Calm Hill My Random Thoughts

Incidents in the life of a Martial Artist (6)

၂၀၁၈ ခုနှစ်ဟာ ကိုယ့်အတွက်တော့ အိုက်ကီဒိုနဲ့ ပတ်သက်ပြီး အပြောင်းအလဲ အင်မတန်များတယ်။ ပထမဆုံးအနေနဲ့ နှစ်အစပိုင်းမှာပဲ သင်တန်းထဲမှာ ပြဿနာစလာတယ် သင်တန်းက စီနီယာကျတဲ့ နည်းပြတယောက်က သူ့လမ်းသူပဲ လျှောက်တော့မယ်ဆိုပြီး သင်တန်းခွဲပြီးတော့ တည်ထောင်သွားတယ်။ ဆရာတယောက်အနေနဲ့ ကိုယ်ပိုင်အတန်းခွဲသွားတာ မထူးဆန်းပေမယ့် ငြိမ်းငြိမ်းချမ်းချမ်း မခွဲသွားပဲနဲ့ ပြဿနာပေါင်းစုံနဲ့ ဖြစ်ပျက်လေတော့ ကိုယ်လည်း ပဲလှော်ကြားမှာ ဆားညပ်တာလည်းရှိတယ်။ ခွဲသွားပြီးတဲ့နောက်မှာ သူ့အတန်းတွေကို သင်ပေးဖို့လူလိုတော့ ဆရာကိုယ်တိုင် ဝင်သင်တဲ့အတွက် လက်ထောက်တယောက် မဖြစ်မနေလို့တော့ တပတ်မှာတရက်တော့ အလုပ်ဘယ်လောက်များများ မပျက်အောင် သတိထားပြီး တာဝန်ယူပြီး သွားပေးရတယ်။ ဆရာမအားတဲ့အခါ ကိုယ်တိုင်သင်ရတာရှိတယ် စီနီယာတန်းဖြစ်လို့ ဆရာ့ဆရာတွေ ဖြစ်တဲ့အတွက် စိတ်ဖိစီးမှုကတော့ အင်မတန်များတယ်။

ဧပြီလောက်ရောက်တော့ Dead-End လို့ဆိုရမယ့် နောက်ဆုံးစာမေးပွဲ ဖြေရမယ်ဖြစ်ပြန်တယ်။ မဖြေချင်သေးဘူးဆရာ အသက်ကလည်း ငယ်နေသေးတယ်လို့ အတွန့်တက်တော့ မင်းအတွက်မဟုတ်တောင် ဆရာ့အတွက်ဖြေပေး မင်းကိုစီနီယာတန်းမှာ တန်းတူတွေကို သင်ခိုင်းတယ် မဖြစ်ချင်ဘူးဆိုတော့ ငြင်းလို့မရတော့ ဖြေရတော့တာပေါ့။ အောင်သွားတဲ့အတွက်ပဲ နောက်ပြဿနာတခု စလာခဲ့တာ စာမေးပွဲအောင်သွားတာ မကောင်းတာ ဘာရှိလို့လဲဆိုရင် အရင်ကတော့ လုပ်စရာရှိနေတယ် တခုအောင်လိုက် နောက်တခုအတွက်ဆိုပြီး ရည်ရွယ်ပြီးတော့ ဆက်လုပ်စရာရှိနေတော့ စိတ်ဓာတ်ကျစရာမရှိဘူး။ အခုကျတော့ ဆက်ပြီးတက်စရာ မရှိတော့ဘူးလားဆိုတော့ ရှိတော့ရှိတယ် စာမေးပွဲမရှိတော့ဘူး ကိုယ့်ရဲ့ Contribution အပေါ်မူတည်ပြီးရယ် ထောက်ခံပေးမယ့်လူအပေါ် မူတည်ပြီးတော့ပဲ သွားဖို့ရှိတော့တယ်။

လတ်တလော အဖြစ်အပျက်တွေနဲ့တင် နိုင်ငံရေးတွေနဲ့ ဝေးဝေးနေချင်ပြီဖြစ်တော့ ကိုယ့်အတွက်က သိပ်ပြီးတော့လည်း ရှေ့ဆက်မတွေးပါဘူး ဝတ္တရားတွေအားလုံး ပြီးသွားသလိုပဲ ဘာမှဆက်လုပ်စရာ မရှိတော့သလို ယောင်ချာချာနဲ့ ဖြစ်ကျန်ခဲ့တယ်။ ဘယ်လိုပဲ ယောင်ချာချာဖြစ်ဖြစ်ပါ တာဝန်တွေကတော့ အတန်းရှိတဲ့အချိန်သွား သင်ပေးရမယ့်အချိန်သင် အရင်ကမှ တပတ်ကို ၂-၃ ရက်လောက် သွားဖြစ်ပေမယ် အခုနောက်ပိုင်း ၅-၆ ရက်လောက်အထိ ဖြစ်တဲ့အခါတွေ များလာတယ်။ ကိုယ့်အတွက်က ဂျူနီယာပဲဖြစ်ဖြစ် စီနီယာပဲဖြစ်ဖြစ် ကိုင်ပေါက်ချင်ရင် လိုက်ပေးလိုက်တယ် ကိုယ့်အလှည့်ကျလည်း ကြီးကြီးငယ်ငယ် ခံနိုင်ရည်ရှိသလောက် အတိုင်းအတာနဲ့ ကိုင်ပေါက်မှာပဲ အလေးပြုဆိုလည်း ကိုယ်ကပဲစပြုပါတယ် ဂါရဝေါစနဲ့နိဝါတောစ တန်းတူကျင့်သုံးတော့ အကြီးတွေကလည်း ဒီကောင်လေး ငါတို့ကိုရိုသေရှာတယ် အငယ်တွေကလည်း အကြီးဆိုပေမယ့် အနိုင်မကျင့်ဘူးဆိုပြီး အမြင်ရှိလေတော့ ကိုယ်သင်တဲ့အခါလည်း ပြဿနာလုပ်တဲ့လူ မရှိကြပါဘူး။

အလုပ်ကလည်း ခရီးသွားရတဲ့အခါ များတဲ့အခါရှိတော့ ခရီးသွားနေတုံးမှာ အဆင်ပြေတဲ့နေရာ ဘယ်နေရာပဲဖြစ်ဖြစ် ကစားဖြစ်ပါတယ်။ မန္တလေးရောက်ရင်လည်း ကိုယ်အစပြုခဲ့တဲ့ သင်တန်းကိုတော့ မပျက်မကွက်သွားတယ် ပိုပြီးအဆင်ပြေအောင် အမေ့အိမ်မှာပဲ ယူနီဖောင်းတစုံ အမြဲချန်ထားခဲ့တယ်။ အိမ်ပြန်ရောက်တဲ့အခါ သူငယ်ချင်းတွေက ညနေပိုင်းချိန်းရင် မအားဘူးလေ သင်တန်းမှာလို့ပြောရင် စိတ်ဆိုးကြတဲ့ အခါတောင်ရှိတယ်။ မန္တလေးသင်တန်းက ဆရာတို့လင်မယားက ကိုယ်အတွက်က မိဘလိုဖြစ်နေတယ် ကိုယ်လာမယ်ဆိုရင် ဆရာကတော်က စားစရာချက်ပြုတ်ပြီး စောင့်နေတတ်တော့ ကိုယ်လာမယ်ဆိုရင် ဖုန်းမဆက်ပဲနဲ့ တိတ်တိတ်လေး လာတတ်တယ် ဆရာကလည်း သူ့မှာစကားပြောစရာ အဖော်မရှိတော့ ကိုယ်လာရင်ပျော်တယ်။ အမေ့အိမ်ကို အာဇာနည်နေ့ ပြန်မယ်လို့ စီစဉ်ထားပြီးတော့ မနက်စောစော လေဆိပ်အရောက်မှာ “ဆရာဒီရက်ပိုင်း မန္တလေးလာမယ်ဆိုရင် ဆရာကြီးကိုအရင်တွေ့ပါ အသည်းအသန် ဖြစ်နေတယ်” ဆိုတဲ့ Message တစောင်ကို မန္တလေးသင်တန်းက သင်တန်းသားတယောက်က ပို့လာတာရတယ်။

မန္တလေးအိမ်ကို ရောက်ရောက်ချင်း ဆရာအိမ်ကိုသွား ဆရာကတော်နဲ့ အရင်တွေ့တော့မှ အကြောင်းစုံသိရတယ် အခြေအနေက သိပ်ပြီးတော့ မျှော်လင့်ချက်မရှိတော့ဘူး။ ကင်ဆာနောက်ဆုံးအဆင့်မှ သိရသလိုဖြစ်တော့ ကိုယ်အင်္ဂါအစားထိုးဖို့တခုပဲ ခပ်ရေးရေး မျှော်လင့်ချက် ရှိတော့တယ်ဆိုတော့ ကိုယ်လည်းဘာမှ မပြောနိုင်တော့ဘူး ဆရာကတော့ မသိသေးဘူး သူ့ကိုတော့ မပြောပါနဲ့ဆိုပြီး တောင်းပန်တယ်။ စကားပြောနေရင်း ဆရာနိုးလာတော့ ခဏဝင်တွေ့တဲ့အခါ ဝမ်းသာအားရနဲ့ ခင်ဗျားလာတာ အတော်ပဲဗျာ ကျနော်နေမကောင်းဘူး ခင်ဗျားရှိတုံးလေး သင်တန်းကိုင်ပေးပါဆိုတော့ အဲဒါအတွက်က စိတ်ချပါဆရာရယ် ကျနော်ရှိနေတဲ့ရက်က ဆရာမပြောလည်း ကျနော်အမြဲလာမှာပါလို့ပဲ ဖြေနိုင်တော့တယ်။ ကိုယ်ရှိတဲ့ရက်တွေ ပုံမှန်အတိုင်းပဲ ကလေးတွေကို သွားသင်ပေးတယ် ဆရာကတော့ အများအားဖြင့် အိပ်နေတော့ ရောက်တဲ့ရက်က တွေ့ခဲ့တာနောက် ထပ်မတွေ့ရတော့ဘူး ဆရာကတော်ကိုပဲ ပြန်ခါနီးမှာ အကူအညီလိုတာရှိတာနဲ့ လုပ်နိုင်တာမလုပ်နိုင်တာ မစဉ်းစားပါနဲ့ ဖုန်းဆက်ပါလို့ပဲ အတင်းမှာပြီးတော့ နှုတ်ဆက်ခဲ့ရတယ်။

စင်္ကာပူကိုပြန်ရောက်တော့ နောက်တရက်ပဲ သင်တန်းကို တန်းရောက်တာပါ ကိုယ်ပြန်ရောက်တော့ ဆရာလည်းပျော်တယ် သင်တန်းအချိန်ဆုံးတဲအထိ နမူနာပြစရာရှိတိုင်း ကိုယ့်ကိုပဲခေါ်ပြီး ကိုင်ပေါက်လေတော့ အတော်လေးလည်း ဖွတ်ဖွတ်ညက်ညက် ကြေတာပေါ့လေ။ သင်တန်းအပြီးမှာ ထူးထူးဆန်းဆန်းအနေနဲ့ တနင်္ဂနွေနေ့မနက် စောစောလာခဲ့နော် လက်နက်အတန်းတွေ မင်းသင်ဖို့ရှိတယ်လို့ ပြောလာတယ်။ သာမန်အားဖြင့် တနင်္ဂနွေနေ့မနက်တန်းက အက်ဒွပ်ဆိုတဲ့ အသက်ခပ်ကြီးကြီး စကော့ဂျပန်ကပြား ဆရာတယောက်သင်တာ သူကလည်း အလုပ်များတော့ ခရီးမကြာမကြာ သွားလေ့ရှိတယ် ဪ.. အက်ဒွပ်မရှိဘူးလား ကျနော်လာခဲ့ပါမယ်ဆိုတော့ အေး.. အခုကတော့ သူလည်းခရီးသွားနေတယ် ဒါပေမယ့် မကြာခင်မှာသူလည်း ပင်စင်နည်းနည်း စောယူပြီးတော့ ကနေဒါကိုပြန်တော့မယ်တဲ့ လက်နက်အတန်းတွေက သူမင်းကိုအကူအညီ တောင်းရဖို့ရှိတယ်လို့ ငါ့ကိုပြောခဲ့တယ် သူမရှိခင်ကြိုပြီးတော့ ပြောထားပေးပါလို့ မှာခဲ့တယ်လို့ဆိုတယ်။

အက်ဒွပ်ဟာ ကိုယ့်ရဲ့စီနီယာဆိုလည်းဟုတ် ဆရာဆိုလည်းဟုတ်တယ် သူနဲ့ကိုယ်နဲ့တွေ့တာ ၁၀ နှစ်ကျော်ခဲ့ပါပြီ ကိုယ်ခါးစည်းအနက် စဖြစ်ကတည်းက ကိုယ့်ကိုသင်ပေးလာတာ ဒါပေမယ့် ဆရာလို့တော့ သူအခေါ်မခံဘူး။ သူကလူပျိုကြီးဖြစ်သလို ဘွဲ့ရကတည်းက အိမ်ကထွက်ပြီးတော့ အာရှဖက်မှာပဲ အလုပ်လုပ်ရင်းနဲ့ အိုက်ကီဒိုကစားလာတာ။ ကိုယ်ဝါသနာပါတယ်ဆိုတာ သူ့တဝက်ဘယ်ရှိပါ့မလဲ သူကခရီးသွားရင်တောင် ယူနီဖောင်းထည့်ပြီး ဘယ်နိုင်ငံရောက်ရောက် သွားမယ့်မြို့မှာ သင်တန်းဘယ်နားရှိလဲ ကြည့်ပြီးတော့မှသွားတဲ့လူ တခါတခါ လေဆိပ်ကနေ သင်တန်းကို တန်းလာတာဆိုတဲ့လူမျိုး။ ၁၀ နှစ်ဆိုတဲ့အချိန်ဟာ နည်းတာမှမဟုတ်ပဲလေ ကိုယ့်အတွက်ရော သင်တန်းတခုလုံးရော မိသားစုတယောက်လို ဖြစ်နေကြတယ်။ ပြန်မယ်ဆိုတာလည်း တခြားအကြောင်းမဟုတ်ဘူး အမေတယောက်ထဲ ထားလို့မဖြစ်တဲ့ အချိန်ရောက်လာတော့ ညီအစ်ကိုမောင်နှမတွေမှာ တကိုယ်ထဲသမားဖြစ်တဲ့ သူပြန်တာအဆင်ပြေဆုံး ဖြစ်တဲ့အတွက် ပြန်ရမှာဖြစ်တော့ ကိုယ့်အတွက်က ဝမ်းနည်းစရာဖြစ်ပေမယ့် သူ့အတွက်တော့ အမေနဲ့ပြန်နေတာဆိုတော့ ဝမ်းသာကြရတာပါ။

အက်ဒွပ်အတွက် နှုတ်ဆက်ပွဲလုပ်ဖို့ လက်ဆောင်ပေးကြရအောင် အမှတ်တရဓာတ်ပုံတွေ ပေးရအောင် ကိုယ့်မှာရှိတဲ့ အက်ဒွပ်ရဲ့ ဓာတ်ပုံတွေ စုပေးကြပါဆိုပြီး စုလိုက်ဆောင်းလိုက်ကြတာ ကိုယ့်မှာရှိတာတင် ပုံ ၁ ထောင်ကျော်တယ်။ ဖြစ်ချင်တော့ အိုက်ကီဒို ဓာတ်ပုံတွေထဲက လိုက်ရှာရင်းနဲ့ မန္တလေးကဆရာရဲ့ ပုံတွေလည်းမြင်တော့ ဪ.. ပြန်တွေ့နိုင်သေးတဲ့ နေရာတခုကို ခွဲသွားမယ့်လူနဲ့ ပြန်မတွေ့နိုင်မယ့် နေရာတခုကို ထွက်သွားမယ့်လူ ၂ ယောက်ဆိုတဲ့ အတွေးမျိုးတွေ ခေါင်းထဲရောက်လာတယ်။ အက်ဒွပ်ပြန်မရောက်သေးတဲ့ တနင်္ဂနွေနေ့မနက် လက်နက်အတန်းကို သင်ရမယ်ဆိုတော့ မနက်စောစော သင်တန်းကိုထွက်အလာ မန္တလေးသင်တန်းက ဆရာဆုံးပြီဆိုတဲ့ Message တခုဝင်လာတယ် မမျှော်လင့်ထားတဲ့ သတင်းမဟုတ်ပေမယ့် ဒီလောက်တော့ မြန်မယ်မထင်ထားခဲ့ဘူး နောက်နေ့ချက်ချင်း သင်္ဂြိုဟ်မယ်ဆိုတော့ ကိုယ်လည်းမပြန်နိုင်ခဲ့ပါဘူး။ သူတို့နဲ့ပတ်သက်ပြီး ကိုယ့်မှာနောင်တရစရာ အကြွေးအဖြစ် ကျန်နေခဲ့တာတွေ မရှိတဲ့အတွက် ထွေထူးပြီးတော့ ဝမ်းနည်းတယ်တော့ မရှိပေမယ့် သူတို့ဖြစ်စေချင်တဲ့ အကြောင်းအရာတွေတော့ ဆက်ပြီးတော့ လုပ်ပေးဖြစ်မှာပါ မန္တလေးသင်တန်းကို ဆရာရှိရှိမရှိရှိ သင်တန်းရှိနေသ၍ ကိုယ်ရောက်ရင် သွားမှာဖြစ်သလို တနင်္ဂနွေမနက် လက်နက်အတန်းလည်း ကိုယ်တတ်နိုင်သ၍ အက်ဒွပ်တယောက် ကနေဒါပြန်သွားတဲ့ နောက်ပိုင်းလည်း ဆက်ပြီးတော့ ဖွင့်ပေးဦးမှာပါ။

comments powered by Disqus