Calm Hill My Random Thoughts

Incidents in the life of a Martial Artist (3)

ကိုယ့်ကိုကိုယ် အပေါင်းအသင်း အတော်စုံတယ်လို့တော့ နားလည်ထားတယ် အပြင်မှာလည်း လူအတော်စုံသလို Social Network တွေပေါ်လည်း လူအမျိုးအစား အတော်စုံတယ် အပြင်မှာကတော့ မိတ်ဆွေအဖြစ် ရှိနေသေးတယ် မရှိတော့ဘူးဆိုတာက ပြောရခက်ပေမယ့် Social Network တွေပေါ်ကျတော့ ခွဲခြားရအတော်လွယ်တယ် သာမန်အားဖြင့် မတူညီတဲ့လူတွေရဲ့ အပြောအဆိုတွေကို မြင်ရတာပေါ့ဆိုပြီး ဘယ်သူ့ကိုမှ Unfriend လုပ်လေ့မရှိပေမယ့် ဆိုးဆိုးဝါးဝါး ဆဲဆိုနေကြတဲ့ အစွန်းသိပ်ရောက်တဲ့ လူတွေကျတော့ စိတ်အနှောက်အယှက်ဖြစ်လို့ Unfriend လုပ်လိုက်တာတွေရှိတယ် ကိုယ့်အကျင့်ကလည်း Friend တွေကို ခွဲခြားရလွယ်အောင်ဆိုပြီး List နဲ့အမျိုးအစား ခွဲထားတာရှိတယ်။ တနေ့ကတော့ စိတ်ကူးပေါက်လို့ စာရင်းတွေကို ဝင်ကြည့်မိတော့ Martial Arts ဆိုတဲ့ List ထဲကလူတွေဟာ ကုန်လုနီးနီးဖြစ်သွားတာ သတိထားမိလိုက်တော့ အတော်ပြန်စဉ်းစားယူရတယ် အားလုံးနီးနီးဟာ Ultranationalism ကြောင့် Unfriend လုပ်လိုက်တာတွေ ဖြစ်နေတော့ တွေးစရာတွေ ဖြစ်လာတယ်။

ကိုယ်ခံပညာဆိုတာက လူ့သမိုင်းမှာ ရှေးအကျဆုံးနဲ့ အင်မတန်လည်း အရေးပါခဲ့တဲ့ အတတ်ပညာတခုပဲ လူဆိုတာက တိရိစ္ဆာန်တွေနဲ့ တိုက်ခိုက်ပြီးတော့ တိုးတက်လာရတယ် နောက်တဆင့်တက်လာတော့ လူလူချင်းတိုက်ခိုက်ပြီး မြို့ပြနိုင်ငံတွေ တည်ထောင်လာခဲ့ရတယ် လူ့သမိုင်းမှာ Aggressiveness ဟာ အမြဲတမ်း အရေးပါတဲ့နေရာမှာရှိတယ် အခုခေတ်မှာလည်း လူလူချင်းအနေနဲ့ ပြိုင်ဆိုင်တိုက်ခိုက်ကြတာ နည်းပညာတွေ လက်နက်တွေ တိုးတက်လာတဲ့အတွက် Physically အနေအထားဟာ နောက်ဆုံးအခြေအနေ ရောက်တဲ့အခါမှပဲ သုံးစွဲကြတော့တဲ့အတွက် ကိုယ်ခံပညာဆိုတာက အားကစားအဖြစ်ပဲ ကျန်ခဲ့တော့ပေမယ့် Aggressiveness ကတော့ ရှေ့ဆုံးမှာရှိနေဆဲပဲ လူလူချင်းပြိုင်ဆိုင်နေတာ ဘယ်တော့မှ ရပ်မှာမဟုတ်ဘူး အဲဒီပြိုင်ဆိုင်မှုကို အခြေခံပြီးတော့ပဲ ခေတ်အမျိုးမျိုးပြောင်းပြီး တိုးတက်လာခဲ့ရတာပါ အပြိုင်ဆိုင်မရှိရင် လူတွေဟာ အသိဉာဏ်တခုထဲနဲ့ ဒီနေ့အခြေအနေထိကို အမြန်မရောက်နိုင်ပါဘူး။

သက်ဆိုင်တဲ့ အကြောင်းကိုပဲ စဉ်းစားမယ်ဆိုရင် ကိုယ်ခံပညာနဲ့ Aggressiveness ဟာ ဘယ်လိုမှ ခွဲထုတ်လို့မရဘူး ခွဲထုတ်လိုက်တာနဲ့ ဘာမှသုံးလို့မရတော့ဘူး ကိုယ်ခံပညာဟာ ငြိမ်းချမ်းပါတယ်လို့ ပြောလာတဲ့လူရှိရင် တဝက်ပဲမှန်တယ် Aggressiveness ကို အားမပေးဘူးလို့ ဆိုလာခဲ့တယ်ဆိုရင် လုံးလုံးလျားလျား မှားတယ်ပဲ ပြောရမှာပေါ့။ ခေတ်ဟောင်းက ကိုယ်ခံပညာဆိုတာ မိမိကိုယ်မိမိ ခုခံကာကွယ်ဖို့နဲ့ သူတပါးကို တိုက်ခိုက်ဖို့ဆိုတာ ရည်ရွယ်ချက်ဟာ အင်မတန်မှ ရှင်းလင်းတယ် ကိုယ်ခံပညာ သင်တန်းကျောင်းတွေဟာ ပဒေသရာဇ်တွေ စစ်တပ်တွေနဲ့ တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်ပြီးသော်လည်းကောင်း ဆက်စပ်နေတယ်ဆိုတာ ဘယ်နိုင်ငံရဲ့ သမိုင်းမှာဖြစ်ဖြစ် အတူတူပဲဖြစ်တယ် Aggressiveness ကို တိုက်ရိုက်ကို ဦးစားပေးတယ် ဖုန်းကွယ်ထားတာ မရှိကြပါဘူး။

ခေတ်သစ် ကိုယ်ခံပညာတွေကို ကြည့်မယ်ဆိုရင် ဥပမာအနေနဲ့ ဂျပန်နိုင်ငံမှာ ဒုတိယကမ္ဘာစစ် မတိုင်မီအချိန်က ကိုယ်ခံပညာတွေကို ပြန်လည်ပြီးတော့ ဖော်ထုတ်လာတဲ့အခါ အစိုးရအနေနဲ့ အထူးအနေနဲ့ အားပေးခဲ့တယ် Nationalism ကို တွန်းအားတခုအနေနဲ့လည်း ယူပြီးသုံးသွားခဲ့တာပဲ စစ်ထဲဝင်သွားကြတဲ့ လူငယ်တွေထဲမှာ ကိုယ်ခံပညာကျောင်းတွေက လူငယ်တွေဟာ အများဆုံးဖြစ်တယ်လို့ တချို့စစ်တမ်းတွေက ရေးကြတာတွေရှိတယ်။ စစ်ရှုံးပြီးတဲ့ နောက်မှာလည်း ဆက်ပြီးတော့ အားပေးတယ် တွန်းအားတခုအနေနဲ့ နိုင်ငံပြန်တည်ဆောက်ဖို့ သုံးသွားနိုင်တာလည်းရှိတယ်။ တရုတ်ပြည်မှာလည်း ကိုယ်ခံပညာတွေကို Standardized လုပ်ပြီးတော့ Wushu ဆိုပြီးတော့ဖြစ်လာတယ် တခြားရည်ရွယ်ချက် ရှိကောင်းရှိမယ် Nationalism ကို တွန်းအားပေးဖို့ဆိုတာက ပါတယ်ဆိုတာကတော့ ငြင်းဖို့ခက်လိမ့်မယ်။ ကိုယ့်နိုင်ငံကမြန်မာ့သိုင်း၊ ထိုင်းနိုင်ငံဘက်က မွေထိုင်း၊ မလေးရှားဘက်က Silat စသည့်ဖြင့် အားလုံးမှာ Nationalism ကို အားပေးကြတာပဲ သက်သေပြပါဆိုရင် သင်တန်းတွေ အဖွဲ့အစည်းတွေရဲ့ ဆောင်ပုဒ်တွေကိုပဲ သွားဖတ်ကြည့်ကြပါ ဟုတ်မဟုတ် ကိုယ်တိုင်သုံးသပ်ပါ။

Nationalism ကို မကောင်းဘူးလို့ ပြောချင်တာလားဆိုရင် မဆိုလိုဘူး Nationalism ဟာ မကောင်းဘူးမရှိပါဘူး ကောင်းပါတယ် ဒါပေမယ့် Ultranationalism ဖြစ်လာရင်တော့ အန္တရာယ်ရှိတယ်။ ကိုယ်ခံပညာမှာ Aggressiveness ဟာ ဖယ်ထုတ်လို့ မရတဲ့အတွက် စိတ်ဓာတ်ခိုင်မာမှု အတိုင်းအတာ တခုအထိ မရောက်သေးတဲ့ လူတွေဆိုရင် တခြားလူတွေထက် အသုံးအချခံ ပိုဖြစ်နိုင်တယ် အတိုချုပ်ရရင်တော့ ကိုယ်ခံပညာဆိုတာ လူ့သမိုင်းမတင်ခင် ခေတ်ကနေစပြီးတော့ အရေးအပါဆုံးနဲ့ ရှေးအကျဆုံး အတတ်ပညာတခုပဲ သတ်တဲ့ပုတ်တဲ့ အတတ်ပညာဖြစ်လို့ ရန်လိုမှုကိုအပြီးသတ် ဖယ်ထုတ်လိုက်ဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူး ဒါပေမယ့် ကိုယ်ခံပညာရဲ့ အဓိကရန်သူဟာ ရန်လိုမှုမဟုတ်ဘူး အစွန်းရောက်တဲ့ သူရဲကောင်းဝါဒတွေ အမျိုးသားရေး ဝါဒတွေလို ရန်လိုမှုကို မလိုအပ်တဲ့ နေရာတွေမှာ အသုံးချဖို့အတွက် နှိုးဆွပေးနိုင်တဲ့ အရာတွေပဲဖြစ်မယ် ဒါပေမယ့် ဘယ်ကိုယ်ခံပညာမှ သူရဲကောင်းဝါဒတွေ အမျိုးသားရေးဝါဒတွေနဲ့ ကင်းလို့မရပြန်ဘူး ရှေးတုံးကတော့ ကိုယ်ခံပညာမှာ သေခြင်းနဲ့ ရှင်ခြင်းဟာ ကျောချင်းကပ်လို့ ပြောလေ့ရှိကြတယ် အခုခေတ်မှာတော့ အစွန်းရောက်ခြင်း မရောက်ခြင်းဟာ လက်တလုံးခြားဆိုတဲ့ အခြေအနေမှာ ရှိတဲ့အတွက် ကိုယ်ခံပညာဆိုတာ အန္တရာယ်များပါတယ်လို့ ပြောရလိမ့်မယ်။