Calm Hill My Random Thoughts

ခေါ်နူးစုမ်သို့ အလည်တခေါက်

၂၀၁၈ မှာ စင်္ကာပူရုံးကို ပြန်ရောက်ထဲက အလုပ်များနေတာ ၂၀၁၇ ကခရီးကို အခုမှပဲ ရေးနိုင်တော့တယ်။ ၂၀၁၇ မကုန်ခင်မှာ ခွင့်တွေပိုနေတယ် ရှင်းပါဦးလို့ ရုံးကနေ သတိပေးလာတာနဲ့ ဘယ်သွားရလဲ ရှာဖွေကြည့်လိုက်တော့ ဒီဇင်ဘာထဲလည်း ရောက်နေပြီဖြစ်သလို အချိန်လည်းကပ်မှ စီစဉ်သလိုဖြစ်တော့ ကိုယ်သွားချင်တဲ့ ဝေးဝေးလံလံ နေရာတွေသွားလို့က မဖြစ်နိုင်တော့တာရယ် အမေ့အိမ်ကိုလည်း မပြန်မဖြစ်နဲ့ ပြန်ရဦးမှာဖြစ်တော့ မြန်မာနိုင်ငံထဲက တနေရာရာပဲ သွားတော့မယ်ဆိုပြီး ချင်းပြည်ဘက်ကို သွားဖို့အတွက် ဆုံးဖြတ်ပြီးတော့ ဖုတ်ပူမီးတိုက် စီစဉ်လိုက်ရတယ်။

သွားမယ်ဆိုတော့ ကိုယ့်ရှေ့ကသွားထားတဲ့ လူတွေကိုလိုက်ပြီး မေးမြန်းရတယ် ကူညီကြပါတယ် ဟိုတယ်တွေကလည်း သိပ်မရှိသေးတော့ ကိုယ်သွားချင်တဲ့ ခရစ်စမတ်ရက် ပတ်လည်ကတော့ အတော်ကိုခက်တယ် ခရစ်စမတ်မရှိလည်း ရတဲ့ရက်သွားမှာပဲဆိုပြီး ဒီဇင်ဘာ ၂၆-၃၀ ကို ဟိုတယ်တခုရတာနဲ့ ကြိုတင်ပြီးတော့ ဘွတ်ကင်လုပ်ထားလိုက်တယ်။ တောင်ပေါ်တက် ချင်းရွာတွေသွား ၁-၂ ရက်ဆိုလောက်ပေမယ့် ၄-၅ ရက်တောင် ဘာလုပ်မှာလဲမေးရင် ဘာမှလုပ်ဖို့ကို အစီအစဉ်မရှိလို့ တမင်သွားတာလို့ပဲ ဖြေရမှာပါ။

ခရီးသွားမယ်ဆိုရင် အဖော်ညှိလို့ အလွယ်ဆုံးက ညီတော်မောင်ပဲ။ ချင်းဘက်သွားမယ်လို့ ပြောလိုက်ကတည်းက ကားရှာထားတယ် လမ်းကြည့်ထားတယ် ကင်မရာပြင်ထားတယ် တအိမ်လုံးလည်း သူ့ကိုအတော်ကို မျက်စေ့နောက်နေပေါ့။ တက်ကြွတဲ့လူရှိသလို သွားမယ်ပြောကတည်းက ပြဿနာလုပ်နေတာ အမေပါပဲ။ မင်းကဘာကိစ္စ အဲဒီဘက်သွားမှာတုံး အေးတာနဲ့ သေမှာဆိုတာနဲ့ စကားကစတာ။ တားမရမှန်းလည်းသိတော့ ဘာမှတော့ ထပ်မပြောတော့ပါဘူး အစားအသောက်နဲ့ ဆေးတွေကတော့ ဆေးဆိုင်မှာရောင်းစားလို့ ရလောက်တဲ့အထိ ထည့်ပေးဖို့ဆိုပြီး စုဆောင်းထားတာ အိမ်ရောက်တာနဲ့ တွေ့ရလေရဲ့။

ခရစ်စမတ်အပြီး နောက်နေ့မနက်စောစော ညီအစ်ကိုနှစ်ယောက် ကားတစီးနဲ့မနက် ၇ နာရီလောက် မန္တလေးကနေ မြင်းခြံကတဆင့် ပခုက္ကူဘက်ကို ထွက်လာခဲ့တယ် နေ့လည်စာက နည်းနည်းစောပေမယ့် ပခုက္ကူမှာပဲစားပြီး ပုသိမ်-မုံရွာလမ်းအတိုင်း ဆက်မောင်းလာခဲ့ရင်း ကန်ဇွန်းမလမ်းခွဲကနေ ဆောမြို့ကတဆင့် ကန်ပက်လက်ကို ညနေ ၄ နာရီလောက်ရောက်တယ်။ ကားပေါ်မှာ မသိသာပေမယ့် ဟိုတယ်ရောက်တော့ ကားပေါ်ကဆင်းလိုက်တာနဲ့ အတော်လေး အေးမှန်းသိသာတယ်။ ဟိုတယ်အခန်းထဲ ရောက်ရောက်ချင်း အရင်ဆုံးလုပ်ရတာက အိတ်ကိုအမြန်ဖွင့်ပြီး အင်္ကျီတွေထပ်ဝတ်ရတာပဲ။ အခန်းထဲမှာ ကော်ဇောခင်းထားတာတောင် ခြေအိတ်နဲ့နင်းတာ အေးနေလို့ဆိုပြီး အခန်းထဲမှာ ဖိနပ်စီးထားရတယ် ဦးထုပ်ချွတ်လိုက်ရင် ခေါင်းကိုက်လာလို့ အိပ်တာတောင် မချွတ်ရဲပါဘူး။

Khaw Nu Som

ခေါ်နူးစုမ်ပေါ်တက်ဖို့အတွက် ဟိုတယ်မှာစုံစမ်းလိုက်တော့ မနက်အစောတက် ၁၀ မိုင်စခန်းအထိ ကားမောင်းလို့ရတယ် ၁၀ မိုင်ကနေအထက်ကိုတော့ လမ်းလျှောက်တက်ရင်တက် မတက်ရင်တော့ ဆိုင်ကယ်ကယ်ရီတွေ ရှိတယ်ပြောတယ်။ ကိုယ့်ကားလေးက အောက်ပိုင်းနိမ့်တော့ တက်လို့ရပါ့မလားမေးတော့ ရတယ်ဆိုတာနဲ့ နောက်နေ့မနက်တော့ မနက်စာကို ဟိုတယ်မှာစားပြီး ၇ နာရီလောက် ကားနဲ့တက်လာကြတာ ၈ နာရီခွဲတော့ ၁၀ မိုင်စခန်းကိုရောက်တယ်။ အတော်များများကတော့ ဆိုင်ကယ်ကယ်ရီနဲ့ တက်ကြပုံရတယ်။ တောင်တက်ပါတယ်ဆိုမှ ဆိုင်ကယ်နဲ့ဆိုရင် တောင်တက်တယ် ဘယ်ခေါ်နိုင်မလဲ ဆယ်ဖီလာဆွဲတယ်ပဲ ခေါ်လို့ရမှာပေါ့ ကိုယ်တွေကတော့ ခြေလျင်ပဲတက်ပါတယ် ကိုယ့်လိုလူတွေလည်း အနည်းအကျဉ်းတွေ့တယ် နိုင်ငံခြားသားတွေပဲ များတယ်ပဲပြောရမယ်။

အေးလွန်းတဲ့အတွက် အဝတ်အစားကတော့ အတော်သတိထားရတယ်။ အောက်ပိုင်းက မြက်တွေမကပ်မယ့် ဘောင်းဘီထူထူရယ် ခြေမျက်စေ့ထိမ်းမယ့် တောင်တက်ဖိနပ်ရယ်ဆို အဆင်ပြေပြီ။ အပေါ်ပိုင်းကတော့ အောက်ဆုံးကနေ ချွေးစုပ်လွယ်တဲ့ နိုင်လွန်နဲ့အင်္ကျီ အပေါ်ကနေ တီရှပ်လက်ရှည်အထူ အပေါ်ကနေ လည်ပင်းလုံတဲ့ ဂွမ်းခံတဲ့လက်ရှည် နောက်တထပ်အနေနဲ့ လေကာတထပ် တထပ်စီဝတ်သွားတယ်။ နေမြင့်လာတာနဲ့ ချွေးထွက်တယ်ထင်တာနဲ့ လေကာအောက်တထပ်ချွတ် လေကာပြန်ဝတ်နဲ့ ချွေးမထွက်အောင် သတိထားပြီးတော့ တက်သွားလိုက်တယ် နားတာကြာလို့ အေးတယ်ထင်တာနဲ့ ပျင်းလို့မဖြစ်ဘူးဆို တထပ်ပြန်ဝတ်ရတယ်။

တောင်တက်ရတာ အမြင့်ပိုင်းမှာဆိုတော့ လေထုကပါးတော့ ပြဿနာရှိပါတယ် မီတာ ၂၀၀ လောက်လျှောက်လိုက်ပြီးရင် လူကနည်းနည်းမောစပြုပြီ နားပြီးတော့ အသက်ရှူရတယ်။ ညီတော်မောင်က နည်းနည်းလည်း ဝိတ်များတော့ ပိုဆိုးပါတယ်။ စိတ်ထင်တိုင်း မတက်ရဲဘူး ခြေတလှမ်းကို ကုဋေတသန်းဆိုသလို ဖြည်းဖြည်းချင်း မှန်မှန်တက်မှပဲ နေသာထိုင်သာရှိတယ်။ ဆိုင်ကယ်လမ်းကတက်ရင် နည်းနည်းပြေပေမယ့် ဆိုင်ကယ်ရှောင်ရတာ အာရုံနောက်ရတယ် ဖုန်တွေတအားထလို့ တောလမ်းကနေ တက်လိုက်တယ်။ ပိုပင်ပန်းပေမယ့် ရှု့ခင်းတွေကလည်းလှတော့ ဓာတ်ပုံရိုက်ရင်းတက်တော့ သိပ်ပြီးတော့ထူးပြီး နားခဲ့တယ်လို့ မခံစားမိတော့ဘူး။ တောင်ဇလပ်အနီတွေ့တယ် အဝါတွေကတော့ မပွင့်သေးဘူးဖြစ်မယ် ချယ်ရီတွေလည်းရှိတယ်။ လမ်းတလျှောက်က ရေအိုင်တွေကတော့ ခဲနေတာတွေ့တယ် ရေခဲအချပ်လိုက် ခွာပြီးတော့ ဓာတ်ပုံတောင် ရိုက်ခဲ့ပါသေးတယ်။

တောင်ထိပ်ရောက်တော့ ၁၂ နာရီထိုးပြီဆိုတော့ ၁၀ မိုင်စခန်းကနေ ၃ နာရီခွဲလောက်ကြာအောင် တက်ခဲ့ရပါတယ်။ တောင်ထိပ်မှာတော့ ရှု့ခင်းအပြင် စေတီတဆူရှိတယ် ဘုရားဆင်းတုတဆူရယ် လက်ဝါးကပ်တိုင်တခုရယ်ပဲ တွေ့ရပါလိမ့်မယ်။ လာတဲ့လူတွေကလည်း အဲဒါတွေ လာဖူးတာမဟုတ်တော့ အရေးတော့မကြီးပါဘူး။ တောင်ပေါ်ကို လမ်းလျှောက်တက်ရင်တော့ စားစရာတခုခုတော့ ယူလာမှသင့်မယ် နေ့လည်စာအမှီ ပြန်ဆင်းလို့မရဘူး။ ဒီအချိန်မှာတော့ အမေဖြစ်သူထည့်ပေးလိုက်တဲ့ မုန့်အခြောက်အခြမ်းတွေက အတော်အသုံးဝင်တယ် မုန့်ကျွတ်လေးစား ဘီစကစ်လေးဝါး ဗိုက်ထဲမှာပွအောင် ရေသောက်လိုက်ရင် အတော်လေးအဆင်ပြေပြီပဲ။

Khaw Nu Som

တောင်ပေါ်ကလည်း လေတိုက်တဲ့အတွက် အတော်အေးပါတယ် ကြာကြာနေလို့ အဆင်မပြေပါဘူး။ နေ့လည် ၁ နာရီလောက်ထိုးတော့ ပြန်ဆင်းလာခဲ့တယ်။ အဆင်းကတော့ အတက်ထက် နည်းနည်းပိုမြန်တယ် စိတ်ထင်တာရယ် ဓာတ်ပုံမရိုက်တော့တာရယ်နဲ့ ညနေ ၃ နာရီလောက်တော့ ၁၀ မိုင်စခန်းကို ပြန်ရောက်လာတယ် ဟိုတယ်ပြန်ရောက်တော့ ၄ နာရီထိုးနေပါပြီ။ မပင်ပန်းဘူးပြောရင် လိမ်ပြောရာကျမှာပေါ့ ကိုယ်လည်းပဲ ဘာသားနဲ့ ထုထားတာမို့တုံး။ ပြန်ရောက်တော့ ခြေထောက်တွေက ရှိတယ်မထင်တော့သလို အဆင်းလမ်းမှာ ထိမ်းဆင်းရတော့ ဒူးလည်းတဘက် နာလာခဲ့တယ် အတက်တုံးက မနည်းတက်ခဲ့ရတော့ ပေါင်ရင်းတဘက်လည်း မျက်နေတာကျန်ခဲ့တယ်။ အဲဒီညကတော့ လိုဖို့ပဲရှိတယ် ပိုဖို့မရှိဘူးဆိုပြီး အကိုက်အခဲပျောက်ဆေး သောက်ပြီးတော့ အိပ်လိုက်ရတာပဲလေ။

Khaw Nu Som

နောက်ရက်တွေကတော့ အေးအေးဆေးဆေး ဖြစ်သွားပြီဆိုတော့ ကန်ပက်လက်ဘက်သွားတယ် ချင်းရွာတွေသွားတယ် ဓာတ်ပုံရိုက်မယ့် လူတွေအတွက်ကတော့ ရိုက်စရာတွေပေါတယ် လည်စရာဆိုရင်တော့ ဘာမှမရှိဘူးပဲပြောရမှာ။ ချင်းအမျိုးသမီးကြီးတွေ အတော်များများကို မျက်နှာမှာပါးရဲတွေနဲ့ နေရာအတော်များများမှာ တွေ့နိုင်ပါသေးတယ်။ ကန်ပက်လက်ထဲက နှာခေါင်းနဲ့ ပုလွေမှုတ်တဲ့ အဘွားဆီကိုလည်း ရောက်ဖြစ်တယ် ကိုယ်သွားတဲ့အချိန်က လူလည်းမရှိတော့ သူ့အိမ်မှာထိုင်ပြီး အေးအေးဆေးဆေး ဓာတ်ပုံရိုက်ပြီး စကားထိုင်ပြော အေးအေးဆေးဆေးနေပြီးမှ ဟိုတယ်ဘက် ပြန်လာခဲ့တယ်။

ကျန်တဲ့ရက်တွေကတော့ ဟိုနားဒီနားသွား လမ်းမှာတွေ့တဲ့ ကလေးလေးတွေ အိပ်ထဲပါလာတဲ့ မုန့်တွေပေးလိုက် ဓာတ်ပုံရိုက်လိုက် စာဖတ်လိုက်နဲ့ အင်တာနက်မရှိတဲ့ဘဝမှာ အတော်လေးကို ငြိမ်းချမ်းခဲ့တယ်။ သွားတဲ့အချိန်က ဒီဇင်ဘာဖြစ်နေတော့ တောင်ဇလပ်တွေက အနီတွေပဲ ပွင့်ကာစရှိသေးတယ် ဟိုတယ်ကမန်နေဂျာ အစ်မကြီးကတော့ လာဖို့အဆင်ပြေရင် ဖေဖော်ဝါရီနဲ့ မတ်လလောက်ဆိုရင်တော့ ရာသီဥတုက ဒီဇင်ဘာလောက် မဆိုးတော့သလိုပဲ တောင်ဇလပ်အနီ၊ အဝါနဲ့ အဖြူတွေ အစုံပွင့်တယ်ပြောတယ်။ တနှစ်လောက်တော့ အဲဒီအချိန်လောက်ကို ထပ်သွားဦးမယ်လို့ စိတ်ကူးထားတယ်။

comments powered by Disqus