Calm Hill My Random Thoughts

နည်းနည်းလေးတော့လွဲနေမယ် (၃)

နည်းနည်းလေးတော့ လွဲနေမယ်ကို မရေးဖြစ်တာကြာလို့ အလွဲတွေနည်းနေလား ထင်ကောင်းထင်ကြမယ် တကယ်ကတော့ နေစဉ်နဲ့အမျှလွဲနေတာပါ စာဖွဲ့ရလောက်အောင် မတိုက်ဆိုင်တာနဲ့ မအားတာနဲ့ရယ် မရေးနိုင်ဘူးပေါ့လေ။ အလုပ်တွေနဲ့ ခရီးသွားလိုက် ပြန်လာလိုက် ဆရာဖြစ်သူက ချောဆွဲသွားလို့ အိုက်ကီဒိုနဲ့ပါသွားလိုက်နဲ့ သံသရာလည်နေပြီးတော့ ညီမဖြစ်သူနဲ့ သူငယ်ချင်းတွေ ပြောထားတဲ့ ခရီးထွက်မယ်ဆိုတာ သူငယ်ချင်း ၁ ယောက်သာ ရန်ကုန်အပြီးပြန်သွားတယ် ခရီးကမသွားဖြစ်ပဲ ကြာလာတော့ သူတို့ကလည်း ပူညံပူညံလုပ်တာလည်း အလွန်တော့မဟုတ်ပါဘူး။ ညီမဖြစ်တဲ့သူက နောက်ဆုံးတော့ အစ်ကိုလိုက်ချင်လိုက် မလိုက်ချင်နေ သူ့ဟာသူပဲ သွားမယ်ဆိုပြီးတော့ အတင်းစီစဉ်တော့မှ မလေးရှားဘက် Tioman ဆိုတဲ့ကျွန်းကို ခရီးသွားမယ်လို့ စီစဉ်ဖြစ်တယ်။

သွားမယ်ဆိုပြီး လူစုလိုက်တော့ စုစုပေါင်း ၇ ယောက်ရတယ်။ တက်ကြွတဲ့လူတွေလည်း အင်မတန်တက်ကြွတယ် Drone နဲ့ ဓာတ်ပုံရိုက်မယ့်လူနဲ့ ရေးကူးဝတ်စုံရွေးတဲ့လူနဲ့ ရေငုပ်မယ့်လူနဲ့ စိတ်ကူးနဲ့ဖဲရိုက်လိုက်ကြတာ ကိုယ်ကတော့ အလုပ်ပိနေတော့ သိပ်ဝင်မပြောဖြစ်ပါဘူး။ အတက်ကြွဆုံးဖြစ်တဲ့ ညီမဖြစ်တဲ့လူပဲ စီစဉ်ပြီးတော့ စင်္ကာပူကနေ မလေးရှားထဲက Mersing ဆိုတဲ့မြို့ကို သွားဖို့အတွက် Taxi ရယ် Mersing ကနေ Tioman ကိုသွားဖို့အတွက် ဖယ်ရီလက်မှတ်တွေရယ် Tioman မှာနေဖို့အတွက်ရယ် စီစဉ်လိုက်တာ နေတိုင်းလိုလို Travel Agent ကို ဖုန်းခေါ်တယ်။ ကိုယ့်ညီမလို့ သိပ်ပြီးတော့ ပြောစရာမလိုဘူး တရက်ကို တခုလောက်လွဲပြီး သူ့အစီအစဉ်က တမျိုးပြောင်းတယ် ဒီနေ့ Bus နဲ့ဖြစ်လိုက် နောက်နေ့ကို Taxi နဲ့ဖြစ်လိုက်နဲ့ ကြာလာတော့ ညည်းအစီအစဉ် အတည်ဖြစ်မှပဲ ငါကိုပြောတော့ဆိုပြီး ကိုယ်လည်း မမေးတော့ဘူး။

စီစဉ်ပြီးလို့သွားခါနီး ၂-၃ ရက်မှ သူငယ်ချင်း ၂ ယောက်က မလိုက်တော့ဘူးဆိုပြီး စပြီးတော့ဖြစ်တယ်။ ကိုယ်တွေကလည်း ဘာမှလည်း စရံဘာညာတွေက မပေးရသေးသလို နေစရာနေရာ Booked လုပ်ထားတာကလည်း နောက်ဆုံးအချိန်အထိ Cancel ပြန်လုပ်လို့ရတော့ ရပါတယ်ဆိုပြီး ပြောလိုက်တဲ့အချိန်ကနေ ဇာတ်လမ်းတွေစတာပဲ။ ငှားထားတဲ့ Taxi က ၇ ယောက်ကနေ ၅ ယောက်ဆိုတော့ ကားပြောင်းဖို့အတွက် Travel Agent ကိုပြောတော့ ၅ ယောက်ကားကို ပြောင်းပေးလိုက်တယ်။ ကျွန်းကိုသွားမယ် ဖယ်ရီကျတော့မှ ၅ ယောက်ပြန်ပြောင်းတော့ ပြောင်းလို့မရဘူး Cancel လုပ်ပြီး အသစ် Book ပြန်လုပ်ပါဆိုတော့ လုပ်လိုက်တာမှာ Book လုပ်လို့မရပဲ စနေနေ့ မနက် ၆ နာရီကနေ ညနေ ၆ နာရီဖယ်ရီ ဖြစ်သွားတော့တယ်။ အချိန်ပြောင်းသွားတော့ Travel Agent ကို တခေါက် ပြန်ခေါ်ပြီးတော့ Taxi အချိန်ကို သောကြာနေ့ ညသန်းခေါင်ကနေ စနေနေ့မနက် ၁၁ နာရီဆိုပြီး တခေါက်ပြန်ချိန်းရပြန်တယ်။

၁ ရက်အချိန်ပုတ်သွားလည်း ထားလိုက်ပါတော့ မတတ်နိုင်ဘူးလေ စီစဉ်ထားတဲ့အတိုင်းပဲ သွားမယ်ဆိုပြီး အားလုံးက သဘောတူထားလိုက်ပြီးတော့ ဇာတ်လမ်းထပ်ဆက်တာက သွားမယ့်ရက်မတိုင်ခင်မှ ညီမဖြစ်တဲ့လူက အချိန်ပုတ်သွားလို့ တနင်္လာမနက် ၆ နာရီ ဖယ်ရီအစား ညနေ ၆ နာရီဖယ်ရီကို ပြောင်းထားတယ် တနင်္လာညပိုင်းမှရောက်မှာ ဖြစ်ကြတယ် မဟုတ်လားဆိုတော့ မျက်လုံးပြုးရတယ်။ ဟမ်… ပြောင်းချင်တိုင်း ပြောင်းလို့ဘယ်လိုလုပ် ဖြစ်မှာလဲ ၂ ယောက်က ခွင့်ယူလို့မရသေးတော့ ဆေးခန်းမှာဆရာဝန်ကို ငိုပြပြီးတော့မှ ဆေးခွင့်ယူရမှာ တနင်္လာညပိုင်းမှရောက်ရင် ဘယ်ဆရာဝန်မှ အဲဒီနေ့အတွက် ခွင့်ပေးလို့ရမလဲဆိုပြီး ဆူရပူရတော့တယ်။ Agent ကို ဖုန်းဆက်ပြီး ရအောင်ပြောင်းဆိုပြီး ထပ်ခိုင်းရပြန်တယ်။ Agent ကလည်း မနက်မနက် သူ့ဖုန်းနံပတ်မြင်ရင် အတော်လည်း စိတ်ညစ်လောက်ပါပြီ နေ့တိုင်းလည်းဖုန်းဆက် ၁ ရက်ကိုလည်း ၁ မျိုးပြောင်းတယ် မဟုတ်လား။ ဒီတခေါက်တော့ Agent က သူပြောင်းလို့မရဘူး စိတ်တော့မပူနဲ့ ဖယ်ရီဂိတ်ရောက်မှ မသွားခင်မှာ အပြန်အချိန်ကို ပြောင်းလို့ရတယ်လို့ပြောလို့ ဇာတ်လမ်းက ၁ ခန်းရပ်ပါတယ်။

စနေနေ့မနက် ၁၁ နာရီကို ခရီးသွားမယ်ဆိုတော့ မနက်ပိုင်း ၈ နာရီလောက် အိပ်ရာထပြီး ပစ္စည်းပစ္စယတွေထည့် ရေချိုးမုတ်ဆိတ်ရိတ်ပြီးတော့ ညီမဖြစ်တဲ့လူအခန်းကို တံခါခေါက်ပြီးတော့ ဘာစားမှာတုံး ကားကလည်း လာတော့မှာအချိန် သိပ်မရှိတော့ဘူးဆိုတော့ အချိန်ရှိသေးတယ် မနက် ၁၁ နာရီမဟုတ်ဘူး နေ့လည် ၁ နာရီခွဲဖြစ်သွားပြီတဲ့။ ဟမ်… ကားက သူ့ဟာသူ အချိန်ပြောင်းချင်တိုင်း ပြောင်းလို့ရသလားဆိုတော့ မဟုတ်ဘူးတဲ့ မနက်မှကြည့်တော့ Taxi ကို Book လုပ်ထားတာက စက်တင်ဘာနဲ့ အောက်တိုဘာမှားနေတာ သတိထားလိုက်တာ ကားကိုဖုန်းဆက်ကြည့်တော့ အားတော့အားတယ် အခုကတော့လာလို့ မရတော့ဘူး နေ့လည် ၁ နာရီခွဲမှရောက်မယ် ဖြစ်သွားတယ်ပြောတယ်။ အဲဒါနဲ့ ဖယ်ရီလက်မှတ်တွေရော နေရမယ့်နေရာတွေရော ရက်တွေရောမှန်လား အသေအချာပြန်ကြည့်ပါဆိုပြီး အလွန်ဆုံးမှ တနင်္လာနေ့တင်ထားတဲ့ ခွင့်ကိုပြန်ပြီးတော့ Cancel လုပ် ရုံးပြန်တက်ပေါ့ Tiomen တော့ ရောက်တော့မှာ မဟုတ်ဘူးဆိုပြီး စိတ်ကိုဒုံးဒုံးချထားတယ်။

နေ့လည် ၁ နာရီခွဲတော့ ကားရောက်လာတယ် ကိုယ့်အိမ်က ၃ ယောက်နဲ့ နောက်သူငယ်ချင်း ၂ ယောက်ကိုဝင်ခေါ်ပြီးတော့ မလေးရှားဘက်ထွက်လာခဲ့တာ Woodlands Checkpoint မရောက်ခင်မှာပဲ ဆိုင်ကယ် Accident တခုတွေ့တယ် ဆိုင်ကယ်သမားလည်း တုံးလုံးပက်လက်နဲ့ဖြစ်နေတာ သွားမြင်မိကြပြီးတော့ စိတ်ကလည်း စနိုးစနောင့်နဲ့ပါ။ Checkpoint မှာတော့ စနေနေ့နေ့လည် ဖြစ်နေလို့ဖြစ်မယ် သိပ်ပြီးတော့လည်း မစောင့်လိုက်ရပါဘူး အလွယ်တကူပဲ မလေးရှားဘက်ရောက်ပါတယ်။ မလေးရှားဘက်အရောက်မှာလည်း လမ်းတလျောက်မှာ ကားတိုက်ထားတာ ၂ ခုလောက် ထပ်တွေ့ရပြန်တယ်။ မတတ်နိုင်ဘူးလေ ကိုယ့်ရဲ့ Insurance က မလေးရှားမှာလည်း Cover ဖြစ်ပါတယ်ဆိုပြီး စိတ်ကိုဖြေရတာပဲ။ ကားဆရာကတော့ ကီလို ၁၂၀ လောက်နဲ့ မလျှော့တမ်းကို မောင်းတော့တာနဲ့ ကိုယ်လည်း မျက်စေ့မှိတ်ထားလိုက်တာ အပူအပင်တွေ ဘယ်လောက်ကြီးလဲဆိုရင် အိပ်ပျော်သွားပြီးတော့ ၅ နာရီလောက်မှာ Mersing ရောက်မှပဲ နိုးပါတော့တယ်။

ရောက်ရောက်ချင်း လုပ်ရတာကတော့ ဖယ်ရီအချိန်ကို တနင်္လာနေ့မနက်ကို အချိန်ပြောင်းရတာပဲ။ ဇာတ်လမ်းတွေ အမျိုးစုံခင်းပြီးသကာလမှာ ဖယ်ရီဂိတ်က မန်နေဂျာတရုတ်ကြီးရယ် မလေးအစ်မကြီးရဲ့ ကောင်းမှုအကြောင်းပြုပြီး မနက်ခင်းကို ရွှေ့လို့ရလိုက်တယ်။ ဖယ်ရီကလည်း အလွဲအချော်မရှိပဲ အချိန်မှန်ပဲထွက်ပါတယ်။ Tioman ကိုရောက်ဖို့က အတော်လေးစီးရတယ် ညနေ ၆ နာရီခွဲကထွက်လာတာ ၇ နာရီခွဲလောက်မှ Tioman ကိုရောက်တယ်။ ဖယ်ရီပေါ်က အတွေ့အကြုံက ထွေထွေထူးထူး မရှိပေမယ့် ကိုယ့်အထဲက ၁ ယောက်က လှိုင်းမူးပြီး တလမ်းလုံး ဥဩဆွဲပြီးတော့ လိုက်လာတာတခုပဲ ပြောစရာရှိတယ်။ Tioman မှာလည်း သင်္ဘောဆိပ်က ၃-၄ နေရာရှိတာ ကိုယ်ဆင်းရမယ့် နေရာက ပထမဆုံးရပ်တဲ့ Genting ဆိုတဲ့ နေရာဆိုတော့ Tioman ကို ရောက်ရောက်ချင်း ဆင်းရပါတယ်။

နေဖို့စီစဉ်ထားတဲ့ Nipah ဆိုတဲ့နေရာက Genting မှာမဟုတ်ဘူး ဆက်သွားဖို့အတွက် ထပ်သွားရတယ်။ Nipah ကပဲ လူငယ်တယောက် Speed Boat လေးတစီးနဲ့ ရောက်လာပြီးတော့ လာကြိုပါတယ်။ ရောက်ရောက်ချင်း သတိပေးတာက ဟိုမှာဘာမှမရှိဘူးနော် ဈေးဝယ်ချင်ရင် ဒီမှာဝယ်ခဲ့ရမှာဆိုလို့ Genting မှာပဲ စားစရာမုန့်တွေဝယ်ပြီးတော့ စက်လှေသေးသေးလေးနဲ့ Nipah ကိုထွက်ခဲ့တယ်။ ထွက်ထွက်လာချင်းက သိပ်ပြီးတော့ မကြောက်ပေမယ့် ခဏလောက် သွားလိုက်တော့ စိုးရိမ်စပြုလာတယ် ည ၈ နာရီလောက် လမိုက်ညမှာ အရှေ့ဘက်ကြည့်လိုက်လည်း အနက်ရောင် ဘယ်ညာကြည့်လည်း အနက်ရောင် မိုးပေါ်မော့ကြည့်မှ ကြယ်ပဲမြင်ရတယ်။ အနောက်လှည့်ကြည့်မှ Genting က မီးရောင်လဲ့လဲ့ပဲမြင်တော့ ကိုယ့်ဟာကိုယ် ဘယ်ရောက်နေမှန်း ကိုယ်လည်းမသိသလို လှိုင်းကလည်း အတော်ကြမ်းတယ် စက်လှေလေးဟာ တချက်ချက်မှာ လေပေါ်ပျံပျံသွားလိုက် ၅ ယောက်လုံး ဘုရားတလိုက်နဲ့ ငါမကြောက်ဖူးလို့ အားတင်းထားပြီးတော့ လှေနံရံကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး လိုက်သွားလိုက်တယ်။

စက်လှေအတွေ့အကြုံအပြီး Nipah ရောက်တော့ အတော်လေး အမောပြေရတယ်။ အိမ်လေးတွေက ခေတ်ပေါ်အသုံးအဆောင် ဘာမှမရှိဘူး ပါတိတ်ပန်းချီလေးတွေ ကမာခရုလေးတွေ စာအုပ်စင်လေးတွေနဲ့ ရိုးရိုးရှင်းရှင်းလေးတွေ နေချင်စရာလေးတွေပါ။ တယ်လီဖုန်းကိုကြည့်တော့ လိုင်းလုံးဝမမိဘူးပါဘူး Tioman ကျွန်းပေါ်မှာ Nipah က Mobile Network Dead Zone ထဲမှာပါတယ်လို့ လာခေါ်တဲ့ ကောင်လေးကပြောတယ် ဖုန်းလိုင်း မမိတာတခုနဲ့တင် လာရတာ တန်တယ်လို့ ခံစားရတယ်။ နောက်မှသိရတာက လာခေါ်တဲ့ကောင်လေးက Nipah ရဲ့ပိုင်ရှင်ဖြစ်နေတယ်။ သူ့မိဘတွေလည်း ရောက်နေတော့ အချက်အပြုတ်က အမေဖြစ်တဲ့လူက တာဝန်ယူပြီးချက်တယ်။ ၈ နာရီလောက် ရှိပြီဆိုတော့ ညစာလည်း ရွေးစရာဘာမှမရှိဘူး သူတို့ချက်တာ စားဖို့ပဲရှိတယ်။ အစကတော့ အင်တင်တင် ဖြစ်နေပေမယ့် အန်တီကြီးက ဟင်းချက်ကောင်းတော့ ဘာချက်ချက် အဆင်ပြေတယ်။ အန်တီကြီးဟာ သဘောကောင်းသလို စကားကတော့ အတော်လေးပြောနိုင်တယ် စကားစပ်မိတော့ မြန်မာနိုင်ငံမှာရှိတဲ့ နာမည်ကြီးလူတွေမှာ သူမသိတဲ့လူ သိပ်မရှိသလို လိမ်ပြောနေပုံလည်း မရဘူးဆိုတော့ မာဖီးယားဂိုဏ်း ခေါင်းဆောင်ကြီးလား သံသယဝင်မိတယ်။

၁ ရက်ပဲ အချိန်ရတဲ့အတွက် နောက်နေ့မနက်မှာ Snorkeling ထွက်မယ် နေ့လည်ပိုင်း ပြန်ရောက်ရင် ခဏနားပြီးတော့ တောင်ပေါ်ကရေတံခွန်ကို တက်ကြမယ်လို့ စီစဉ်ထားကြတယ်။ တဦးတည်းသော မော်တော်မောင်းတတ်တဲ့ ပိုင်ရှင်ကောင်လေးက သူလိုက်ပို့မယ်ဆိုပြီး Snorkeling ၃ နေရာကို စီစဉ်ပြီးတော့ တနင်္ဂနွေနေ့မနက် ၉ နာရီလောက် ထွက်ခဲ့တယ်။ ကိုယ့်အဖွဲ့ထဲက မိန်းကလေး ၂ ယောက် ရေမကူးတတ်ဘူး အသက်ကယ်ဝတ်စုံနဲ့ ရေထဲကိုချရတယ်။ ရေမကူးတတ်ပေမယ့် ဝူးဝူးဝါးဝါးနဲ့လုပ်ပြီး ရေထဲမျောသွားလို့ မော်တော်နဲ့ လိုက်ဆွဲရပါသေးတယ်။ Tioman မှာ သန္တာကျောက်တန်းတွေ ငါးလေးတွေဟာ အတော်ကြီးကိုလှတယ်။ ၂ နေရာလောက် Snorkeling အပြီးမှာ ၃ နေရာမြောက်က ကမ်းခြေမှာဖြစ်သလို နေ့လည်စာလည်း စားမယ်ဆိုပြီး ထွက်ခဲ့ကြတယ်။

နေ့လည်စာစားအပြီး ရေငုတ်မယ်ဆိုပြီး မျက်မှန်လေးတပ်ပြီး ကမ်းခြေကိုဆင်း ၅ မိနစ်လောက်နေတော့ ကိုယ့်လူတွေ ပါမလာပါလားဆိုပြီး ကမ်းခြေဘက်ကို လှမ်းကြည့်လိုက်တော့ မီးခိုးတွေတွေ့တယ်။ ကိုယ့်ညီမနဲ့အဖွဲ့က မီးခိုးတွေနားမှာ စုရုံးစုရုံးနဲ့ကြည့်လိုက် ဓာတ်ပုံရိုက်လိုက်နဲ့ အသေအချာကြည့်တော့ စားသောက်ဆိုင် မီးလောင်နေတာ ဖြစ်နေပါရော။ အဲဒါနဲ့ ဂက်စ်အိုးတွေရှိရင် ပေါက်ကွဲနေရင်ခက်မယ် တော်ရာပြေးကြပါဟဲ့ဆိုပြီး ကမ်းပေါ်ပြေးတက်ပြီး သူတို့ကိုလွတ်ရာရွှေ့ရတယ်။ မီးကလည်း တဖြည်းဖြည်းကြီးလာပြီး ဘေးအိမ်တွေပါကူးတယ်။ ကိုယ့်ကိုလိုက်ပို့တဲ့ ကောင်လေးကလည်း သူငယ်ချင်းအိမ်ဆိုတော့ ကိုယ်တွေကိုခဏထားပြီး မီးကူပြီးသတ်တာ ခဏနေတော့ ဘယ်ရောက်သွားမှန်းမသိဘူး။ မီးသတ်လည်း ရောက်လာပြီးတော့ ရေစုတ်စက်ကို အပြီအပြင်ဆင်ပြီး ရေပက်မယ်လုပ်တော့ ရေစုတ်စက်က စက်နှိုးလို့မရပါဘူး။ နောက်ဆုံးတော့ နိုင်ငံခြားသားတွေပါ ကြည့်မနေနိုင်တော့ပဲ ကမ်းခြေကနေ ရေကူးဝတ်စုံတွေနဲ့တန်းစီ လက်ဆင့်ကမ်းရေခပ်ပြီး တပျော်တပါးကြီး မီးငြိမ်းကြရတယ်။ ၁ နာရီလောက်ကြာအောင် မီးလောင်ပြီးတော့ နောက်ဆုံးမှာ မီးငြိမ်းသွားတယ် ရေစုတ်စက်က နှိုးလို့ရမသွားပါဘူး။

မီးငြိမ်းသွားတော့ ကောင်လေးလည်း ပြန်ရောက်လာပြီးတော့ Nipah ကို ပြန်လာခဲ့ကြတယ်။ အပြန်ခရီးက ညဘက်လို မမြင်မကမ်း မဟုတ်ပေမယ့် လှိုင်းကညပိုင်းက လာခဲ့တဲ့အချိန်ထက် ပိုကြမ်းပါတယ်။ အသက်ကယ်အင်္ကျီအားကိုးနဲ့ အလာတုံးကလိုတော့ မကြောက်ကြတော့ဘူးပေါ့လေ။ မီးသတ်လိုက်တော့ အချိန်တွေ ကမောက်ကမဖြစ်ပြီးတော့ တောင်ပေါ်တက်ချိန် မရတော့ပဲနဲ့ ညနေပိုင်းမှာ ခဏနားပြီးတော့ Nipah မှာပဲ အေးအေးဆေးဆေး စာဖတ်လိုက် ဂိမ်းကစားလိုက်နဲ့ နေခဲ့ရတော့တယ်။ ညပိုင်းရောက်တော့ ညစာစားရင်း ထုံးစံအတိုင်း ပိုင်ရှင်အန်တီကြီးနဲ့ စကားတွေပြော ဗမာစာသင်ချင်တယ်ဆိုလို့ ဗမာစာကို ထမင်းစားရေသောက် သင်ပေးခဲ့သေးတယ်။ ညပိုင်းကို နောက်ကျအောင် နေကြမယ်လို့ စိတ်ကူးပေမယ့် တနေကုန်ရေကူးအပြီးမှာ ဘယ်သူမှလည်း မနေနိုင်ပါဘူး သန်းခေါင်မတိုင်ခင် အကုန်လုံး ကျဆုံးကုန်တာပါပဲ။

နောက်နေ့မနက် ပြန်ရမှာဆိုတော့ မနက်စောစော ၅ နာရီလောက်ထ ပစ္စည်းတွေသိမ်းပြီး ဖယ်ရီလာမယ့် Genting ကို မော်တော်နဲ့ မနက် ၆ နာရီမထိုးခင်လောက် ထွက်လာခဲ့ကြတယ်။ အပြန်ခရီးကတော့ လှိုင်းအတော်လေးငြိမ်ပြီး ချောချောမောမောပဲ သင်္ဘောဆိပ်ကို ရောက်ခဲ့ပါတယ်။ အပြန်ခရီးလည်း ဘာမှအနှောက်အယှက် မရှိလေတော့ လွဲတာတွေကုန်ပြီလို့ တွေးနေတုံးမှာပဲ စင်္ကာပူအဝင်မှာ လူတွေများပြီး တံတားပေါ်မှာ ၂ နာရီလောက် ပိတ်မိပြီးတော့ မနက် ၁၀ နာရီရုံးတက်ရမယ့်လူတွေ ၁၂ ခွဲလောက်မှ အိမ်ပြန်ရောက်တော့ နေ့တဝက်ခွင့် ယူကြရတယ်။ ကမောက်ကမနဲ့ အမျိုးမျိုးဖြစ်ပြီး ၁ ရက်ပဲနေခဲ့ရပေမယ့် နေခဲ့ရတဲ့ အချိန်အတွင်းမှာ အေးအေးချမ်းချမ်းရှိသလို နေရထိုင်ရတာလည်း အမျိုးအိမ်ကို အလည်သွားရသလိုပဲ ချက်ကျွေးတာစား နေချင်သလိုနေ ဘယ်သူမှလည်းမရှိဘူး အတော်အဆင်ပြေတယ်။ သိပ်အဝေးကြီးလည်း သွားရတာမဟုတ်တော့ နားချင်တဲ့အခါ ထပ်သွားဦးမယ် Snorkeling လုပ်ရင်းနဲ့ ရေအောက်မှာ ဓာတ်ပုံရိုက်မယ် ကျွန်းပေါ်က သစ်တောတွေလည်း စိတ်ဝင်စားတယ် နောက်တခေါက်ဆို Hiking လုပ်ဖို့လည်း စိတ်ကူးတယ် နောက်တကြိမ်တော့ နဲနဲလေးကနေ များများကြီးမလွဲဖို့တော့ မျှော်လင့်တာပဲလေ။

comments powered by Disqus