Calm Hill My Random Thoughts

Incidents in the life of a Martial Artist (5)

ကိုယ်ခံပညာတခု လေ့လာတဲ့အချိန်မှာ ကိုယ့်ရဲ့ခါးစည်း အဆင့်တွေမှာ အဆင့်တဝက်က လေ့လာလို့ရတာ ဖြစ်ပြီးတော့ နောက်ထပ်တဝက်က သူများတွေကို သင်ပေးလို့ရတာလို့ ဆုံးမလေ့ရှိတဲ့ စကားတခုရှိတယ်။ မြန်မာနိုင်ငံမှာနေစဉ်က ဆရာရှားတဲ့အတွက် စီနီယာဖြစ်တဲ့လူတွေက ဂျူနီယာတွေကို သင်ပေးရတယ် အခုနောက်ပိုင်းကတော့ မဖြစ်မနေတာဝန်နဲ့ ယူပြီးတော့ သင်ပေးရတယ်။ အခုကတော့ ကလေးတန်းတွေပဲ သင်တာများပါတယ်။ တခါတခါ တခြားနိုင်ငံရောက်လို့ ကလေးတန်းတွေရှိလည်း မတူညီတဲ့ လူနေမှုယဉ်ကျေးမှုတွေမှာ ဘယ်လိုကွာခြားလဲ သိချင်တဲ့အတွက် အကူအညီတောင်းရင် သင်ပေးလေ့ရှိတယ်။

ကလေးတွေကို သင်ပေးတဲ့ အတွေ့အကြုံတွေကို ပြန်စဉ်းစားကြည့်တော့ စိတ်ဝင်စားစရာ အတော်များများ ရှိတယ်။ ကလေးတွေမှာ အမျိုးအစားခွဲကြည့်ရင် နည်းစနစ်တခု သင်လိုက်ပြီဆိုရင် ပထမအမျိုးအစားက ဒါကဘာလုပ်တာလဲ ဘာအတွက်လဲစသည်ဖြင့် မေးခွန်းတွေမေးပြီးတော့ ကျေနပ်လောက်ထဲ အဖြေရတော့မှ နားလည်ပြီလို့ လက်ခံကြတဲ့ ကလေးတွေရှိတယ်။ နောက်ထပ်တမျိုးက သင်တဲ့အချိန်မှာ မေးခွန်းမမေးဘူး ဆရာပြတာကို သူတို့နားလည်အောင် သူ့ဟာသူကြိုးစားပြီး သူနားလည်တာ မှန်တယ်ဆိုပြီး ယုံကြည်ကြတဲ့ အမျိုးအစားရှိတယ်။ နောက်ဆုံးတမျိုးကတော့ ဘာသင်သင် စိတ်လည်းမဝင်စားဘူး လုပ်ချင်ရာလုပ်တဲ့ အမျိုးအစားလည်း ရှိတာပေါ့လေ။

ကိုယ်ခံပညာသင်တဲ့ ကိစ္စမှာကျတော့ ပထမတမျိုးက သူသိချင်တာတွေ ဆရာဖြစ်တဲ့လူက ကျေနပ်အောင် ဖြေပေးလိုက်လို့ နားလည်ပြီဆိုပြီးတော့ လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်သွားတာ တခုပဲပိုလာတာဖြစ်သလို ဒုတိယတမျိုးကလည်း ဆရာပြတာကိုကြည့်ပြီး နားလည်တယ်ဆိုပြီး ယုံကြည်ချက်တခု ရှိသွားတာတခုပဲကွာတယ် တကယ်တမ်း လိုက်လုပ်တဲ့အခါ မှန်မှန်ကန်ကန် လေ့ကျင့်နိုင်တယ်ဆိုတာက နားလည်တယ်ဆိုတာနဲ့ တိုက်ရိုက်မဆက်စပ်တော့ ဘာမှမတတ်တာချင်း အတူတူပါပဲလိုပဲ ပြောရဦးမှာပါ။ မှန်မှန်ကန်ကန် ကိုယ့်ခန္တာကိုယ်ကို စေခိုင်းနိုင်ဖို့အတွက်က အကြိမ်ပေါင်းများစွာ လေ့ကျင့်ရင်းနဲ့မှ Muscle Memory က ရလာမှာ ဦးနှောက်က နားလည်တာတခုနဲ့ ဘာမှလုပ်လို့ မရသေးဘူးဆိုတာ ခေါင်းထဲရောက်အောင်က အတော်လေးပြောရတယ်။

ပြဿနာက အဲလိုကလေး အမျိုးအစားနှစ်မျိုးက သင်ပုံသင်နည်း အတူတူသင်လို့မရဘူး။ အလွယ်ဆုံးနည်းကတော့ ကလေးတယောက်ကို ဘယ်လိုအမျိုးအစားလဲ သတိထားကြည့်ပြီးတော့ ရှင်းပြမှလိုက်လုပ်တဲ့ ကလေးဆိုရင် ပထမဆုံးအနေနဲ့ သူယုံကြည်ချက်ရအောင် နားလည်တယ်ဆိုပြီးဖြစ်အောင် နည်းနည်းစကားပြောပြီးရှင်း လိုက်လုပ်ခိုင်းရင်ရတယ်။ ဆရာပြတာကို လေ့လာပြီးတော့ နားလည်တယ်လို့ ကိုယ့်ဟာကိုယ် လိုက်လုပ်တဲ့ ကလေးကျတော့ ကိုယ်ကပြောတာမဟုတ်ပဲ သူ့ကိုစကားပြောခိုင်း ဖြေတာမှားနေရင် ပြင်ပေးပြီးတော့ လေ့ကျင့်ခိုင်းရတယ်။ အားနည်းချက်က တမျိုးစီရှိတယ် နားမလည်ရင် မေးတာများတဲ့ ကလေးမျိုးက ဆရာကိုပိုမှီခိုတယ် ကိုယ်တိုင်လေ့လာတာ အားနည်းသလို ကိုယ့်ဟာကိုယ် လေ့လာတာများတဲ့ ကလေးမျိုးကျတော့ ကိုယ်နားလည်တာ မှန်မမှန်ဆိုတာကို တခြားလူနဲ့ညှိပြီး စစ်ဆေးတာမျိုးက အားနည်းတယ်။

လောကမှာ အရာရာတိုင်းကို ဘာကြောင့်ဆိုတာ ရှင်းပြပြီးတော့မှ ခိုင်းမနေနိုင်သလို ကိုယ်နားလည်တိုင်းလဲ တကယ့်အမှန်မဟုတ်မှန်း နားလည်စေချင်တော့ သူတို့အကြိုက် လိုက်ပြီးတော့ သင်ပေးရတာကို တခါတလေ လျှော့လိုက်တာရှိတယ်။ အမေးအမြန်းများတဲ့ ကလေးက မေးတယ်ဆိုရင် စောစောက သရုပ်ပြတာ မြင်လိုက်လား ဘာမြင်လိုက်လည်း သူ့ကိုပြန်မေးပြီးတော့ စဉ်းစားခိုင်းရတယ် ပြီးပြီဆိုရင်တော့ အမေးအမြန်းမရှိပဲ ထိုင်နေလေ့ရှိတဲ့ ကလေးကိုဖြေခိုင်းပြီးတော့ အဖြေတူမတူကိုကြည့်ပြီး လိုအပ်တယ်ထင်မှ အမှန်ရောက်အောင် တည့်ပေးတာမျိုး လုပ်ပေးလိုက်တယ်။

နားလည်ကြပြီဆိုရင် အမေးအဖြေလုပ်နေတဲ့ ကလေးတွေထဲက အလှည့်ကျအနေနဲ့ အတွဲလိုက်ရှေ့ထွက် သရုပ်ပြခိုင်းပြီး အမှားတွေဖြစ်တော့မှ ကိုယ်နောက်ဆုံး အကြိမ်ထပ်ပြပြီးတော့ နားလည်တာနဲ့ လိုက်လုပ်နိုင်တာ မတူဘူးဆိုတာ နားလည်အောင် သက်သေပြပြီး လေ့ကျင့်ခိုင်းရတယ်။ အချိန်ကြာလာတဲ့အမျှ တချို့ကလေးတွေ ကိုယ့်အတန်းမှာ ၃-၄ နှစ်ရှိပြီ စပြီးဝင်တဲ့အချိန်ကနေ ပြန်စဉ်းစားကြည့်ရင် တိုးတက်မှုက အတော်လေးရှိပါတယ်။ သုတေသနအနေနဲ့ ကလေးတွေရဲ့ အခြေအနေကို အသေအချာ တိုင်းတာထားတာ မဟုတ်လေတော့ ဘယ်လောက်အထိ တိုးတက်လာတယ်တော့ အတိအကျ ပြောမပြနိုင်ဘူးပေါ့လေ။

အပေါ်မှာပြောခဲ့တဲ့ ကလေးမျိုးတွေက အင်မတန်မှ သင်ရလွယ်တဲ့ ကလေးမျိုးတွေပဲ ရှိပါသေးတယ်။ နောက်ဆုံးအမျိုးအစားထဲမှာ စက္ကန့်အနည်းငယ်ထက်ပိုပြီး ကိုယ်သင်တာကို အာရုံစိုက်လို့မရတဲ့ ကလေးတွေရှိတယ်။ တချို့ကျတော့ ဉာဏ်ရည်မမှီဘူး တချို့ကျတော့ ခန္တာကိုယ်က မသန်စွမ်းတာတို့ ဖြစ်နေတဲ့ ကလေးတွေလည်း လက်ခံရတာရှိတယ်။ အစ်ကိုတွေ အစ်မတွေ အတန်းထဲမှာရှိလို့ အသက်မပြည့်သေးတဲ့ အငယ်ဆုံးလေးပါ ထည့်ချင်တယ် အတင်းတောင်းပန်လို့ လက်ခံထားလိုက်တာ ဘယ်လိုမှသင်မရပဲ လှည်ပတ်ပြီး ဆော့ကစားနေတဲ့ မျောက်တွေလည်းရှိတယ်။ ကလေးတန်းဆိုတာက ကလေးပြဿနာအပြင် မိဘတွေရဲ့ ပြဿနာရှိတယ် သူ့ကလေး ပိုဂရုစိုက်ပေးပါတို့ သင်နေတာကို ဘေးကနေကြည့်နေရင်းနဲ့ အားမလိုအားမရဖြစ်ပြီး ကွင်းအပြင်ကနေလာပြီး ထိုးလိုက်လေ ကြိတ်လိုက်လေ အားပေးကြတဲ့ မိဘတွေကို နှင်ထုတ်ရတာလည်း တခါတခါရှိတယ် နောက်များမှပဲ အဲဒီအကြောင်းတွေ ရေးပါဦးမယ်။