Calm Hill My Random Thoughts

စိတ္တဇအတွေးများ (၆)

ကြင်နာသနားတတ်တယ် (Sympathy) တို့ ကိုယ်ချင်းစာတရား (Empathy) တို့ဆိုတာ လူမျိုးမရွေး ဘာသာမရွေး သဘောကျလက်ခံတဲ့ အကြောင်းအရာတွေပေါ့။ ကြင်နာသနားတာနဲ့ ဆန့်ကျင်ဘက်ဆိုရင် ရက်စက်ကြမ်းကြုတ် အကြင်နာခေါင်းပါးတယ်ဆိုတာပေါ့ ကိုယ်ချင်းစာတာရဲ့ ဆန့်ကျင်ဘက်ဆို တကိုယ်ကောင်းဆန်တာပေါ့ အဲဒါတွေက ကောင်းတဲ့အရာတွေလို့ ဘယ်သူမှလက်ခံလို့ မရဘူးမဟုတ်လား။ ကိုယ်ကလည်း ပေါက်ကရစာတွေ ဖတ်လေ့ရှိတော့ ကိုယ်ချင်းစာတရားဆိုရင် Yale University က စိတ်ပညာပါမောက္ခ Paul Bloom ရေးတဲ့ Against Empathy: The Case for Rational Compassion ဆိုတဲ့ စာအုပ်တအုပ်ဟာ ကိုယ့်ခေါင်းထဲကို ရောက်လာတတ်တယ်။

Against Empathy မှာအဓိကအားဖြင့် ကိုယ်ချင်းစာတရား (Empathy) မရှိသင့်ဘူးလို့ လုံးလုံးလျားလျား ပစ်ပယ်ဖို့မဟုတ်ဘူး ဒါပေမယ့်လို့ ကိုယ်ချင်းစာတရားရဲ့ အားနည်းချက်တွေကို သုတေသနလုပ်ပြီး ရလဒ်တွေနဲ့ရယ် ဥမာတွေနဲ့ပြပြီးတော့ ကိုယ်ချင်းစာတရားတခုထဲနဲ့ မလုပ်မဖြစ်တဲ့အရာတွေကို ဆွေးနွေးထားတာပေါ့ ဒါပေမယ့် လူအများသဘောကျတာ မကောင်းဘူးပြောရတော့ လူတိုင်းသဘောကျတဲ့ စာအုပ်မဟုတ်တဲ့အတွက် Review Rating တွေကတော့ သိပ်ပြီးမများလှပါဘူး။ အဲဒါဖတ်မိပြီးကတည်းက ကိုယ်ချင်းစာတရားနဲ့ ဆက်စပ်တဲ့ အကြောင်းရာတွေ ပေါ်လာတဲ့အခါ ချရေးထားမိတယ် Against Empathy ကို ဘာသာပြန် မဟုတ်တဲ့အတွက် သူပြောထားတာနဲ့ ဆန့်ကျင်ဘက်လည်း ပါကောင်းပါနိုင်တယ်။

ကြင်နာသနားဆိုတဲ့ (Sympathy) နဲ့ ကိုယ်ချင်းစာတရား (Empathy) ဟာ တွဲလျက်လို့ထင်ရတယ် တကယ်ကတော့ အရင်သနားမိလို့ ကိုယ်ချင်းစာကြည့်မိတာ ဆက်ပြီးတော့မှ ပိုပြီးတော့သနားတာလည်း အကျိုးဆက်အနေနဲ့ ဖြစ်ကောင်းဖြစ်မှာပေါ့။ ကိုယ်ချင်းစာတရားဆိုတာက စဉ်းစားကြည့်မယ်ဆိုရင် သိပ်ပြီးတော့ ရှုပ်ရှုပ်ထွေးထွေး မဟုတ်ပါဘူး တခြားတယောက်အနေနဲ့ ကိုယ်ကဝင်ပြီးတော့ အခက်အခဲဆိုလည်း ဘယ်လောက်တောင် ခက်ခဲရှာမလဲ ဒုက္ခဆိုလည်း ဘယ်လောက်တောင် ဒုက္ခရောက်ရှာမလဲ ခံစားကြည့်တာတခုပဲ သူများခံစားသလို နားလည်အောင်လုပ်တာပေါ့ အဲဒါပဲဒီထက်မပိုဘူး။ တဘက်သားကို ပိုပြီးနားလည်သွားလို့ ကူညီစရာရှိတယ်ဆိုရင် သာမန်ထက်ပိုရင်တောင် ကူညီဖြစ်သွားတယ်တယ်တို့ နားလည်ပေးပါ ဆိုတာမျိုးဆိုလည်း နားလည်ပေးနိုင်တယ် ဆိုတာမျိုးတွေက ကိုယ်ချင်းစာတရားကို အသုံးချတဲ့လူရဲ့ ရည်ရွယ်ချက်ကိုပဲဖြစ်ဖြစ် အသုံးချတဲ့လူမရှိပဲ ကိုယ်တိုင်ကိုယ်ကျ ဆုံးဖြတ်ပြီးဖြစ်ဖြစ် ဖြစ်လာတဲ့အကျိုးဆက် ကိုယ်ချင်းစာတရားရဲ့ အခြားတဘက် ဖြစ်ပါလိမ့်မယ်။

Against Empathy မှာ Paul က သူကျောင်းသားဘဝတုံးက ဆင်းရဲတဲ့နိုင်ငံတွေအတွက် အလှူအတန်းလုပ်နေတဲ့ Charity တခုဆီကို လှူမယ်ဆိုပြီး ရည်ရွယ်ပြီးတော့ မလှူသေးခင်တော့ သူတို့အကြောင်း သိရအောင်ဆိုပြီး ဘာတွေလုပ်လဲ သိပါရစေဆိုပြီး စာရေးပြီးတော့ မေးခဲ့ဖူးတယ်။ အဲဒီအဖွဲ့ဆီကနေ စာပြန်လာတော့ ဘာလုပ်နေတယ်ဆိုတာ မပါလာပဲနဲ့ သနားစရာ ကလေးတယောက်ရဲ့ ဓာတ်ပုံလေးတပုံရယ် သူတို့အကြောင်း စာနဲ့အပြည့်အစုံပြောဖို့ထက် အကယ်၍သာဆိုပြီး ဖွံ့ဖြိုးပြီးနိုင်ငံတခုက လူတယောက်အတွက် များတယ်မဆိုနိုင်တဲ့ ငွေပမာဏတခုကိုပြောပြီး လှူနိုင်မယ်ဆိုရင် ဒီကလေးရဲ့ အသက်ကိုကယ်ခွင့် ရနိုင်ပါလိမ့်မယ်လို့ စာအတိုလေးပါလာတယ်။ အဲဒါလေးမြင်ပြီးတော့ သူတင်မကဘူး သူ့မိသားစုပါ အဲဒီကလေးအတွက် နှစ်အတော်ကြာကြာ လှူဖြစ်ခဲ့တယ်ဆိုတယ်။ သူဆိုလိုတာက ကိုယ်ချင်းစာစိတ်ရဖို့အတွက် ပထမဆုံးအနေနဲ့ သနားကြင်နာလာအောင် ကလေးလေးပုံပြလိုက်တော့ ငါ့ကလေးသာဆိုရင် ဘာလိုနေမလဲဆိုပြီး ကိုယ်ချင်းစာကြည့်မိအောင် လုပ်ယူလိုက်တော့ ဒီအဖွဲ့အစည်း ဘာလုပ်နေမှန်းလည်း အသေအချာတောင် ရှင်းမပြလိုက်ရပဲနဲ့ လှူဖြစ်သွားတယ် ကောင်းတယ်လို့ ယူဆလို့ရတဲ့ ရည်ရွယ်ချက် တခုအတွက် ကိုယ်ချင်းစာတရားကို အသုံးချသွားတာပေါ့။

Charity ကိစ္စမျိုးတွေမှာ ကိုယ်ချင်းစာတရားကို အသုံးချပြီးတော့ ကိုယ်လိုချင်တဲ့ အကျိုးဆက်ရအောင် လုပ်ယူတာမျိုးကို ကောင်းလားမေးရင် လုပ်သင့်တယ်ပဲ လူအများဖြေကြမယ်။ ဒီလိုကိစ္စမှာတောင် ဆိုးကျိုးရှိတယ် ပြေလည်တဲ့လူအတွက် ကူညီနိုင်လှူနိုင်ပေမယ့် မပြေလည်တဲ့လူကို သနားအောင်ပြောမိပြီး ကိုယ်ချင်းစာပြီး အတင်းလှူချင်စိတ် ပေါက်အောင်လုပ်မိရင် မလိုအပ်ပဲမနိုင်ဝန် ထမ်းလိုက်ရတာ ဖြစ်သွားနိုင်သလို ဘယ်လိုမှလည်း မတတ်နိုင်ရင်တောင် သနားတယ်ဆိုပြီး စိတ်ဒုက္ခတော့ ရောက်ရတယ်။ လူတယောက် ဒုက္ခရောက်တယ်ဆိုတာ ဝမ်းနည်းစရာမှန်ပေမယ့် ဘာမှမသက်ဆိုင်တဲ့ မလိုအပ်တဲ့လူတယောက် အဆစ်ပိုပြီးတော့ စိတ်ဒုက္ခရောက်ရတာကျ ပိုပြီးတော့ဆိုးတယ် သူ့အတွက်ကျတော့ ဘယ်သူမှသနားပြီးတော့ ကိုယ်ချင်းစာကြမယ်လည်း မဟုတ်တဲ့အတွက် ရည်ရွယ်ချက်တခုနဲ့ ကိုယ်ချင်းစာခိုင်းပြီး တွန်းအားပေးတာမျိုးက ယေဘုယျအားဖြင့် ကောင်းတဲ့အလုပ်ဆိုရင်တော့ လုပ်သင့်တဲ့အချိန်လား မလုပ်သင့်တဲ့အချိန်လား အတော်ဆင်ခြင်ရမှာပါ။

အသုံးမချတတ်တော့ အဆဲခံရတာလည်းရှိတယ် တခါတုံးက ကိုယ်သင်တန်းကနေပြန်အလာ Shopping Mall ဘေးမှာ မိဘမဲ့ကလေးဂေဟာ Charity တခုက ကောင်လေး ၃ ယောက် လလည်းကုန်တော့မယ် ဘတ်ဂျက်လည်း မပြည့်သေးဘူး ကလေးတွေလည်း အများကြီးဆိုပြီး အလှူခံလာတော့ မေးကြည့်ပြီးတော့ စကားပြောနေတဲ့ တယောက်ကို အတော်များများ လှူလိုက်ပါတယ်။ ကိုယ်ထွက်လာတော့ နောက်တယောက်က အတင်းကိုပဲ ထပ်အလှူခံပြန်တော့ မင်းတို့ကအတူတူပဲ မဟုတ်လားဆိုတော့ ဟုတ်တယ်ဆိုတော့ အာရုံနောက်လာတော့ မင်းတို့ရုံးဖုန်းပြောစမ်း ဓားပြတိုက်နေတယ်လို့ ငါတိုင်မယ်ဆိုလုပ်တော့ ကောင်လေး ၃ ယောက်လုံး ကိုယ့်ဆီရောက်လာတော့ အကူအညီလိုတဲ့လူအတွက် ငါလှူလိုက်တယ် သူလည်းအကျိုးရှိတယ် ငါလည်းပျော်တယ် Charity ကလူတွေကြည့်ရမှာက ဒုက္ခရောက်နေတဲ့လူတွေ အကူအညီရဖို့တခုထဲ မဟုတ်ဘူးလို့ လှူတဲ့လူတွေပျော်နေတဲ့ အပျော်လည်း မပျောက်ဖို့လိုတယ်လို့ အခုတော့ ငါလှူတော့လှူလိုက်တယ် မပျော်တော့ဘူးဆိုတော့ ငါ့အတွက် အလကားဖြစ်ပြီလို့ပြောပြီး ပြဿနာလှည့်ရှာတော့ ဝိုင်းတောင်းပန်ကြတယ်။

ကိုယ်ချင်းစာတရားကို တွန်းအားပေးနိုင်တဲ့ ပထမအဆင့်ဖြစ်တဲ့ သနားတယ်ဆိုတဲ့ (Sympathy) ကို ဆက်ပြီးတော့ကြည့်မယ်ဆိုရင် တချို့စိတ်ပညာ သုတေသနတွေရဲ့ အဖြေတွေအရ ပြဿနာရှိတယ်ဆိုတယ် သနားခြင်းမှာ ချစ်စရာကောင်းခြင်း မကောင်းခြင်းတွေ ရွံစရာကောင်းခြင်း မကောင်းခြင်း အားနည်းခြင်း အားများခြင်းတွေမှာ အင်မတန်မူတည်ပြီးတော့ ဘက်မလိုက်ပဲမျှတမှု့ မရှိဘူးဆိုတယ်။ ဥပမာအနေနဲ့ တယ်ရီယာအဖြူလေး တကောင်ရယ် ခွေးဝဲစားတကောင်ရယ် ကိုက်နေတယ်ဆိုပါစို့ ဘယ်ခွေးကို နိုင်စေချင်လဲရယ် အရက်မူးနေတဲ့ လူတယောက်က ပြေးနေတဲ့အမျိုးသမီး တယောက်ကို လိုက်ဖမ်းနေတယ်ဆိုပါစို့ မိစေချင်သလား မမိစေချင်ဘူးလား ကိုယ့်ရဲ့စိတ်ခံစားချက်ကို နည်းနည်းသုံး သပ်ကြည့်မယ်ဆိုရင် သနားကြင်နာခြင်းဟာ မှားခြင်းမှန်ခြင်းနဲ့ သိပ်မသက်ဆိုင်ဘူး တဘက်ကိုလိုက်တဲ့အတွက် အပြိုင်ဖြစ်လာရင် တခြားတဘက်အပေါ်မှာ ရက်စက်ခြင်းရှိတာ စဉ်းစားမိတယ်ဆိုရင် တော်တော်လေး ကြောက်စရာကောင်းတယ်။

ကိုယ်နဲ့ခင်တဲ့ ညီမတယောက် FB ပေါ်မှာ လွန်ခဲ့တဲ့ ၄−၅လ လောက်က ပေါက်ကွဲနေတော့ ဘာဖြစ်လဲလို့ စကားစပ်မိတော့ သူလုပ်ထားတဲ့ ပရောဂျက်တခုကို တခြားလူတွေက သူတို့လုပ်ပါတယ်ဆိုပြီး အငြင်းပွားနေတယ်ဆိုတော့ သူပြောပြတာ နားထောင်ရင်းနဲ့ တဘက်ကလူတွေကို သတိထားမိတော့ ငါ့ညီမရယ်လို့ မိန်းကလေးချင်းဆိုပေမယ့် တဘက်ကကိုယ့်ထက် ငယ်ငယ်ချောချော ဖြစ်နေတယ်ဆိုတော့ ကိုယ့်ဘက်ကမှန်လည်း Public ပရိတ်သတ်နဲ့ ဖြစ်နေတဲ့ Social Network မှာ ရန်မဖြစ်ပါနဲ့လို့ ညည်းနိုင်ခြေမရှိဘူးလို့ တခြားနည်းလမ်းတွေ အကြံပေးတော့ ဟိုကလည်း ပေါက်ကွဲတာပေါ့ ကျမတို့ လူ့အဖွဲ့အစည်းက အမှားမှန်ကို နားမလည်ရအောင် ဘာတွေတုံးလုပ်နေလို့ အဲဒီရက်ပိုင်းက Myanmar Idol အချိန်ဆိုတော့ မြန်မာပြည်သိန်းတန်ပြောတဲ့ နှာခေါင်းနဲ့ Vote မလုပ်ကြပါနဲ့ အနုပညာနဲ့ Vote ကြပါလို့ တောင်းပန်ယူရတာ ငါ့ညီမလည်း မြင်ဖူးတာပဲ မဟုတ်လားလို့ မေးခွန်းထုတ်တော့မှ ဆက်ပြီးတော့ မငြင်းရှာတော့ဘူး။

ငယ်ငယ်တုံးက ဦးလေးဖြစ်သူက ဆိုင်ကယ်စီးသင်ပေးတော့ ဆိုင်ကယ်စီးရင်းနဲ့ ကိုယ့်ရှေ့ကဆိုင်ကယ်နဲ့ မိန်းကလေးတယောက် ဆိုင်ကယ်လဲတယ်ဆိုရင် ကူညီချင်လို့ပဲဖြစ်ဖြစ် သနားလို့ပဲဖြစ်ဖြစ် ဖွန်ကြောင်လို့ဖြစ်ဖြစ် သွားထူမပေးနဲ့တဲ့ ကိုယ်တိုက်ပါတယ်ဆိုပြီး ဘေးကလူတွေ ဆွမ်းကြီးဝင်လောင်းတာ ခံရတာလည်း ရှိတတ်တယ်။ မိန်းကလေးဆိုတာ သာမန်အချိန်သာ အင်မတန် စကားများတာ ကိုယ့်ကိုဝိုင်းပြီး ဆွမ်းကြီးလောင်းနေတဲ့ အဲလိုအချိန်ကျ ကိုယ်တိုက်တာမဟုတ်ပါဘူးဆိုတာ အသံကထွက်ချင်မှထွက်တာ ကြိုပြီးတော့ရှောင်တာပဲ အန္တရာယ်ကင်းတယ်ဆိုပြီး လမ်းစည်းကမ်းထက် အရေးကြီးတဲ့ လိုက်နာရန် သင်ခန်းစာမှာ အရင်သင်ရတယ်။ ဆိုင်ကယ်စီးတတ်စလို့ အထင်ခံရမယ့် ယောက်ျားလေး ခပ်ငယ်ငယ် အတွက်ရော သန်သန်မာမာ ယောက်ျား တယောက်အတွက် သတိထားဖို့ တကယ်လိုအပ်တယ်။ အဲဒီလို လုပ်သင့် မလုပ်သင့်ဆိုတာက ဒီအကြောင်းအရာ တခုထဲနဲ့လည်း ဆုံးဖြတ်လို့မရတဲ့တွက် တခြားအကြောင်းအရာတွေ ထပ်ပြောမှရမှာဖြစ်လို့ ဒီမှာပဲထားခဲ့မယ်။

သနားခြင်းကအလွယ်တကူ ဘက်လိုက်ဖို့ လွယ်တယ်ဆိုရင် အကြင်နာတွေ ဖောဖောသီသီရနိုင်တဲ့ ချစ်ရာကောင်းတယ် ခွန်အားနည်းတယ် ဆင်းရဲတယ် နိမ့်ကျတဲ့ဘဝ ပညာမတတ် စသည်ဖြင့် ဘုရားပေးတဲ့ ကုသိုလ်တွေကို စနစ်တကျအသုံးချပြီးတော့ ကိုယ်ချင်းစာစိတ်ဖြစ်ပြီး ကိုယ်လိုချင်တာကို မဟုတ်တဲ့လမ်းအနေနဲ့ အသုံးချလို့ရတာတွေ အများကြီးဖြစ်နိုင်တယ်။ သိပ်ခက်ခဲ့တဲ့ ဥပမာတွေ ရှာရမယ်မထင်ပါနဲ့ မကြာခဏမြင်ဖူးနေတဲ့ ကျူးကျော်တဲတွေ အခုအချိန်အထိ ရှင်းလို့မနိုင်ဘူး စုတ်စုတ်ပြတ်ပြတ် တဲစုတ်လေးတွေ ဘူဒိုဇာနဲ့ထိုးလိုက်တာ့ မျက်ရည်ဖြိုင်ဖြိုင်ကျအောင် သနားကြတာပဲ နေစရာမရှိတာက လူနည်းစုပါ အများစုက တကယ်မဆင်းရဲဘူး အခွင့်ရေးရမလား လာလုပ်ကြတာပါဆိုတာ သက်သေရှိရင်တောင် လူတိုင်းယုံအောင် ရှင်းပြလို့မနိုင်သေးဘူး။ အမတော်ကြေး ပြန်မဆပ်နိုင်တဲ့ လယ်သမားတွေကို စကားအပြောမတတ်တော့ ထမင်းတနှပ်လျှော့စားဆိုတော့ အဆဲခံခဲ့ရတဲ့ အရင်ခေတ်ကဝန်ကြီး အခုခေတ်လည်း တခြားဝင်ငွေရှာဆပ်ပေါ့လို့ လေသံပျော့နဲ့ပြောလည်း ဆင်းရဲတဲ့ဘက်ကိုပဲ သနားခြင်းကပိုတော့ အဆဲခံရတာပါပဲ။ ရှင့်မှာပါတာအကုန်ထုတ် မပေးဘူးဆိုရင် ကျမကို ဗလက္ကာယ လုပ်ပါတယ်လို့ အော်လိုက်မယ်ဆိုပြီး ပါးစပ်လေးတခုနဲ့ လက်နက်မလိုပဲ ပြုံးပြုံးလေးနဲ့ ဓားပြတိုက်သွားတာ ခံလိုက်ရတဲ့ ယောက်ျားကြီးတွေလည်း လက်တွေ့မှာ အများကြီးရှိတယ် ရှက်လွန်းလို့သာ ရဲလည်းမတိုင်ရဲနဲ့ ပြန်ပြောမပြကြလို့ ဂျာနယ်ထဲမပါတာပါ။ ဆင်းရဲတယ်ဆိုတာ အသုံးချတတ်မယ်ဆိုရင် ပညာအရည်အချင်း တန်းတူမရှိပဲ နည်းနည်းနိမ့်ရင်တောင် ချမ်းသာပြီးတော့ အရည်အချင်းသာတဲ့ လူတွေတောင် ဝင်ဖို့မလွယ်တဲ့ တက္ကသိုလ်တွေမှာ ပညာသင်ဆုနဲ့ ဝင်ခွင့်ရနိုင်တယ်။

သနားကြင်နာခြင်းတို့ ကိုယ်ချင်းစာတရားတို့ဟာ လူသားဆန်တဲ့ အကြောင်းတွေဖြစ်ပေမယ့် ဘက်လိုက်တတ်တယ်ဆိုရင် တချို့လူတွေမှာ အဲဒီအရာတွေ မရှိဖို့လိုအပ်တယ်။ လွှတ်တော်ဥက္ကဌကြီးက မြေသိမ်းခံရတဲ့လူတွေအတွက် ကော်မတီအစီရင်ခံစာမှာ ဥပဒေနဲ့ ညီပါတယ်လို့ ပါလာတော့ တရားလွှတ်တော်ချုပ်ကို ဆူတော့ပူတော့ အကြင်နာတရား ကိုယ်ချင်းစာတရားတွေ ထွန်းကားတဲ့ ဒို့နိုင်ငံကြီးက ဘယ်မှာလဲဆိုတော့ လူတွေလူတွေ သဘောကျကြတာ။ မှားတယ်မှန်တယ်တော့ အစီအရင်ခံစာမှာ ဘာပါတယ်တော့ မသိဘူးပေါ့လေ အဲဒီကိစ္စကို ပြောနေတာမဟုတ်တော့ သိချင်ရင်တော့ ရှာဖွေပြီးတော့ ဖတ်ကြည့်မှပဲသိမှာ။ ဒီနေရာမှာ ဥပဒေနဲ့ညီတိုင်း မျှတတယ်လို့တော့ မဆိုလိုပါဘူး အဲဒါကြောင့် ဥပဒေဆိုတာ မျှတတယ်လို့ လူအများသဘောတူပြီး လက်ခံပြီးတော့ ရေးဆွဲထားတယ်လို့ ကြိုပြောတာပါ။ ပြဌာန်းထားတဲ့ ဥပဒေကမျှတတယ်လို့ သဘောမတူရင် ဥပဒေကိုပြင်ရမယ့် လူတွေရဲ့အလုပ်ပါ ရှိတဲ့အတိုင်း ဆုံးဖြတ်ဖို့အတွက် တာဝန်ရှိတဲ့လူကို ပြဿနာရှာရမှာ မဟုတ်ဘူး မဟုတ်လား။

ရှေ့နေဆိုတာမျိုးက အလုပ်သဘောက ဘက်လိုက်ရတဲ့ အလုပ်ဆိုတော့ ဘာမှမဖြစ်ပေမယ့် တရားသူကြီးကျ အဲဒါတွေပိုလို့ မသင့်တဲ့လူတွေ အဲလိုလူတွေကို ဒီအရာတွေ ထားပါဆိုတော့ ခက်တော့ခက်တယ်။ တရားသူကြီးဆိုတာက လူအများသဘောတူပြီး ဒီအချက်တွေနဲ့ညီရင် တရားမျှတပါတယ်ဆိုပြီး ဆွဲထားကြတဲ့ ဥပဒေတွေအတိုင်း အင်မတန်ကို Conservative ဖြစ်ရမယ့်လူတွေ။ ဆုံးဖြတ်တဲ့အခါလည်း သက်သေသက်ကာယ အချက်အလက်အပေါ် အခြေခံပြီးတော့မှ ဥပဒေနဲ့ပြန်တိုက်ပြီး ဆုံးဖြတ်ရတာကို အကြင်နာတို့ ကိုယ်ချင်းစာတို့ အတင်းထည့်ရင် လုပ်ပိုင်ခွင့်ရှိတဲ့ အတိုင်းအတာ တခုအတွင်းကနေ လူသတ်တရားခံက ချောချောလှလှ ကောင်မလေးဆိုပြီး အပြစ်ဒဏ်လျော့ချ စည်ပင်ကဖမ်းပြီး တရားစွဲလာတဲ့ လမ်းဘေးစျေးသည် အသက်ကြီးကြီး အရုပ်ဆိုးဆိုးနဲ့ ကုလားမကြီးဆိုရင် ဒဏ်ငွေပိုရိုက်ဆို ဖြစ်ကုန်ကြရင် အခက်သားပဲ။

ရေးနေတာလည်း တောင်ရောက်မြောက်ရောက်နဲ့ တကယ့်စိတ္တဇဖြစ်နေပြီ အကြောင်းအရာတွေက ရူးချင်ယောင်မှ မဆောင်ရင်လည်း အဖမ်းခံရနိုင်တဲ့ အခြေအနေဖက် ရောက်လာပြီဆိုတော့ ဘယ်အချိန်မှာ အကြင်နာတရားရှိသင့် ဘယ်အချိန်မှာမရှိသင့် ဆိုတာမျိုးတွေက ဆက်ပြီးရေးလည်း ဆုံးမှာမဟုတ်ဘူးဆိုပြီး နောက်များစိတ်ကူးထဲ ပေါ်တဲ့အချိန်မှဆက်မယ် အခုတော့ဒီမှာပဲ ရပ်လိုက်ဦးမယ်။ ထပ်ပြီးတော့ ပြောချင်တာက သနားကြင်နာခြင်းတို့ ကိုယ်ချင်းစာတရားတို့ဆို မလိုအပ်ဘူး မကောင်းဘူးလို့ တရားသေဆိုလိုတာ မဟုတ်သလို ကောင်းပါတယ်လို့ ပြောဖို့ဆိုတာကလည်း အခြေအနေနဲ့ အချိန်အခါကို မူတည်တယ်ပဲ ပြောချင်တာပါ။