Calm Hill My Random Thoughts

ကျွန်ုပ်နှင့် ဧရာဝတီ

ငယ်ငယ်တုံးကတော့ အိမ်ကဘဏ်သွားခိုင်းရင် မြန်မာ့စီးပွားရေးဘဏ်ဆို လက်မှတ်က အတွန့်မပါဘူး ပြန်ထိုးပေးပါတို့ မန်နေဂျာအန်တီကြီး ဝင်တွေ့ရတယ်တို့နဲ့ အင်မတန် စိတ်ညစ်တာ ပုဂ္ဂလိကဘဏ်တွေ ပေါ်လာတော့ အင်မတန်ပျော်တာ မမကြီးတွေ အများကြီးရှိတော့ ဘဏ်သွားဆိုရင် ဘယ်တုံးကမှ မငြင်းဖူးဘူး။ ငွေသွင်းတာတို့ ငွေထုတ်တာတို့ ငွေလွှဲတာတို အင်မတန်မြန်တာ မြန်တယ်ဆိုတာကလည်း ကိုယ်ကယှဉ်ကြည့်စရာက အစိုးရဘဏ်ပဲ မြင်ဖူးတာကိုး။ အခုအချိန်မှ သဘောပေါက်တာက လူကိုယ်တိုင်လာပြီး လုပ်ရတဲ့အလုပ်တွေက လူတိုင်းလိုက်လုပ်နိုင်တော့ Service ကို မှီအောင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်ပေးနိုင်တယ်။ Internet ပေါ်ကနေ ကိုယ်တိုင်လုပ်လို့ရတဲ့ Service တွေ ပေးရတဲ့အချိန်ကျတော့ ကိုယ့်ဆီကဘဏ်တွေရဲ့ Technical Debt ဟာ အတော်ကြီးတယ်။ ဘဏ်ရဲ့ Technical Debt ဆိုတာထက် IT Department လားတော့ ကိုယ်လည်းမသိဘူး။ အခုအချိန်မှာ အဲဒါတွေနဲ့ပတ်သက်ပြီး ကိုယ်နဲ့ရေစက် အပါဆုံးဘဏ်က ဧရာဝတီဘဏ်ဖြစ်မယ်။

လွန်ခဲ့တဲ့ ၂-၃ နှစ်လောက်က ရန်ကုန်မှာရုံးဖွင့်တော့ ရုံးကနေငွေလွှဲရင် အဆင်ပြေအောင်ဆိုပြီး Account တခုသွားဖွင့်ထား Cheque လက်မှတ်ပါတဲ့ Current Account တခုရှိတယ် ငွေ ၈ ထောင်လားမသိ ငွေ ၈ ထောင်နဲ့ Cheque တစောင်ရေးပြီး ထုတ်ရမှာလည်း အားနာပါတယ်ဆိုပြီး ဒီအတိုင်းထားရင်း အခုအချိန်အထိ ကျန်ပါသေးတယ်။ အဲ့ဒီ Account ဖွင့်တုံးက Internet Banking ဆိုပြီး လျှောက်ထားလိုက်တာ ၃-၄ ပတ်ကြာမယ်ဆိုတာ ကိုယ်သာပြန်သွားတယ် မရလာပါဘူး။ စင်္ကာပူပြန်ရောက်လို့ အတော်လေးကြာမှ Username နဲ့ Password ကို Email ရောက်လာတယ်။

အဲဒါလည်းပဲ OTP မရှိတော့ Login ဝင်လို့မရ Phone ကို ပို့မယ်ဆိုတဲ့ SMS ဟာလည်း မြန်မာနိုင်ငံက ဖုန်းနံပါတ်ကို Roaming နဲ့ဖွင့်ထားလည်း ဝင်မလာပါဘူး။ ၂ လလောက်နေတော့ ရန်ကုန်ရောက်မှ ဘဏ်သွားပြောတော့ နိုင်ငံခြားရောက်နေရင် SMS မရောက်ဘူးဖြေတယ်။ အဲဒါနဲ့ ကျုပ်ကနိုင်ငံခြားမှာဆိုတာ SMS ပို့တဲ့စက်က ဘယ်လိုလုပ်သိလဲမေးတော့ မရောက်ဘူးပဲ ငြင်းနေလေတော့ ကိုယ့်မှာသာ ဒီလောက်ရှင်းလင်းတဲ့ အကြောင်းအရာလေးကို နားမလည်တဲ့ ငပေါကြီးကို သူတို့အမြင်မှာ ဖြစ်နေပုံရတယ်။ ကြိုးစားပမ်းစား ရှာပေးကြတော့ အဟောင်းပုံထဲက OTP ရလာခဲ့တယ်။

အဲလောက်ရှုပ်နေတာကို အမှတ်မရှိပဲနဲ့ Saving တခုထပ်ဖွင့်ပြီးတော့ ATM ကဒ် လုပ်ခဲ့ပြန်တယ်။ ၄ ပတ်လောက်တော့ ကြာမယ်အစ်ကိုပဲ အရင်အတိုင်းပဲပြောတယ်။ ကိုယ်ကလည်း အလျင်လိုတာမှ မဟုတ်တာပဲ နောက်ထပ် ၁ လခွဲ လောက်နေမှ ပြန်လာမှာဆိုတော့ အေးပါရတယ်ပဲ ပြောခဲ့လိုက်တာ။ နောက်တော်တော်နဲ့ ပြန်လာမဖြစ်ဘူး ၂ လကြာသွားတယ် ပြန်ရောက်တော့ သွားမေးတော့လည်း ကဒ်ကမရသေးဘူး။ အဲဒီကိစ္စကလည်း အတော်ကြာတယ် နာမည်မှားလိုက် မှတ်ပုံတင်မှားလိုက် ကဒ်ကပြန်ရိုက်ရတွေရော ၃ လလောက် ကြာမှပဲရလာတော့ ကိုယ်သွားနေတဲ့ ကမာရွတ်ဘဏ်ခွဲက စာရေးမလေးတွေက ကိုယ့်ကိုမကြာခဏ လာစေချင်လို့များ လုပ်နေသလား တခါတခါတောင် သံသယဝင်လာတယ်။

Saving Account လေးရလာတော့ Internet Banking ကနေ တခါလောက် ဝင်ကြည့်တယ် Saving Account က အဲဒီအထဲမှာမပါဘူး။ ဘဏ်ကိုသွားမေးတော့ အဲဒါကထည့်ခိုင်းမှ ထည့်ပေးတာပြောတယ်။ ဒီလူတယောက်ထဲ မှတ်ပုံတင် နံပါတ်အတူကို ဘယ်ဖြစ်လို့ Account တိုင်းက Internet Banking ထဲမှာ ထပ်ထည့်ခိုင်းဖို့လိုလဲ ကိုယ်လည်းဘယ်လိုမှ စဉ်းစားလို့မရဘူး။ အဲဒါဆိုလည်း ထည့်ပေးလို့ပြောခဲ့တာ စင်္ကာပူပြန်ရောက်တော့ Login ဝင်လိုက်တာ Lock ပဲ ဖြစ်သွားလားမသိ ဘယ်လိုမှလည်း ဝင်လို့မရတော့ဘူး။ နောက်တခါတွေ ရန်ကုန်ပြန်ရောက်လိုက် မေ့သွားလိုက်ရယ် ဘဏ်သွားရမယ့်အစား ကျားအမြီးပဲ ပြေးဆွဲလိုက်ချင်တာရယ်နဲ့ ATM ကဒ်ရှိနေရင် ပိုက်ဆံထုတ်လို့ ရနေတာပဲဆိုပြီး ATM မှာပဲ လိုအပ်တဲ့အခါမှာ ငွေစာရင်းကို သွားသွားစစ်တယ်။

အရင်နှစ်အကုန် ဒီဇင်ဘာလထဲက မန္တလေးရောက်တော့ ငွေလိုတာနဲ့ရယ် ဧရာဝတီထဲကိုက DBS ကနေ တိုက်ရိုက် ငွေလွှဲလို့ရတော့ ရန်ကုန်ဘဏ်က Account သုံးလို့ရပေမယ့် Exchange Rate အပြင် ငွေလွှဲခထပ်ပေးရမှာနဲ့ဆို ၂ ခါဆိုရင် မကိုက်ဘူးဆိုပြီးတော့ မန္တလေးဘဏ်မှာ Account ထပ်ဖွင့်တယ် ဖွင့်ထားတဲ့ Account ကိုလည်း Internet Banking ထဲကိုထည့်ပေး Account Password လည်းပြောင်းပေး Lock ကျနေတာလည်း ပြန်ဖွင့်ပေးဆိုပြီး လုပ်ခိုင်းထားခဲ့တယ်။ ကိုယ့်မှာသာ မြန်မာပြည်တပတ်ပတ်ပြီး ရန်ကုန်ပြန်ရောက်လို့ စင်္ကာပူကိုသာ ပြန်ခါနီးသွားတယ် Account က Login က Reset လုပ်နေတာ မပြီးသေးဘူး။ ငွေလွှဲစရာကလည်း လွှဲပြီးတော့လည်း ရောက်လားမရောက်လား စစ်လို့မရတော့ ကိုယ်မမြင်ရတော့ မလွှဲနိုင်သေးသလို ကိုယ်ကပေးစရာရှိတဲ့ လူကိုလည်း Account က Access မှ လုပ်လို့မရတော့ လွှဲမပေးနိုင်သေးဘူး။

လေယာဉ်ပေါ်မတက်ခင် တရက်အထိ ဘဏ်ကို ဖုန်းဆက်လိုက် အခါခါလုပ်လိုက်တော့ Account အသစ်တိုးတာက ရုံးချုပ်ကလုပ်ရမှာ Reset ကတော့ သူတို့လုပ်ပေးလို့ရတော့ လုပ်ပေးမယ်တဲ့ Account တိုးတာကတော့ ၂ ပတ်လောက်နေရင် ရသွားမှာပါဆိုပြီး Password ပြောင်းပေးလိုက်တော့ ၃ နှစ်အတွင်းမှာ ဒုတိယအကြိမ်မြောက်အနေနဲ့ Internet Banking ထဲကို ဝင်လို့ရသွားလေရဲ့။ လွန်ခဲ့သော ၁ နှစ်ခွဲလောက်က ထည့်ခိုင်းထားခဲ့တဲ့ ရန်ကုန်ဘဏ်က Saving Account လည်း အဲဒီအထဲမှာ မရှိသေးပါဘူး ငွေ ၈ ထောင်ပဲရှိတဲ့ Current Account တခုပဲရှိလေရဲ့။ အဲလိုနဲ့ တပတ်တပတ် မျှော်လင့်တကြီးနဲ့ Login ဝင်ဝင်ကြည့်ရတာ ဇန်နဝါရီသာကုန်သွားတယ် အသစ်တိုးခိုင်းထားတဲ့ Account လည်း ရောက်မလာဘူး။ ငွေရစရာရှိတဲ့ လူကလည်း တဂျီဂျီဖြစ်နေပြီ လူနိုင်ဖြစ်နေလို့သာ မဟုတ်ရင်တော့ လုံးသတ်ရနိုင်တယ်။

AYA Internet Banking

ဖေဖော်ဝါရီထဲ ရောက်လာတော့ သည်းမခံနိုင်တော့ဘူး မန္တလေးကဘဏ်ကို ဒီဘက်နေ ဖုန်းဆက်ရပြန်တယ်။ မန္တလေးကြိုးဖုန်းတွေက ဂဏန်း ၇ လုံးတိုးထားတာ သတိမထားမိတော့ ဘယ်လိုမှဆက်လို့မရနဲ့ စိတ်ကလည်း အတော်တိုပြီလေ ဖုန်း ၅ လုံးရှိတာ တလုံးပြီးတလုံး ထိုင်ခေါ်လိုက်တာ ၁ လုံးတော့ခေါ်လို့ရတယ်။ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းပါပဲ Loan Department ဖြစ်နေလို့ တခြားဖုန်းကို ပြန်ခေါ်ပါလားဆိုတော့ တခြားနိုင်ငံကနေ မိုင်ထောင်ချီပြီးတော့ ဖုန်းခေါ်နေတာ အပေါ်ထပ်နဲ့ အောက်ထပ်လောက်တော့ သိတဲ့လူသွားခေါ်ကွာ ထပ်မဆက်နိုင်ဘူးလို့ ဘုတောလွှတ်တော့ သိတဲ့လူကိုတော့ သွားခေါ်ပေးရှာပါတယ်။

ထုံးစံအတိုင်းပဲ အစ်ကိုဘယ်တုံးက လုပ်သွားတာလဲမေးတော့ ဒီဇင်ဘာထဲကကွာလို့ ဖြေလိုက်ကတည်းက ဟိုဘက်ကလာဖြေတဲ့ တယောက်က အရစ်ခံရတော့မယ်ဆိုတာ သေချာနေပြီဆိုတော့ အတော်စိတ်ညစ်နေပြီ။ ရန်ကုန်ဘဏ်လိုတော့ ပေါက်ကရတော့ မဖြေရှာပါဘူး ရုံးချုပ်က ကြာနေတာလို့ပဲဖြေတယ်။ အဲဒါဆိုရင် ဘယ်နေ့ရမလဲ ပြောဆိုတော့ သူလည်းမဖြေရဲဘူး ရအောင်လို့ လုပ်ပေးပါ့မယ်ပဲ ဖြေနေတယ်။ ဒါဆိုရင်လည်း ရုံးချုပ်က ဖုန်းနံပါတ်ပေးကွာ အဲဒီကိုဆက်ပြီးပဲ ပြောတော့မယ်ဆိုတော့ အဲလိုလည်း အဆင်မပြေလောက်ဘူး မန်နေဂျာအဆင့်ဆင့် ဖြတ်သွားရတော့ အစ်ကို့ကို အဲလိုတော့ တိုက်ရိုက်သူတို့ လုပ်ပေးလို့ရမှာ မဟုတ်ဘူးဆိုတော့ ဟမ်.. အဲဒါဆိုရင် ဘယ်လိုလုပ်ရမှာတုံးလို့ အတော်ရစ်လိုက်မှ ဒီတပတ်ထဲရအောင် လုပ်ပေးမယ် အာမခံတယ်။

အဲဒါနဲ့ တပတ်အကုန်တော့ စောင့်လို့မရဘူးလို့ ဒီဟာလေး ထည့်တာက ၅-၁၀ မိနစ်တောင် ကြာမယ့် အလုပ်မှမဟုတ်တာ ၅ ရက်တော့ ထပ်မစောင့်နိုင်ဘူး သောကြာကျော်ရင် ဟိုဘက် တနင်္လာမှဆိုလည်း အတော်နောက်ကျနေပြီ ကြာသာပတေးမှ မရဘူးဆိုရင်တော့ ငါ့ပြန်ပြီးတော့ ဆက်သွယ်ရဦးမှာပဲလို့ဆိုတော့ ဟုတ်ကဲ့ ကြာသာပတေးနေ့ ရအောင်လို့ သူ့ဟာသူရုံးချုပ်ကို ဆက်သွယ်ပါ့မယ်လို့ ပြောသွားတာပဲ။ မန္တလေးဘဏ်က ဝန်ထမ်းတွေ ပြဿနာရှာနေတာ သူတို့လုပ်တာမဟုတ်တော့ တရားတော့မတရားဘူးပေါ့ ခက်ထှာက ကိုယ်မှတိုက်ရိုက် ပြောလို့မရတော့ ပြောလို့ရတဲ့လူကို ပြောရတော့တာပဲ။ အခုတော့ အင်္ဂါရောက်နေပြီ ဘာမှတော့ ထူးမလာသေးဘူး ကြာသာပတေးမှ မရသေးဘူးဆိုရင်တော့ စာနံပါတ်တွေ တင်လိုက်လိုက်တဲ့ ရက်စွဲတွေအကုန် တောင်းပြီးတော့ ဧရာဝတီဘဏ်ကရှိသမျှ ဖုန်းနံပါတ်တွေကို ဆက်ပြီးတော့ ရစ်ရမယ့်ကိန်းဆိုက်နိုင်တယ် အခုထိကတော့ စောင့်နေတယ် စောင့်နေတုံးပဲ။