Calm Hill My Random Thoughts

စိတ္တဇအတွေးများ (၈)

လူတော်များများက အချိန်ဇယားတွေနဲ့ အဆင်ပြေလေ့မရှိပေမယ့် ကိုယ်ကငယ်ကတည်းက အချိန်ဇယားနဲ့မှ အဆင်ပြေတယ် ငယ်တုံးက အမေကစာကြည့်ဆို ၈ နာရီမထိုးသေးဘူးလို့ နာရီကို လက်ညှိုးထိုးပြတယ်။ ကြီးလာတော့လည်း ကိုယ့်တိုင်လုပ်နေကျ အချိန်ဇယားရှိတယ်။ ဥပမာအနေနဲ့ မနက်စာအတွက်ဆို ရုံးပိတ်ရက် စနေနေ့ဆို အီကြာကွေးနဲ့ ပဲပြုတ်ကို ကော်ဖီနဲ့စားတယ် ရုံးဖွင့်ရက် အိမ်မှာဆိုရင် ညီမဖြစ်တဲ့လူကြော်တဲ့ ပေါင်မုန့်ကြက်ဥကြော်နဲ့ ကော်ဖီနဲ့စားတယ် သူမအားလို့ စားစရာမရှိဘူးဆို ရုံးအောက်က ကော်ဖီဆိုင်ရှိတယ် ကိုယ်ရောက်တာနဲ့ ဆိုင်ရှင်အန်တီကြီးက ပေါင်မုန့်ထောပတ်သုတ် ၄ ခု လက်ဘက်ရည် ၁ ခွက် မှာစရာတောင်မလိုဘူး လာချပေးတယ်။ ပုံသေအလုပ်တွေဆိုပေမယ့် အပြောင်းအလဲ လုပ်လို့လွယ်အောင် လုပ်ထားတာရှိတယ် တနင်္ဂနွေနေ့ မနက်အစောမှာ အပြင်သွားလေ့ရှိတယ် မနက်စာကို ၁ ပတ်တခါ တွေ့တဲ့နေရာမှာ စားလိုက်တယ်။ အဲလိုပဲ မနက်စာမှမဟုတ်ဘူး အလုပ်လုပ်ချိန်၊ စာဖတ်ချိန်၊ အိုက်ကီဒိုကစားချိန်၊ ဘာမှမလုပ်ပဲ နားတဲ့အချိန်၊ အပြင်ထွက်တဲ့အချိန် စီစဉ်ထားတာတွေရှိတယ်။

လုပ်စရာတွေကို စီစဉ်ထားတယ်လို့ပြောရင် လူအများစုက ငါတို့ကတော့ အဲလိုမနေနိုင်ဘူးတဲ့ ကိုယ်ကလည်း မနေနိုင်ဘူးဆိုရအောင် နေကြည့်ဖူးလို့လား မမေးပါဘူး စီစဉ်ကြည့်ဖူးလို့လားလို့ပဲ ပြန်မေးတတ်တယ်။ အချိန်ဇယားတခုရဖို့ တန်ဖိုးကြီးတယ်ပြောရင် လူတွေက ရယ်ကြတော့တာပဲ။ လွယ်တယ်ထင်ရင် တပတ်စာအတွက် အချိန်ဇယားဆွဲကြည့်ပါ အလွန်ဆုံး လိုက်နာနိုင်ရင် ၂-၃ ပတ်ပေါ့ ပြီးရင်တော့ပျက်မှာပါပဲ။ အသုံးဝင်တဲ့ အချိန်ဇယားဆိုတာက ကိုယ်လက်ရှိ ဘာတွေလုပ်နေလဲရယ် ဘာတွေထပ်လုပ်ချင်တာလဲ ဘာရည်ရွယ်ချက်လဲ အခြေခံပြီးတော့ တဖြည်းဖြည်းချင်း ပြောင်းယူလာရတာပါ နေ့ချင်းညချင်းမရဘူး။ ဥပမာပြောရရင် ရုံးအောက်ကဆိုင်မှာ မနက်စာအတွက် ပေါင်မုန့်ထောပတ်သုတ်ဆိုတာ ရဖို့အတွက်က ကုလားဆိုင်မှာ ချပါတီနဲ့ ပလာတာရယ် တရုတ်ဆိုင်မှာ ကြာဇံကြော် ခေါက်ဆွဲပြုတ် ကြက်ဆီထမင်း မလေးဆိုင်က အုန်းထမင်း စသည်ဖြင့် စားကြည့်ရင်းနဲ့ လက်ဘက်ရည်ဆိုင်က ပေါင်မုန့်ထောပတ်သုတ်ပဲ စားလို့ဖြစ်လို့ဆိုပြီး အကောင်းဆုံး အခြေအနေအဖြစ်နဲ့ ရွေးထားရတာ။ အကယ်၍များ မနက်ခင်းဘက် လမ်းမှာတွေ့လို့ ပေါက်စီတလုံး လက်ထဲမြင်ရင်လည်း မအံ့ဩကြပါနဲ့ ပေါင်မုန့်ထောပတ်သုတ် စားမဖြစ်တော့လို့ အစီအစဉ် ပြောင်းထားတာလည်း ဖြစ်နိုင်ပါတယ်။

တခါတရံတော့ မထင်မှတ်တာလေး တခုလောက်က အချိန်ဇယားတခုလုံးကို ဖျက်နိုင်တာလည်းရှိတယ်။ လွန်ခဲ့တဲ့ ၁ နှစ်လောက်အတွင်းမှာ ဘာလို့မှန်းမသိပဲနဲ့ စာဖတ်တဲ့အား အတော်ကျသွားတယ်။ သာမန်အားဖြင့်က ကိုယ့်မှာက စာဖတ်တာလည်း ဘယ်ရက်ကိုဘယ်စာအုပ် ပြီးအောင်ဖတ်မယ်ဆိုတဲ့ အချိန်ဇယားလည်းရှိတယ် ဘယ်လိုမှမပြီးတော့ အတော်လေး ပြန်စဉ်းစားကြည့်မှ ကိုယ့်မှာစာဖတ်တဲ့အချိန်က သတ်မှတ်ထားတဲ့အချိန်ပြင် စာရင်းထဲမှာမပါတဲ့ ခရီးသွားတဲ့အချိန်တွေမှာ ဖတ်တဲ့အချိန်တွေပါတာ သွားတွေ့ရတယ်။ လွန်ခဲ့တဲ့ ၁ နှစ်လောက်က Scooter လေး ဝယ်ထားတော့ ရုံးကနေအသွားအပြန်ကို အဲဒါနဲ့သွားတော့ အချိန်ကုန်သက်သာတယ် ကားစောင့်ချိန်တွေ မရှိတော့ဘူးဆိုတော့ ခရီးပိုတွင်တယ် ထင်နေတာ တကယ်တမ်းကျတော့ ကားစီးတဲ့အချိန် လျော့တာရယ် Scooter ကို ရထားပေါ်မှာ သူများတွေမထိခိုက်အောင် သတိထားပြီးစီးလာရတော့ ရထားပေါ်လည်း လူကမလွတ်လပ်တော့ စာကမဖတ်နိုင်တော့ဘူး အဲလိုနဲ့ စာဖတ်တဲ့အချိန်တွေလျော့ပြီး မှန်းချက်နဲ့နှမ်းထွက် မကိုက်မှန်းသိရတာ။ မဖြစ်သေးဘူးဆိုပြီး Scooter စီးရင် ထွက်လာတဲ့ ပိုတဲ့အချိန်ကို အသေအချာတွက်တော့ ၁၅ မိနစ်လောက်ပဲပိုတာ သိပ်မကွာဘူး ရုံးသွားတဲ့အချိန် ၁ နာရီမှာ ၄၅ မိနစ် အဆုံးခံပြီးတော့ ၁၅ မိနစ် စောရောက်မယ့်အစား Scooter မစီးတော့ပဲနဲ့ ၁ နာရီကြာတာက ၁ နာရီစာဖတ်ချိန်ရတော့ Scooter မစီးဖြစ်တော့ဘူး ရထားနဲ့ကားစီး စာဖတ်သွားလိုက်တယ်။

ဒီနှစ်ပိုင်းမှာ နောက်ထပ်ပိုပြီး အချိန်ဇယားကို ပြုပြင်လိုက်ရတာက ကျန်းမာရေးနဲ့ အားကစားကြောင့်ဖြစ်မယ်။ အသက်တဖြည်းဖြည်း ကြီးလာတဲ့အချိန်မှာ ခန္တာကိုယ်လည်း တဖြည်းဖြည်းပြောင်းတာ သတိထားမိလာတယ် လွန်ခဲ့တဲ့ ၁၀ နှစ်က ၅၀ ကီလိုလောက်ပဲရှိရာက အခုအချိန်မှာ ၅၅-၅၆ ကီလိုလောက် တဖြည်းဖြည်း တက်လာတယ်။ အစားအသောက်က အရင်အတိုင်းပဲစားပေမယ့် ခန္တာကိုယ်ကအရင်လို ကုန်အောင်မသုံးနိုင်တော့ဘူး။ အဲဒီတော့ အားကစားဘက်ကြည့်တော့ တတ်နိုင်သလောက်တော့ မလျော့အောင်နေပေမယ့် အလုပ်ကပင်ပန်းလွန်းတဲ့အခါရယ် ခရီးသွားတဲ့အခါတွေမှာ လျော့တိလျော့ရဲနိုင်တယ်။ မဖြစ်သေးဘူးဆိုပြီး အချိန်ဇယားကို လိုတိုးပိုလျော့လုပ်တယ် ညနေပိုင်းအတွက် စာဖတ်ချိန်တွေကို ရုံးသွားရင်းဖတ်တဲ့အချိန် တိုးထားတဲ့အတွက် အကုန်လုံးဖျက်ပြီး အားကစားချိန် ပြောင်းလိုက်တယ်။ ညနေတိုင်း Keiko Gi လေးနဲ့ Hakama ထည့်ထားတဲ့အိတ်ကို လွယ်ပြီးတော့ရုံးလာတယ် ရုံးဆင်းတဲ့အချိန် လဲသေချင်နေအောင် ပင်ပန်းတယ်ဆိုလည်း Dojo ကိုသွားတယ်။ တကယ့်ကိုယ့်အလုပ်က စိတ်ပဲပင်ပန်းတာပါ ခန္တာကိုယ်က လှုပ်ရှားလိုက်ရင် ပင်ပန်းတာက ပျောက်ပါတယ်။ အားကစားအချိန် သတ်မှတ်ပြီးတော့ အစားအသောက်လည်း လိုတာထက်ပိုမစားဘူး မျှတအောင်စားတော့ အချိန်တိုအတွင်းမှာ အတော်လေးပြန် အဆင်ပြေလာတယ် ဖျားတာနာတာမရှိ အစာအိမ်လည်း ပြဿနာမလုပ်ပဲ အရင်လိုပြန်ဖြစ်လာတယ်။

မရှင်းနိုင်သေးတဲ့ ပြဿနာတခုက လွန်ခဲ့တဲ့ ၂-၃ နှစ်အတွင်းမှာ ခရီးအတော်သွားရတယ် ရန်ကုန်ရောက်နေရင် စင်္ကာပူမှာလုပ်တဲ့အလုပ်တွေ အထူးသဖြင့် အားကစားကိစ္စနဲ့ အစားအသောက်တွေက ကမောက်ကမဖြစ်တယ်။ အစကတော့ သတိမထားမိဘူး ရန်ကုန်ရောက်ရင် တချို့ကိစ္စတွေ လုပ်စရာမလိုတော့ စင်္ကာပူထက်ပိုပြီး အားတယ်ဆိုပြီး ထင်မိပေမယ့် အချိန်ကသာ ပိုထွက်လာတာ တကယ်တမ်းက ရန်ကုန်ရောက်ရင် စာပိုဖတ်ဖြစ်လားဆိုရင် မဖတ်ဖြစ်တဲ့အပြင် ပိုပြီးတော့တောင် အကြွေးတင်လာတယ် စာရေးဖြစ်လားဆိုလည်း မရေးဖြစ်ပါဘူး။ ဘယ်လိုဖြစ်နေလဲဆိုတော့ ဘာအစီအစဉ်မှမရှိတော့ ဘယ်သူလာခေါ်ခေါ် အားလားမေးရင် အားတယ်ဆိုပြီး နေ့တိုင်းနီးနီးပါးသွားတော့ အားတဲ့အချိန်က ရှိတယ်ထင်ရတာ တကယ်ကတော့ မအားဘူးရယ်။ ရန်ကုန်နဲ့အဆင်ပြေမယ့် အချိန်ဇယားကို ပြင်ဖို့လိုနေတာ အခုထိမပြင်နိုင်သေးတော့ အထူးသဖြင့် အားကစားက မလုပ်ဖြစ်သလောက်ပဲ ရန်ကုန်ကပြန်လာရင် ဝိတ်ချိန်လိုက်ရင် ၂-၃ ကီလိုလောက်တက်တယ် အားကစားနဲ့ အစားအသောက် ပုံမှန်ဖြစ်သွားရင် ပြန်ကျသွားလိုက်နဲ့ အတက်အကျ သံသရာလည်နေတာကို တနည်းနည်းနည်းနဲ့ ရှင်းမှရမယ် အခုထိတော့ မရှင်းနိုင်သေးဘူး။

comments powered by Disqus