Calm Hill My Random Thoughts

စိတ္တဇအတွေးများ (၇)

ကိုယ့်ကိုယ် မကြာခဏ အမေးအခံရဆုံး မေးခွန်းကိုပြပါဆိုရင် ကျောင်းဆက်တက်ရမလား အလုပ်လုပ်ရမလားဆိုတဲ့ မေးခွန်းဖြစ်မယ်ထင်တယ်။ ကျောင်းမှာသင်တဲ့ စာတွေဟာ တချိန်မှာအင်မတန် အသုံးဝင်တယ်လို့ လူအတော်များများ ဖြေလေ့ရှိတယ် ကိုယ်လည်းပြောခဲ့ဖူးတယ် အခုအချိန်ကျတော့ အယူအဆနည်းနည်း ပြောင်းလာတယ်။ အဲဒီအဖြေဟာ အချိန်ကြာလာတာနဲ့ အဆင်မပြေတော့ဘူး သင်ခဲ့ဖူးတဲ့စာတွေ အသုံးတည့်နိုင်တယ်ဆိုတာ အင်မတန်မှပဲ အခြေခံအဆင့်ပဲရှိတယ်။ သူများထက်အရင် စာဖတ်ခဲ့လို့ရယ် ဖတ်ခဲ့ဖူးတဲ့စာ ပိုများတဲ့အတွက် သူများမသိတာလေး စာထဲရေးထားတာ ပိုသိတယ်ဆိုတာ တကယ်တော့ ကိုယ်အရည်အချင်း ဘာမှပါတာမှ မဟုတ်တာပဲ ဘယ်သူပဲဖြစ်ဖြစ် ဖတ်ဖူးရင်သိမှာပဲ မသိရင်လည်း ရှာဖွေဖတ်တတ်ရင် တခြားလူတွေလည်း သိကြမှာပါပဲ။ ကျောင်းတက်တယ်ဆိုတာက ကိုယ်လုပ်ချင်တဲ့ အလုပ်အတွက် အချိန်တိုအတွင်း Knowledge Upgrade လုပ်ဖို့အတွက် အင်မတန်ကောင်းတယ် လိုတယ်ဆိုတက်ပါ မလိုအပ်ရင် မတက်နဲ့လို့ပဲ ဖြေဖြစ်တော့တယ်။ လိုတယ်မလိုဘူးက ဆုံးဖြတ်ရခက်တယ်ဆိုရင် Deductive Reasoning အရဆိုရင် မဖြစ်နိုင်တယ်တွေ ဖယ်လိုက်ရင် ဖြစ်နိုင်တာတွေ ကျန်တယ်ဆိုတာမျိုး ဆုံးဖြတ်ဖို့အတွက် မြင်ဖူးခဲ့သမျှ ကျောင်းတက်ချင်ကြတဲ့ ရည်ရွယ်ချက်တွေကို စုစည်းပေးထားပါတယ်။

ရုံးကိုလာလေ့ရှိတဲ့ တရုတ်ပြည်မကြီးက တက္ကသိုလ်တခုက ပါတနာတယောက်နဲ့ စကားပြောဖြစ်တာ သတိရမိတယ် လက်ရှိဖြစ်နေတဲ့ အနေအထားတခုက တရုတ်ပြည်မှာ ပြည်တွင်း တက္ကသိုလ်တွေကကနေ ဘွဲ့ရတဲ့အရေအတွက်ဟာ အင်မတန်များတယ်ဆိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ လုပ်စရာအလုပ်က နည်းတာရယ် မရှိတာရယ်နဲ့ လူကများနေတော့ သာမန်ဘွဲ့ရဆိုတာထက် မဟာဘွဲ့ရတယ်ဆိုရင် နည်းနည်းလောက် အခွင့်အလမ်းပိုများတော့ အားလုံးမဟာဘွဲ့ဖြစ်ကုန်တော့ ပါရဂူဘွဲ့ဆိုနည်းနည်း ပိုပြီးအခွင့်အရေးရှိမယ်ဆိုတော့ ပါရဂူဘွဲ့လိုက်ယူကြရနဲ့ လက်မှတ်အရေအတွက် ပြိုင်ရတာပေါ့တဲ့ တခြားနိုင်ငံက တက္ကသိုလ်တွေကဘွဲ့ဆို ပိုကောင်းတော့ အပြိုင်လျှောက်ကြတာ ဒို့တရုတ်တွေ အများဆုံးပဲတဲ့ အခုကတော့ သူတို့ခေတ်ကထက်တော့ လုပ်စရာတွေရှိတော့ ဝမ်းသာရတယ်လို့ပြောတယ်။ ပြန်စဉ်းစားကြည့်တော့ ကိုယ်လည်းပဲ သူတို့နဲ့ဘဝတူ ပထမဆုံးအနေနဲ့ ကွန်ပျူတာသိပ္ပံဘွဲ့ရပြီး မဟာတန်းဆက်တက်တာ ဘာကြောင့်ရယ်မဟုတ်ဘူး အလုပ်ရှာကြည့်တော့ ကွန်ပျူတာရောင်းတဲ့ ဆိုင်မှာ ကွန်ပျူတာဆင်တဲ့အလုပ်ရယ် သင်တန်းဆရာရယ်နဲ့ တလ ၁ သောင်းခွဲ အလုပ်ကလွဲရင် ဘာမှလုပ်စရာမရှိလို့ ဆက်တက်ရတာ။ တခြားဆက်ပြီးတော့ ကျောင်းတက်ရတာလည်း ကိုယ့်ဆီမှာ ကျောင်းဆက်တက်လည်း ဘာမှလုပ်စရာ မရှိနိုင်ဘူးဆိုပြီးတော့ နိုင်ငံပြောင်းပြီးတော့ ကျောင်းတက်ခဲ့တာ။ ကျောင်းတက်ရချင်း အကြောင်းအရင်းမှာ ဘာမှလုပ်စရာမရှိလို့ ကျောင်းတက်ရတဲ့ လူတန်းစားရယ်လို့ ပထမဆုံးအနေနဲ့ အမျိုးအစားခွဲလို့ရတယ်။

လုပ်စရာမရှိလို့ ကျောင်းဆက်တက်တယ်ပြောရင် ပညာကိုချစ်လို့တို့ စသည်ဖြင့်အခြား မျက်နှာဖုံးတခုခု ရှာပြီးတော့တပ်ထားရတဲ့ လူတွေအဖို့မှာက အတော်နာလိုခံခက် ဖြစ်ကြလိမ့်မယ်။ ကိုယ်လည်း ပါခဲ့ပေမယ့် မရှက်ပါဘူးလေ ပြောစရာရှိတာ ပြောပါတယ်။ တရုတ်ပြည်နဲ့ ကိုယ့်နိုင်ငံအကြောင်းမှာက သက်သေပြစရာ အချက်အလက်က စနစ်တကျမရှိတော့ ပြောရခက်ပေမယ့် လုပ်စရာရှိရင် ကျောင်းတက်တဲ့နှုံး ကျသွားတာကတော့ တလောလေးကပဲ The Disappearing American Grad Student ဆိုပြီးတွေ့လို့ ဖတ်ကြည့်လိုက်ဖူးတယ်။ အဲဒီဆောင်းပါးမှာ အင်ဂျင်နီယာနဲ့ ကွန်ပျူတာသိပ္ပံလို ဘွဲ့လွန်တန်းတွေမှာ အမေရိကန်နိုင်ငံသားတွေ နည်းနည်းလာရခြင်း အကြောင်းတခုမှာ အလုပ်အင်တန်ပေါတဲ့ အကြောင်းအရင်းက ထိပ်ဆုံးကအနေနဲ့ ပါတယ်လို့ဆိုတယ် ယေဘုယျအားဖြင့် လုပ်စရာအလုပ်မရှိရင် ကျောင်းတက်မယ့်လူ ပိုများတယ်ဆိုတာက ဆက်စပ်မှု့ကရှိတယ်။ ဒီလိုလူမျိုးတွေ အတွက်ကျတော့ ကျောင်းဆက်တာက အကောင်းဆုံး အဖြေတခုတော့ မဟုတ်ဘူးပဲ အကြံပေးရမယ် ကျောင်းဆက်တက်လည်း လုပ်စရာကရှိချင်မှရှိမှာပါ။ ကိုယ့်အခြေအနေက လုပ်စရာမရှိတာဆိုရင် လုပ်စရာရှာတာက လက်တွေ့အကျဆုံးဖြစ်မယ်ပဲ အကြံပေးရမယ်။ တရွာမပြောင်း သူကောင်းမဖြစ် ကိုယ့်မြို့ကိုယ့်ရွာမှာ မရှိတော့လည်း တခြားပြောင်းသင့် ပြောင်းရမှာပေါ့လေ။ ကိုယ်တွေတုံးကထက် အများကြီးကောင်းပါတယ် တခြားနိုင်ငံ မသွားဖြစ်ရင်တောင် ကိုယ့်နိုင်ငံထဲမှာလည်း ရပ်တည်လို့ရတဲ့ လစာအနေအထားနဲ့ ရှာလို့ရနိုင်ပါတယ်။

လုပ်စရာမရှိရင် လုပ်စရာရှာပါဆိုတဲ့ အကြံပေးပြီးတဲ့နောက် အလုပ်လုပ်ဆိုတော့ တကယ်တမ်းကျတော့ ကိုယ်ကျောင်းမှာ လေ့လာခဲ့တာက မလုံလောက်ခဲ့ရင် ပထမဆုံးကြုံရတာက စိတ်ဓာတ်ကျတာပါ။ စိတ်ဓာတ်ကျတာကို ဖြေရှင်းကြရာမှာ တချို့ကျတော့ Technical Debt တွေကို ကြိုးစားပြီးတော့ ပြန်ဖြည့်ကြတယ်။ ကျောင်းတက်ခဲ့တာ ၄ နှစ်ဆိုရင် အကြွေးတွေက အများဆုံးအနေနဲ့ ၄ နှစ်စာဖြစ်နိုင်တယ် အလုပ်အတွက်လည်း တန်ဖိုးတခုရှိအောင် ပေးနေနိုင်မှာ အလုပ်ကရှိနေမှာ ဖြစ်သလိုပဲ အကြွေးတွေကလည်း အတိုးနဲ့ပြန်ဆပ်ရတော့ အကြွေးမကျေခင်အထိ အကြွေးမရှိတဲ့လူထက် ပင်ပန်းတာပေါ့လေ ပင်ပင်ပန်းပန်း ကြိုးစားဖြည့်သူရှိသလို အလုပ်ထွက်ပြီးတော့ ကျောင်းပြန်တက်တဲ့ လူတွေရှိပြန်တယ်။

စိတ်ဓာတ်ကျတာကို ကျောင်းတက်ရင်းနဲ့ ပြန်တင်တာက ဘာမှမဖြစ်ပေမယ် တချို့ကျတော့ အတန်းတခုတက်လိုက် လက်မှတ်တခုရတော့ Facebook မှာ Update လုပ်လို့ရတယ် ဓာတ်ပုံတင်လို့ရတယ် လူအများကဝိုင်းပြီးတော့ Like နှိပ်ကြတယ် Congratulation လုပ်ကြတော့ စိတ်ဓာတ်ကျရာကနေ ယုံကြည်ချက် နည်းနည်းပြန်ရတော့ မဆိုးဘူးဆိုပြီး နောက်တခုထပ်တက်နဲ့ လက်မှတ်အရေအတွက်နဲ့ ယုံကြည်ချက်တွေ မြှင့်တင်တဲ့သံသရာထဲမှာ လည်ကြတာလည်းရှိတယ်။ အဲလိုဖြစ်ရင်တော့ အဆင်မပြေဘူးပဲ အကြံပေးပါတယ် ဘာလို့လဲဆိုတော့ အဲလိုလူတွေအတွက်က အလုပ်အင်မတန်ရှားတယ် ရထားတဲ့လက်မှတ်တွေ ချရေးလိုက်တော့ A4 တမျက်နှာလောက်နဲ့ ကြော်ငြာစာရွက်တရွက်ရတယ် အဲဒါလေးဝေပြီးတော့ ဝင်ခွင့်သင်တန်းဖွင့်စားတဲ့ အလုပ်တခုထဲမှာပဲ အဆုံးသပ်သွားတာပဲ တွေ့ဖူးတာပါပဲ။ အဲလိုအလုပ်မျိုး သဘောကျရင်တော့လုပ်ပါ ကောင်းပါတယ် လူတကိုယ်စိတ်တမျိုး အကြိုက်မတူဘူးလေ။ ဒီလိုလူတွေကျတော့ စိတ်ဓာတ်ကျလို့ ကျောင်းတက်တဲ့ လူတန်းစားလို့ ဒုတိယမြောက် အမျိုးအစားအနေနဲ့ ခွဲခြားလို့ရတယ်။ ဒီအမျိုးအစားအတွက်ကျ သူတို့တတွေက သူများကိုပဲ အကြံပေးလေ့ရှိတော့ ကိုယ်အကြံပေးရင် ရန်တွေ့ခံရဖို့ပဲရှိတော့ အကြံပေးဖို့မရှိပါဘူး။

နောက်တမျိုးကတော့ ပျော်လို့ဆိုပြီး ကျောင်းတက်တာရှိတယ် အဲဒီတမျိုးကတော့ အတော်ရှင်းရခက်တယ် သူများနိုင်ငံမှာက ကျောင်းဆိုတာက ပင်ပန်းလွန်းတော့ အမြန်ပြီးချင်တာ ကိုယ့်ဆီကကျောင်းတွေက ပျော်စရာလုပ်ချိန် ပိုများတဲ့အတွက် အချိန်ကြာကြာ နေချင်ကြတာရှိတယ်။ ကျောင်းမှာနေတုံး အဆောင်မှာပဲလူစုံတော့ လုပ်ချင်ရာလုပ်လို့ရတို့ ဘောလုံးအသင်းမှာ မပါရမှာစိုးလို့တို့ သူငယ်ချင်း တစုလိုက်ကြီး ကဲလို့ရဖို့ ပြန်ဆုံရဖို့အတွက် ဂုဏ်ထူးတန်းကို ဆက်တက်မယ်တို့ စသည်ဖြင့် ကိစ္စတွေရှိတယ်။ အဲလိုလူတွေအတွက်ကျတော့ အပြင်မှာဆိုရင် ယူနီဖောင်း ဝတ်စရာမလိုဘူး ကျောင်းခေါ်ချိန် ၇၅% မပြည့်မှာစိုးလို့ ကျောင်းခန်းထဲလည်း အောင့်အီးပြီးတော့ ထိုင်စရာမလိုဘူး ကျောင်းမှာထက် ပိုကဲလို့ရတယ် တနှစ်ပဲထပ်ကဲမှာလား မသေမချင်းကဲဖို့အတွက် အစီအစဉ်တွေ ဆက်ပြီးဆွဲလို့ရတယ် စသည်ဖြင့် ကျောင်းမတက်လည်း ဒီကိစ္စတွေက အခြားသောနည်းလမ်းနဲ့ လုပ်လို့ရတယ်ဆိုတာ အကြံပေးလို့ရပါတယ်။

ပျော်လို့တက်တဲ့ လူတွေအကြောင်းပြီးတော့ မျှော်လင့်ချက်နဲ့ ကျောင်းတက်တဲ့ လူတွေလည်းရှိတယ်။ မွေးကတည်းက ကြည့်လာရတဲ့ဗမာကားတွေမှာ တက္ကသိုလ်တက်ရင် သေချာပေါက်တော့ ရည်းစားရမှာပဲလို့ တထစ်ချယုံကြည်လာပေမယ့် လက်တွေ့မှာတော့ တက္ကသိုလ်ကြီးကလည်း လူတိုင်းအကို အစွံမထုတ်ပေးနိုင်ပါဘူး။ ကျောင်းကလည်းတက်ရင်းနဲ့ နောက်ဆုံးနှစ်ကလည်းရောက် တယောက်မှလည်း အဖတ်မတင်သေးတော့ ဗမာကားတွေထဲက ဇာတ်လမ်းတွေဟာ အချိန်မတန်သေးလို့ဆိုပြီး မျှော်လင့်ချက်တွေနဲ့ ကျောင်းဆက်တက်ကြတာတွေ ရှိကြပါတယ်။ မဟာတန်းတုံးက သူငယ်ချင်းတွေ ပြောတာမှတ်မိသေးတယ် “ဟဲ့… ငါတို့ကမှ ဒီအချိန်အထိ ကျန်နေသေးတဲ့ ဇကာတင်တွေတဲ့” အခုမှစဉ်းစားမိတာ တကယ်တမ်းက ဇကာတင်မဟုတ်ဘူး ဇကာကြားမှာ ညပ်ကျန်ခဲ့တာလို့ ပြောရမှာပါ။ ကိုယ်တွေထက် မိုက်ခဲ့တဲ့လူတွေက မဟာတန်းကနေ ပါရဂူတန်းကို မျှော်လင့်ချက်နဲ့ ဆက်တက်ကြတာ ကိုယ်တွေခေတ်က ပါရဂူတန်းတက်ရင် အိမ်ထောင်မပြုရ ထွက်ရင်လည်း လျော်ရသေးတယ်။ “ငါတို့တွေက တန်ဖိုးမသေးဘူးဟဲ့… အနည်းဆုံး သိန်း ၅၀ နဲ့ အစိုးရလက်ထဲက ရွေးနိုင်တဲ့လူမှပဲ လက်ခံမှာ” လို့ စီနီယာအစ်မကြီးတွေ ပြောတာကြားဖူးတယ်။ ဒီလူတွေကတော့ ကျောင်းဆက်တက်တာထက် အပြင်မှာ အင်္ဂလိပ်စာသင်တန်းလေး ကွန်ပျူတာအခြေခံလေး သွားတက်တာက Probability ပိုများမှာပေါ့လိုပဲ မရဲတရဲပြောရတာပေါ့။ အာမခံလား လာလုပ်နေရင် ကိုယ်လည်း တာဝန်မယူနိုင်တော့ ဇွတ်အကြံမပေးရဲဘူးလေ။

ပထမအနေနဲ့ ဘာမှလုပ်စရာမရှိလို့ ကျောင်းတက်တဲ့လူရယ် ဒုတိယအနေနဲ့ စိတ်ဓာတ်ကျလို့ လက်မှတ်စုဖို့ ကျောင်းတက်တဲ့လူရယ် တတိယအနေနဲ့ ပျော်ချင်လို့ကျောင်းတက်တဲ့လူတွေရယ် စတုတ္ထအနေနဲ့ မျှော်လင့်ချက်တွေ ရင်မှာပိုက်ပြီးတော့ ကျောင်းတက်တဲ့လူရယ်ဆိုပြီး ဆင်ခြင်လို့ရအောင်လို့ ယေဘုယျအားဖြင့် လေးမျိုးခွဲကြည့်ပေးထားတယ်။ ထပ်ခွဲမယ်ဆိုရင် အမျိုးအစားနည်းနည်း ထပ်ထွက်လာနိုင်ပါသေးတယ် ဒါပေမယ့် ဒီလောက်ဆိုရင်ကို ရန်သူအတော်များပြီဖြစ်လို့ တော်လိုက်ဦးမယ် အမျိုးအစား ထပ်ထည့်ဖို့အတွက် အကြံပေးချင်ရင် Comment မှာ ရေးထားပေးခဲ့ကြပါ။ ကျောင်းဆက်တက်ရမလား လာမေးတဲ့လူရှိရင် ဒီရေးထားတာကို ညွှန်ပေးလိုက်နိုင်ပါတယ်။ ဒီလေးမျိုးထဲမှာပါရင်လည်း ဘာမှမဖြစ်ပါဘူး မကောင်းဘူးလို့လည်း မဆိုလိုပါဘူး တချို့အကြောင်းအရာတွေဟာ ကျောင်းမတက်ပဲနဲ့ ရှင်းလို့ရတယ်ဆိုတာလေး အကြံပေးချင်တာတခုပါပဲ။