော့မွှပါ အဆီတွေပါတယ်ဆိုရင် အဲဒီအချိန်မှာဖယ်ရပါမယ် အလွယ်ဆုံးကတာ့ ခက်ရင်း ၂ ချောင်းနဲ့ ဘယ်ညာကိုင်ပြီး ဝက်သားတုံးကိုဖွပါ။ အိုးထဲကလက်ကျန် ဝက်သားအရည်တွေထဲက ကြက်သွန်တွေကိုစစ်ပြီးတော့ မွှထားတဲ့ဝက်သားတွေနဲ့ သမအောင်ရောပါ ရှိတယ်ဆိုရင် ဘာဘီကျူးဆော့စ် နည်းနည်းလောက်ထည့်ပါ ကိုယ်မှာကတော့ ခရမ်းချဉ်သီးဆော့စ်ပဲရှိလို့ ပေါက်ကရအရသာ ထွက်လာမှာစိုးတဲ့အတွက် လက်တည့်စမ်းပြီး ထည့်မထားပါဘူး ဝက်သားနည်းနည်း ခြောက်နေတယ်ဆိုရင် ဝက်သားဟင်းအရည် နည်းနည်းထည့်လို့ရတယ် ဟင်းရည်ထဲမှာ အပေါ်ယံမှာတက်နေမယ့် အဆီတွေကိုလည်း ဖယ်လိုက်ဖို့မမေ့ပါနဲ့ဦး။

Pulled Pork

အားလုံးပြီးရင်တော့ စားဖို့ပဲရှိပါတော့တယ် ပထမအဆင့်အနေနဲ့ ဘာဂါလုပ်တဲ့ ပေါင်မုန့်အလုံးကို အလယ်ကနေလှီးပြီးတော့ စိတ်ရှည်ပြီးတော့ အချိန်လည်းရမယ်ဆိုရင် မီးနည်းနည်းကင် ကိုယ့်မှာတော့ စိတ်ရှည်ရင်တောင် မီးဖိုပေါ်အိုးတင်ပြီးတော့ အပူပေးမှရမှာဖြစ်လို့ အိုးမအားတဲ့အတွက် မလုပ်နိုင်ပါဘူးလေ။ ဒုတိယအဆင့်က ဝက်သားမွှထားတာတွေ ပေါင်မုန့်ကြားညှပ်ရုံပါပဲ အသားပေါ်တင်ဖို့အတွက် သခွားသီးလေး နည်းနည်းရှိရင် ပိုကောင်းလိမ့်မယ် သခွားသီးမရှိတာနဲ့ စိမ်းတာချင်းတူပါတယ်ဆိုပြီး လက်ကျန်ရှိတဲ့ ပန်းသီးစိမ်းလေးကို ပါးပါးလှီးပြီးတော့ သခွားသီးအစား ထည့်လိုက်တယ်။ စားလို့တော်တော် အဆင်ပြေပါတယ် ကိုယ်တိုင်ချက်တော့ ဆိုင်မှာချက်သလို ပေါက်ကရတွေထည့်မှာ မစိုးရိမ်ရတော့ဘူး ကုန်ကျစရိတ်အရလည်း တွက်ခြေလည်းကိုက်ပါတယ်။ ဝက်သား ၃၀ သားလောက်ဆိုရင် အနည်းဆုံးတော့ ၂-၃ နှပ်လောက်တော့ အေးအေးစားလို့ရပါတယ် အဲထက်လည်း ပိုချက်လို့မရပါဘူး ရေခဲသေတ္တာမရှိတော့ ပိုတဲ့အရာတွေ ထားလို့တဲ့ဘဝမှာ မနက်စျေးသွား ကုန်မလောက်ပဲဝယ်ခဲ့ တရက်အတွင်းမှာပဲ ကုန်အောင်စားပါတယ်။