Calm Hill My Random Thoughts

Incidents in the life of a Martial Artist (4)

ရန်ကုန်လာရင်းနဲ့ အိမ်ကိုခဏပြန်ဖြစ်တော့ ယောင်လည်လည်ပါပဲ အိုက်ကိဒိုသင်တန်းကို ခပ်စောစော ရောက်သွားပြီးတော့ ဆရာဖြစ်သူနဲ့ စကားပြောရတာပေါ့ ဆရာတို့တအိမ်လုံးနဲ့က မိသားစုလိုဖြစ်နေတော့ ကိုယ်လာတဲ့အခါတိုင်း ဆရာ့အမျိုးသမီးက တခုခုချက်ကျွေးတတ်တယ်။ ဒီတခေါက်တော့ ကြက်သားဟင်းနဲ့ အုန်းထမင်း အလှည့်ကျတော့ သင်တန်းရှိတဲ့တရက် စောစောသွားစားရင်း ဆရာနဲ့စကား အတော်ကြာအောင် ပြောဖြစ်ပါသေးတယ်။ ရောက်တတ်ရာရာ စကားစပ်မိရင်းနဲ့ ဆရာဖြစ်သူက ခင်ဗျားလာတာနဲ့ အတော်ပဲတဲ့ ကျနော်မေးဦးမယ် နည်းစနစ်ဘယ်နှစ်ခုကို အချိန်ဘယ်လောက်လောက် သင်ပြီးပြီဆိုရင် ကိုယ့်ကိုကိုယ် ခုခံကာကွယ်နိုင်တယ်လို့ ခင်ဗျားအာမခံလို့ရမလဲ ဖြေကြည့်စမ်းပါတဲ့။ အဲဒါနဲ့ဆရာရယ် သူများတွက် အာမခံဖို့မပြောနဲ့ ကျနော့်ကိုဆရာပဲ အစပြုပြီးတော့ သင်ပေးလာတာ နှစ်တွေလည်း အများကြီးကြာခဲ့ပါပြီ အခုလည်းတခြားမှာ လေ့ကျင့်နေတုံး နောက်ကနေ ချောင်းရိုက်တာ မပြောပါနဲ့ဦး မျက်နှာချင်းဆိုင်က လူတယောက်က ရုတ်တရက် ထပြီးထိုးတာတောင် အခန့်မသင့်ရင် လွတ်ချင်မှလွတ်မယ် ထင်တယ်ဆရာရဲ့ ကိုယ့်ဟာကိုယ်တောင် အခုအချိန်အထိ အာမမခံရဲဘူးနော်လို့ ပြောရတယ်။

ဆရာကလည်း အေးဗျာ… ကျုပ်လည်း အဲလိုပဲဖြေတာပဲ ဒါပေမယ့် တချို့ဆရာတွေက ၃ လလောက် နည်းစနစ်တချို့ အသေအချာ သင်ပြီးပြီဆိုရင် ခုခံကာကွယ်နိုင်တယ် ခါးစည်းအနေနဲ့ ဘယ်အရောင် ပေးမယ်ဆိုတာမျိုးတွေကို မဟုတ်ပါဘူးပြောရတာ အတော်ခက်တယ်ဗျ အဲဒါမျိုးတွေရော ခင်ဗျားဘယ်လိုမြင်လဲတဲ့။ ခါးစည်းကတော့ ဘာပေးချင်ချင် ပြဿနာတော့ မဟုတ်ပါဘူးလို့ ၃ လနဲ့ အနက်ပေးချင်လည်း ပေးလိုက်လို့ရတာပဲလို့။ ဒါပေမယ့် ကိုယ့်ကိုကိုယ် ခုခံကာကွယ်နိုင်တယ် ဆိုတာမျိုးကျတော့ ဘယ်လိုအကြောင်းနဲ့ ပြောရတယ်တော့ လိုအပ်မယ်ထင်တယ်လို့ ကြော်ငြာအနေနဲ့ အဲလိုရေးတာရှိနိုင်ပါတယ် တကယ်သင်တဲ့အချိန်မှာ ၃ လကတော့ ၃ လတန်လောက်ပဲ ဆိုတဲ့အသိမျိုးကို ထည့်ပေးဖို့လိုမယ် မဟုတ်ရင်တော့ လိမ်စားတာနဲ့ အတူတူပဲပေါ့လို့။ အခုနောက်ပိုင်း ပိုဆိုးတာပေါ့ ဆရာရယ်လို့ မိန်းကလေးတွေအတွက် အထူးကိုယ်ခံပညာ သင်တန်းဆိုပြီး ကြော်ငြာတာမျိုးတွေ မကြာခဏတွေ့ရတာ တကယ်လားဆိုပြီး သွားမေးရင်တော့ ကျနော်လည်း ချောင်းအရိုက်ခံရဖို့ ပိုများလာမှာပေါ့လို့။

လူလူချင်း သတ်ပုတ်တဲ့နေရာမှာ ကိုယ်ကာယပိုင်း အလေ့အကျင့် နည်းစနစ်တွေက အရေးကြီးပေမယ့် အရေးအကြီးဆုံးလို့ ကျနော်က လက်မခံဘူးလို့ တကယ်အရေးအကြီးဆုံးက ကြောက်စိတ်ကို ထိမ်းချုပ်နိုင်မယ့် စိတ်စွမ်းအားက ပိုအရေးကြီးတယ်လိုပဲ ယူဆတာဆရာရယ်လို့။ ဥပမာဆိုရင် လည်ပင်းပေါ် ဓားတင်ပြီးတော့ လုတယ်ဆိုပါတော့ လှုပ်ရင်တကယ် လှီးလိုက်ရင် တကယ်သေမှာလေ အဲဒါကိုကြောက်တဲ့စိတ်က ဘယ်ဟာနဲ့မှမတူဘူး အဲဒီကြောက်စိတ်ကို ထိမ်းနိုင်ဖို့ဆိုတာ တော်ရုံတန်ရုံ ယုံကြည်ချက်နဲ့ မရနိုင်ဘူးလို့။ ရယ်စရာပြောရရင် လည်ပင်းပေါ်က ဓားတောင်မဟုတ်ဘူး ကျနော့်အိမ်က ကြီးတော်ကြီး မနက်မိုးမလင်းခင် မျက်နှာထသစ်တုံး အသံကြားလို့ မော့်အကြည့်မှာ တံတိုင်းပေါ်ကနေ ငုံကြည့်တဲ့သူခိုးနဲ့ မျက်နှာချင်းဆိုင်တွေ့ လက်ညှိုးလေးထိုးပြီး သူခိုးသူခိုးလို့အော်ချင်တာ မတော်ရင်သူခိုးက ရိုက်သွားမှာလည်း ကြောက်တာဆိုတော့ ပါးစပ်ပဲလှုပ်တယ် အသံမထွက်လာဘူး နောက်များမှပြောပြီး ရယ်ကြရတာဆိုတာ။

ကိုယ်ခံပညာတင်မဟုတ်ဘူး ကျနော့်အလုပ်တွေဆို ပိုဆိုးတာပေါ့ဆရာရယ် နည်းတဲ့သင်တန်းတွေ မဟုတ်ဘူးရယ် အတန်း ၃ လ ပြီးရင် လက်တွေ့တတ် ပရိုဂရမ်မာဖြစ် အလုပ်လုပ်နိုင် မီလီယံနာဖြစ်ဆိုတဲ့ ကြော်ငြာတွေများ နည်းတာမဟုတ်ဘူးလို့ ယုံတဲ့လူကလည်းယုံတာပဲ ကိုယ်ခံပညာက အသက်အန္တရာယ်ဆိုတာက တသက်မှာတခါကြုံချင်မှကြုံတာ အလုပ်ဆိုတာက တဘဝလုံးကြုံရမှာဆိုတော့ ပိုဆိုးတာပေါ့လို့။ ကျနော့်ကို လူတယောက်ကို စာသင်ခိုင်းတယ်ဆို သိသင့်သိထိုက်တာ သင်ပေးနိုင်ပါတယ် ဒါပေမယ့်လို့ သင်ပေးလိုက်တဲ့ ပညာဆိုတာက အသုံးချနိုင်တာချင်းကျ လူတယောက်နဲ့ တယောက်က တူတာလည်း မဟုတ်တော့ တကယ်တတ်တယ်ဆိုတာ ဘာကိုခေါ်လဲ ပြောရခက်တယ် အချိန်ဘယ်လောက် ဘယ်လိုသင်ရိုးတွေ ဘယ်လိုသင်ပေးလိုက်တာ အရည်အချင်းစစ်တာ အောင်ပါတယ်ဆိုတဲ့ လက်မှတ်မျိုးတော့ ပေးလို့ရပါတယ်လို့ တကယ်တတ်တယ်လို့ အာမခံပါဆိုရင်တော့ တကယ်ဆိုတာက ဘာကိုပြောလဲအတိအကျ အဓိပ္ပာယ်မဖွင့်နိုင်သ၍ အာမခံပေးလို့မရပါဘူးလို့ပဲ အမြဲပြောရတာပဲ အဲလိုအပြောအဆိုမျိုးကျ ယုံလားဆိုတော့ လူတွေမယုံဘူးဆရာရဲ့ တချို့အရာတွေက လောဘလေးနဲ့ မက်လုံးပေးမှလူတွေ ယုံကြတာမဟုတ်လားလို့။

ဆရာကလည်း အေးဗျ ခင်ဗျားပြောတာ လက်ခံပါတယ် ထပ်မေးဦးမယ် တကယ်လို့များ လူတယောက်က ခင်ဗျားကို ဓားနဲ့ထောက်ပြီး လုတယ်ဆိုပါစို့ ဘာလုပ်မလဲတဲ့။ နှစ်ခုဖြစ်နိုင်တယ် ဆရာရယ်လို့ သူဓားနဲ့ထောက်တဲ့အချိန်မှာ ကိုယ်ကလည်းသတိရှိနေရင် ခန္တာကိုယ်ကအလေ့အကျင့်အရ လှုပ်ရှားသွားပြီးတော့ ဖမ်းပြီးချုပ်ပြီးခုခံနိုင်ရင် ကျနော်နိုင်လိမ့်မယ်။ တကယ်၍များ ကျနော့်ကိုဓားနဲ့ ထောက်မိနေပြီးရင်တော့ မလိုအပ်ပဲနဲ့ မစွန့်စားပါဘူး ပစ္စည်းလိုချင်တာဆိုရင်တော့ လိုချင်တာပေးလိုက်မှာပဲ အဲဒါလည်းပဲ ရှုံးတယ်လို့လည်း မယူဆပါဘူး ကိုယ့်အသက်အန္တရာယ်နဲ့ အနာတရမဖြစ်အောင် တခြားနည်းလမ်းနဲ့ ရှင်းနိုင်တယ်ပဲ သဘောထားတာပါ သတိကတော့မပြတ်ဘူး ပစ္စည်းလိုချင်တာတင် မဟုတ်တော့ဘူး ကိုယ့်အသက်ကို အန္တရာယ်ဆက်ပြုမယ်ဆိုရင်တော့ မတတ်နိုင်တော့ဘူး ၅၀-၅၀ အခွင့်အရေးရှိတယ်ယူဆပြီး ခုခံရတော့မှာပဲလို့ ဖြေဖြစ်ပါတယ်။ အင်း… ခင်ဗျားမှာ လုသွားတာကို ပေးလိုက်ရလို့ ဆုံးရှုံးသွားတာက ဘယ်လောက်မှ တန်ဖိုးမရှိတာ တကယ်တမ်း ပေးလိုက်ရမှာက တန်ဖိုးသိပ်များရင် ဘယ်လိုလုပ်မလဲဗျလို့ ထပ်မေးလာတယ်။ တကယ်လို့များ အသက်အန္တရာယ် တကယ်ရှိတယ် သတ်ပုတ်လို့ အခွင့်အလန်းနည်းရင်တော့ အသက်ထက်တော့ တန်ဖိုးမရှိဘူးယူဆပါတယ် ပေးလိုက်မှာပါပဲလို့။

အဲဒီတော့ ကျနော်တို့အခု ပြောနေတာတွေက ပြဿနာဖြစ်လာမှဆိုတဲ့ နောက်ဆုံးနည်းလမ်း ပြောနေကြတာ မဟုတ်လားလို့ ကြိုတင်ပြင်ဆင်တာတွေ ရှိပါသေးတယ်လို့။ တမင်လုပ်ယူတာ မဟုတ်ပေမယ့် အလေ့အကျင့် ဖြစ်နေတာတွေ ရှိတယ်ဆရာလို့ ကျနော်အပြင်သွားရင် သာမန်လိုအပ်တဲ့ ပမာဏထက်ပိုတဲ့ ငွေပမာဏမပါဘူးလို့ လက်ဝတ်လက်စားလည်း နာရီတောင်မပတ်ဖြစ်ဘူး နည်းနည်းလောက် အဖိုးတန်တာဆိုလို့ ဖုန်းတလုံးလောက်ရှိတာ အဝတ်အစားလည်း ပွဲလန်းသဘင်မှ မဟုတ်ဘူးဆိုရင် သာမန်အဝတ်အစားပဲ ဝတ်လေ့ရှိတော့ တကိုယ်လုံးချွတ်ယူမှ ဘယ်လောက်မှ မတန်မယ့်လူမျိုးဆိုတော့ သာမန်အသိဉာဏ်ရှိတဲ့ လုယက်မယ့်လူ မျက်စေ့ကျမယ့်လူလည်း မဟုတ်ပါဘူးလို့။ နေ့ပဲဖြစ်ဖြစ် ညပဲဖြစ်ဖြစ် တယောက်ထဲလည်းဖြစ်တယ် လူလည်းပြတ်တယ်ဆိုရင် ကိုယ့်နောက်မှာ လူတယောက်ရှိလာရင် သတိထားတယ် တနေရာရာမှာ ရပ်နေလိုက်ပြီး ကျော်တက်သွားမှပဲ လမ်းဆက်သွားလေ့ရှိတယ်။ လမ်းဒေါင့်ချိုးတွေဆိုလည်း မျက်ကွယ်ဆိုရင် ကပ်ပြီးတော့မသွားဘူး အနည်းဆုံးတော့ မတိုက်မိတာပေါ့လို့ဆိုတော့ တခြားဟာတွေတော့ မပြောလိုပါဘူးတဲ့ ခင်ဗျားနောက်ဆုံးဟာက မကောင်းဘူးဗျတဲ့ အဲဒါကြောင့် ရုပ်ရှင်ထဲကလိုမျိုး ကောင်မလေးတယောက်နဲ့ ဝင်တိုက်မိပြီးတော့ ဇာတ်လမ်းတွေ မဖြစ်နိုင်တော့ဘူးဆိုတော့ ဘေးနားကထိုင်နေတဲ့ ဆရာကတော်မှာ ရယ်လိုက်ရတာ တော်တော်နဲ့မရပ်နိုင်ဘူး။

အဲဒါဆိုရင် ထပ်စဉ်းစားရအောင် လုတာယက်တာခံရတာ အနေအထိုင်မဆင်ခြင်လို့လို့ ခင်ဗျားယူဆမယ်ဆိုရင် ခင်ဗျားဟာက Victim blaming ဖြစ်နေမှာပေါ့ဆိုတော့။ အဲလိုကတော့ ပြောလို့မရဘူး Victim blaming ဆိုတာက အလုအယက်ခံရတဲ့လူက လုချင်ယက်ချင်အောင် ဝတ်စားပြလို့ဆို့ ပြစ်မှုဖြစ်ရတယ်ဆိုပြီး တရားခံကိုအပြစ်မရှိဘူးလို့ ကာကွယ်တဲ့ကိစ္စမျိုးမှပဲ ခေါ်လို့ရမှာပါလို့ ဖြေရတယ်။ အသွားအလာ အနေအထိုင် ဆင်ခြင်ပါတို့ပြောတိုင်း အထူးသဖြင့်ဆိုရင် မိန်းကလေးဆိုလည်း အဝတ်အစားကို နေရာဒေသနဲ့ သင့်လျော်အောင် ဝတ်စားပါတို့ ပြောမိတယ်ဆိုတိုင်း Victim blaming ဆိုတဲ့ စကားလုံးမျိုးနဲ့ ပြန်ပြောတာမျိုးကြားရတယ် ကိုယ့်ဟာကိုယ်ပြတိုင်း လုယူလို့ရတယ် ကိုင်ကြည့်လို့ရတယ်လို့ မဆိုလိုဘူးဆိုတာလည်းဟုတ်တယ် ဒါပေမယ့် အရေးအကြီးဆုံး အချက်ကိုတော့ မေ့ထားလို့မရဘူး အခုပြောနေတာက အပြစ်ရှိတာမရှိတာ ပြောတာမဟုတ်ပါဘူး အပြစ်ရှိခြင်းမရှိချင်းက ဖြစ်လာနိုင်မယ့် ဆိုးကျိုးတွေ မခံစားရဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူးလို့ အလုခံရတာ ကိုယ့်အပြစ်မဟုတ်ပေမယ့် လုသွားရင်တော့ ပစ္စည်းပါသွားတာတော့ ခံရမှာပါပဲလို့။ Victim blaming ဆိုတဲ့စကားလုံးဟာ ကာကွယ်ဖို့အတွက် ဆုံးမဖို့မလိုဘူးဆိုတဲ့ အဓိပ္ပာယ်လည်း မပါဘူးလို့ဖြေရတယ်။

ခင်ဗျားဟာက ပြောမယ်ဆိုရင် အတော်ဆင်ဆင်ခြင်ခြင် နေနိုင်တယ်ပြောရမယ်တဲ့ ဟာကွက်နည်းတာပဲဆိုတော့ အဲလိုလိုလည်း မဟုတ်ဘူးဆရာရဲ့လို့ ကျနော်အခုဖြေတဲ့ အဖြေတွေကို ဆရာသဘောကျတာက ဆရာက ၃ လပြတ် ဆရာစာရင်းထဲ မပါလို့ပါလို့ အပြင်လောကမှာက ၃ လပြတ်တို့ ၆ လပြတ်တို့နဲ့ လုပ်စားကြရတော့ ကျနော်မှာက မျက်နှာချင်းဆိုင်ပြီးတို့ နောက်ကနေတို့ လုမယ့်ယက်မယ့် လူတွေကသာ မျက်စေ့မကျအောင် နေတတ်ပေမယ့် ကျနော်အခုလိုဖြေတဲ့ အဖြေတွေကိုက ချောင်းရိုက်မယ့်လူတို့ လောက်လေးခွနဲ့ ချောင်းပစ်မယ့်လူတို့ကို ဖိတ်ခေါ်နေလေတော့ အတော်ခက်တယ်လို့ မပြောပဲနေတော့လည်း အများသူငှာ အန္တရာယ်ဖြစ်မယ် ပြောပြန်တော့လည်း ကိုယ့်မှာလူမုန်းများတော့ အဲဒါကျနော့်ရဲ့ ရန်သူအင်မတန်များစေတဲ့ အားနည်းချက်ပဲလို့ဆိုတော့ ဆရာ့ခမျာမှာ ရယ်ရအခက် ငိုရအခက်နဲ့ အေးဗျာ… တခြားလူတွေကိုလည်း ကျနော်မေးကြည့်ဦးမယ် နောက်တခါပြန်လာရင် သူများတွေဘယ်လိုဖြေလဲ ခင်ဗျားကိုပြောပြပြီးတော့ တခြားအမြင်တွေနဲ့ ထပ်ပြီးတော့ညှိကြည့် တူညီတဲ့အတွေးအခေါ် ဘယ်လောက်များလဲ ကြည့်ကြတာပေါ့ဆိုပြီး သင်တန်းသားတွေလည်း စုံပြီဖြစ်တော့ အတန်းစရင်းနဲ့ စကားစကို ဖြတ်ရတော့တယ်။