Calm Hill My Random Thoughts

Internship 2018

အရင်နှစ်ကစပြီးတော့ တက္ကသိုလ်တွေ နောက်ဆုံးနှစ်မှာ Internship ဆင်းရတယ် Intern မပြီးဘူးဆိုရင် ဘွဲ့မရကြတော့ဘူး။ ကိုယ့်မှာကလည်း ရန်ကုန်ရုံးခွဲရှိလေတော့ ပတ်သက်ရာ ပတ်သက်ကြောင်းနဲ့ Intern ဆင်းဖို့အတွက် အကူအညီအတောင်း ခံရတာရှိတယ် တတ်နိုင်သ၍တော့ လက်ခံပေးပါတယ်။ ကိုယ်ပိုင်တဲ့အလုပ် မဟုတ်လေတော့ လက်ခံချင်တိုင်းလည်း လက်ခံလို့မရဘူးလေ ရုံးချုပ်ကလူတွေနဲ့ ပြောစရာရှိတာပြော ညှိနှိုင်းပြီးမှ လက်ခံလို့ရတာပါ။ ကျောင်းတွေကလည်း ဘယ်လိုကျောင်းသားတွေကို လက်ခံချင်လည်း လွှတ်ပေးရမလဲ မေးကြပါတယ် လိုအပ်မယ်ဆိုရင် အင်တာဗျူးလို့ရတယ်လို့ သက်ဆိုင်ရာ တာဝန်ရှိတဲ့ ဆရာတွေက ပြောပါတယ်။ ထိမ်းလို့မနိုင်မှာစိုးလို့ ယောက်ျားလေး မိန်းကလေးကို မျှပြီးတော့ ပို့ပေးရမလား မေးကြတာလည်းရှိတယ်။ လာချင်တဲ့လူလာ လက်ခံပါတယ် မူကြိုလက်ခံတာ မဟုတ်တဲ့အတွက် အလုပ်နဲ့မပတ်သက်တာ ကိုယ့်တာဝန်ကိုယ်ယူရမှာပါ အလုပ်ကိစ္စလည်း အလုပ်လိုပဲရှင်းမှာပါပဲ ဖြေရပါတယ်။ နည်းပညာတက္ကသိုလ် (သန်လျင်) က ၅ ယောက်ရယ် ကွန်ပျူတာတက္ကသိုလ် (မိတ္ထီလာ) က ၅ ယောက်ရယ် Batch ၂ ခုလောက် လက်ခံပေးဖြစ်တယ်။

Internship အကြောင်းမပြောခင် တူသလိုလိုနဲ့ ရှုပ်နေတဲ့ကိစ္စတခုကို အရင်ဆုံးရှင်းမှရမယ်။ တခေတ်တခါက အလုပ်အတွေ့အကြုံမလိုဘူး အလုပ်လုပ်ဖို့အတွက် လိုအပ်တာတွေ သင်ပေးမယ်ဆိုပြီး Internship ဆိုပြီး နာမည်တပ်ပြီး ဘယ်နှစ်လနေလို့ သတ်မှတ်ကာလပြီးလို့ သဘောကျတယ်ဆိုရင် အလုပ်ခန့်မယ်ဆိုပြီး ခေါ်တာတွေရှိခဲ့ဖူးတယ်။ ကိုယ်ကတော့ အဲဒါတွေကို Internship လို့ မခေါ်ပါဘူး ဝန်ထမ်းသင်တန်းသားအဖြစ် အလုပ်ခန့်တယ်လို့ပဲ အခေါ်အဝေါ်အားဖြင့် Trainee လို့ပဲ သုံးလေ့ရှိပါတယ်။ Internship နဲ့ Trainee ၂ မျိုးဟာ မတူပါဘူး။ Trainee ဆိုတာမှာ Business ဘက်က ရည်ရွက်ချက်ဟာ သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ ပြည့်မှီတဲ့ ဝန်ထမ်းတယောက် ရဖို့ဆိုပြီး Expectation အတိအကျရှိတယ်။ Trainee အနေနဲ့ ခန့်လိုက်တယ်ဆိုတာ အချိန်ဘယ်လောက်အတွင်း Trainee အနေနဲ့ လိုအပ်တဲ့ Skill တွေရဖို့အတွက် Training ပြီးအောင်တက်ဖို့ ဒါမှမဟုတ်ရင် ကိုယ်တိုင်လေ့လာဖို့နဲ့ Skill Level တခုရောက်ရင် အလုပ်ဆက်ခန့်ဖို့ Training ကာလအတွင်းမှာ အကျိုးခံစားခွင့်က ဘယ်လိုစသည်ဖြင့် ၂ ဦး ၂ ဖက် သဘောတူညီချက်နဲ့ အလုပ်ခန့်ထားတာပဲ။

Internship ကတော့ အများအားဖြင့် ကျောင်းတွေကနေ Industry အတွေ့အကြုံ မြင်ဖူးစေချင်လို့ ရစေချင်လို့ဆိုတဲ့ Expectation နဲ့ လွှတ်လိုက်တာမျိုးကိုပဲ အများဆုံးသုံးတာပါ။ Industry ဘက်ကလည်း Expectation အနေနဲ့ Potential Employee ဖြစ်ဖြစ် ဒါမှမဟုတ်ရင် လူအင်အားနဲ့ လုပ်ရမယ့် အလုပ်လေးတွေ အနည်းအကျဉ်း ရှိတာမျိုးလည်း ရှိတတ်ကြတယ်။ Internship မှာ လုပ်လေ့ရှိတာက ပို့လိုက်တဲ့ ကျောင်းသားတွေကို လက်ခံပေးတဲ့ Industry ဘက်က Supervisor တယောက်ရဲ့ ကြီးကြပ်မှုအောက်မှာ အချိန်ကာလတခု သတ်မှတ်ပြီးတော့ အလုပ်လုပ်ရတယ်။ Internship ပြီးပြီဆိုရင်တော့ ဘာတွေလုပ်ခဲ့တယ်ဆိုတာ Report ရေးရလေ့ရှိတယ်။ Report ကိုလည်း Supervisor က စစ်ဆေးပြီးတော့ Approve လုပ်ပေးပြီးတော့ ကျောင်းကိုပြန်ပြီး Report ပြန်တင်ကြရတယ်။

Intern ဆင်းကြမယ်ဆိုတော့ လူအမျိုးမျိုးစိတ်အထွေထွေ မျှော်လင့်ချက်တွေက တယောက်နဲ့တယောက် မတူကြဘူး။ မြင်ဖူးတဲ့ မျှော်လင့်ချက်တွေဆိုရင် အများဆုံးကြားရတာက Allowance ကိစ္စဖြစ်လိမ့်မယ် တချို့အလုပ်တွေကလည်း Intern လက်ခံပြီးတော့ Allowance မပေးနိုင်တာရှိသလို ပေးတာနည်းတာလည်း ရှိကြတယ်ထင်ပါတယ်။ ကိုယ့်ဆီမှာတော့ အလုပ်ခန့်ထားတဲ့ ဝန်ထမ်းလောက် ပေးလို့မရပေမယ့် နေဖို့စားဖို့ လောက်ဖို့တော့ ခန့်မှန်းပြီးပေးတယ်။ Allowance မပေးတဲ့အလုပ်တွေကို ဘယ်လိုမြင်လဲဆိုရင်တော့ ကိုယ့်အမြင်ကတော့ မြန်မာနိုင်ငံထဲက အလုပ်အခြေအနေအရ လက်ခံပေးတာတောင် အတော်ကူညီရာ ရောက်နေပါပြီ။ လက်ခံပေးတဲ့ ကုမ္ပဏီတွေကလည်း Microsoft တို့ Google တို့ မဟုတ်ကြသလို Intern လာဆင်းတဲ့ ကျောင်းသားတွေကလည်း Harvard တို့ MIT တို့က မဟုတ်ကြပါဘူး။ ကိုယ့်အိုးနဲ့ ကိုယ့်ဆန်ဆိုတော့ Internship မှာ Allowance မရတာလည်း ဖြစ်နိုင်တယ်လို့တော့ သတိထားသင့်တယ်။ ပေးနိုင်တယ်ဆိုရင်တော့ ကျောင်းသားအတွက် အဆင်ပြေတာပေါ့။

Allowance ကိစ္စပြီးတော့ Internship မှာ ဘာတွေလုပ်ရမလဲဆိုတဲ့ မျှော်လင့်ချက်တွေစတယ် ဒုံးပျံဆောက်တာကနေ အပ်နဖားကြိုးထိုးတဲ့ အလုပ်အထိ အစုံလုပ်ချင်ကြတာရှိတယ်။ အလုပ်တွေမှာလည်း တချို့တွေကျတော့ အကူအညီတောင်းလို့ လက်ခံပေးလိုက်တာ ဘာလုပ်ခိုင်းမယ်လို့ စီစဉ်မထားနိုင်တာလည်း ရှိကြပါတယ်။ တချို့ကျတော့လည်း လုပ်နေတဲ့ အလုပ်တွေရှိပေမယ့် Intern တွေကို ထည့်ပြီးတော့ ခိုင်းလို့မရတာတို့ ထည့်လိုက်ရင် ပိုနှေးသွားတဲ့အတွက် Project Timeline မမှီတာဖြစ်နိုင်လို့ တကယ်တမ်းလုပ်နေတဲ့ အလုပ်တွေထဲကို ထည့်မပေးနိုင်တာလည်း ရှိတတ်တယ်။ တချို့ကျတော့လည်း ရေကန်ထဲတွန်းချပြီးတော့ ရေကူးသင်သလို ခိုင်းလိုက်တာလည်း ရှိပါတယ်။ အားလုံးခြုံလိုက်ရင် အလုပ်လုပ်ခဲ့ရတဲ့ Intern နဲ့ မလုပ်ချင်တာတွေ လုပ်လာခဲ့ရတဲ့ Intern ဆိုပြီးတော့ ၂ မျိုးရှိလိမ့်မယ်။ အလုပ်တွေ လုပ်ခဲ့ရရင်လည်း အတွေ့အကြုံရလို့ အမြတ်ထွက်တာပေါ့ မလုပ်ချင်တာတွေ လုပ်ခဲ့ရတော့လည်း အလုပ်ဆိုတာက မလုပ်ချင်တာတွေရော လုပ်ချင်တာတွေရော ရွေးစရာမရှိဘူး မသေမချင်းလုပ်ရမှာ ဘဝအတွေ့အကြုံ ရတယ်လို့ယူဆလိုက်ပါ အလဟသတ်ဖြစ်သွားတဲ့ Internship ဆိုတာမရှိဘူး ပညာမရရင် တရားရပါလိမ့်မယ်။

နောက်ထပ်အနေနဲ့ ပတ်သက်ပြီးတော့ ကြားရတတ်တာက Internship ကို တလွဲအသုံးချပြီးတော့ အကျိုးအမြတ် ရှာတယ်ဆိုတဲ့ ကိစ္စရပ်တွေပါ။ တခုကြိုပြောရမှာက အလုပ်လုပ်တာဖြစ်လို့ Intern လက်ခံပေးတဲ့ အလုပ်ဘက်က အကျိုးအမြတ်မရှိပဲ လက်ခံထားတယ်တော့ မယူဆပါနဲ့ အနည်းနဲ့အများတော့ ရှိပါလိမ့်မယ်။ ဘယ်လိုကိစ္စတွေ အလွန်အကျွံ မြင်ဖူးကြလို့လဲတော့ ကိုယ်လည်းမသိဘူး Intern တွေရဲ့ လုပ်အားတွေနဲ့ စီးပွားဖြစ်အနေနဲ့ အကျိုးအမြတ်ရဖို့တော့ ကိုယ်တွေအလုပ်မှာတော့ အတော်ခက်ပါတယ်။ အချိန်လေး ၂-၃ လအတွင်းမှာ စီးပွားဖြစ်အောင် ဘာများလုပ်လို့ရမလဲ ကိုယ်ကတော့ ညံ့တယ်ပဲပြောပြော မစီမံတတ်ပါဘူး။ ကိုယ်မလုပ်တတ်လို့ မဖြစ်နိုင်ဘူးတော့ မယူဆပါဘူး ရှိလည်းရှိနိုင်ပါတယ်။ ကိုယ့်နိုင်ငံထဲက IT အလုပ်တွေက တက္ကသိုလ်အားလုံးက ကျောင်းသားအရေအတွက်နဲ့ ယှဉ်လိုက်မယ်ဆိုရင် ဘဲအုပ်က ၁၀၀-၂၀၀ မဗေဒါက ၁ ပင်တည်း ဆိုသလိုလည်း ဖြစ်နေလေတော့ တခြား Industry တွေကလည်း ဝင်ခေါ်သွားတာ ရှိကြတယ်ပြောတယ်။ အဲလိုမျိုး ခေါ်သွားရင်တော့ ကိုယ်နားမလည်တဲ့ အလုပ်တွေဆိုတော့ မပြောတတ်ပါဘူး။ အဲဒါကတော့ ကျောင်းအနေနဲ့ လက်ခံမယ်ပြောတဲ့ အလုပ်တွေကို အနည်းနဲ့အများ စီစစ်ပေးရင် အဆင်ပြေမှာပါ။

သူများတွေဖြစ်တာ ပြောပြီးပြီဆိုတော့ ကိုယ်အမြင်ဘက်ကို လှည့်ရမယ်ဆိုရင် ကိုယ်နဲ့အတူတူ ၂-၃ လ Intern လုပ်ပြီးရင် ဘယ်လိုအလုပ်တွေ လုပ်နိုင်မယ်တို့ ဘာတွေဖြစ်လာမယ်လို့ ထင်လဲမေးရင် ဘာမှမထင်ဘူး ဘာမှလည်းဖြစ်လာမှာ မဟုတ်ဘူးလို့ပဲ ဖြေလေ့ရှိပါတယ်။ ကိုယ်ကတော့ Expectation အနေနဲ့ အလုပ်ဘက်ကရယ် ကျောင်းဘက်ကရယ် ကိုယ့်ဘက်ကရယ် ၃ ပိုင်းခွဲကြည့်ပါတယ်။ ပထမဆုံး အလုပ်ဘက်ကဆိုရင် ကိုယ်ကခေါ်ချင်ပေမယ့် ကုန်ကျစရိတ်ရှိတယ် ဥပမာဆိုရင် Allowance ပေးရမယ် အလုပ်စားပွဲတွေလည်း စီစဉ်ရမယ် အင်တာနက်လည်း ပေးထားရမယ်ဆိုတော့ ကုမ္ပဏီဘက်ကိုလည်း Intern တွေနဲ့ ဘာတွေလုပ်ဖို့လဲ အနည်းဆုံးတော့ တင်ပြပေးမှပဲ လက်ခံဖို့အတွက် ပြောလို့ရပါတယ်။ အများအားဖြင့်ကတော့ Data Entry လို လူအင်အားလိုတဲ့ အလုပ်လေးတွေတို့ Functionality ပဲ လိုအပ်တဲ့ Internal System မျိုးတွေ Implement လုပ်ခိုင်းတာဖို့တို့ အနည်းနဲ့အများ ကိုယ့်မှာရှိတတ်တော့ အလုပ်နဲ့ကိုယ်နဲ့က သိပ်ပြီးတော့ ပြဿနာမရှိပါဘူး။ ကျောင်းဘက်က Expectation ကတော့ သိပ်ပြီးတော့ များလေ့မရှိပါဘူး Internship အတွင်းမှာ ဘယ်လိုဘယ်ပုံ Report ပြန်လုပ်ပေးရမယ် အဲလောက်ပဲဆိုတော့ လုပ်ပေးဖို့အတွက် အခက်အခဲမရှိပါဘူး။

ကိုယ့်ရဲ့ Expectation က Teamwork ရယ်၊ Learning & Working ကို တပြိုင်ထဲ လုပ်တတ်ဖို့ရယ်၊ Stress Management လုပ်နိုင်ဖို့ရယ်ဆိုပြီး ၃ မျိုးပဲမျှော်လင့်တယ်။ ရောက်လာတာနဲ့ ဘာတွေလုပ်တတ်လဲ မေးထားလိုက်တယ် အလုပ်နဲ့သက်ဆိုင်တဲ့ Assignment အသေးလေးတွေ တပတ်မှာ ၁-၂ ရက်စာလောက် ပေးထားလိုက်တယ်။ ပြီးရင်တော့ သူတို့လုပ်တတ်တာနဲ့ ဘယ်လိုမှလုပ်လို့ အဆင်မပြေတဲ့ အလုပ်တွေကို အားလုံးပေါင်းလုပ်မှ ပြီးနိုင်မယ့်ပမာဏကို Deadline တခုနဲ့ ပေးထားလိုက်တယ်။ Teamwork မလုပ်မနေရ လုပ်မှပဲအလုပ်ပြီးမယ် သိထားတာနဲ့ လုပ်လို့မရဘူးဆိုရင် မလေ့လာလို့လည်း မရဘူးဆိုတော့ Learning & Working အတွက် အဆင်ပြေတယ်။ လွှတ်ထားလို့တော့ အဆင်မပြေဘူးပေါ့ တပတ်တခါ Report တင်ခိုင်း အစည်းအဝေးခေါ် လမ်းလွဲနေရင်တော့ ပြန်တည့်ပေးရတယ်။ ဘယ်အဖွဲ့က ဘယ်လောက်လုပ်နိုင်လဲ စမ်းကြည့်ရင်းနဲ့ Limit ကိုသိပြီဆိုရင် Workload ကို 100% ကျော်အောင် တဖြည်းဖြည်းနဲ့ ပိုပြီးခိုင်းလိုက်တယ်။ Stress အတွက်ကတော့ Report တွေ မပြည့်စုံဘူးဆိုရင် Intern ပြီးကြောင်း လက်မှတ်မပေးဘူး ပြောလိုက်တယ်ဆို ဒီထက်ကြီးတဲ့ Stress မရှိတော့သလို ကိုယ့်ဥပတိရုပ်က တကယ်လုပ်မယ့် ရုပ်နဲ့ဆိုတော့ လုံလောက်ပါတယ်။

Intern ပြီးသွားရင် Programmer ကောင်းတွေ ဖြစ်လာရမယ်တို့ ဘယ်လိုမျိုး Software တွေ ရေးနိုင်စေရမယ်တို့ ဘယ်လိုမျိုးအလုပ်ခွင်မှာ ထူးချွန်လာမယ်တို့လည်း မမျှော်လင့်ပါဘူး ဘာလို့လဲဆိုတော့ Programming လိုမျိုး Hard Skills တွေက ကျောင်းကသင်ပေးရမယ့် တာဝန်ပါ။ မူကြိုကနေ တက္ကသိုလ်အထိ ချော့သင်တာခံရပြီးပြီပဲ သင်တဲ့အလုပ်က ကိုယ်အလုပ်မှ မဟုတ်တာပဲလေ။ ကိုယ့်ရဲ့ Expectation အနေနဲ့က အပေါ်မှာပြောထားတဲ့ ၃ ခုလောက်ပဲထားတယ် အဲဒါတွေလုပ်ဖူးရင် ပြဿနာတခုကို သတ်မှတ်တဲ့အချိန် တခုအတွင်းမှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဖြေရှင်းဖူးတဲ့ အတွေ့အကြုံမျိုးက တသက်လုံး အသုံးဝင်ပါလိမ့်မယ်။ အဲဒီ ၃ ခုထက်ပိုပြီး မျှော်လင့်မိတာဆိုရင် လုပ်နိုင်တာထက် ပိုခိုင်းကြည့်လို့ ပိုလုပ်နိုင်တဲ့လူတွေ ပါလာခဲ့ရင်တော့ ကိုယ့်ရဲ့ Limit ထက်ပိုပြီး လုပ်နိုင်တယ်ဆိုတဲ့ အတွေ့အကြုံမျိုး ရစေချင်တာ တခုတော့ရှိပါတယ်။ ကိုယ်လည်းပဲ အကောင်းဆုံး ခိုင်းပေးနိုင်တယ်တော့ မဟုတ်ပါဘူး ကိုယ့်မှာအရှားပါးဆုံးက အချိန်ပဲဆိုတော့ ကိုယ်မအားတဲ့အချိန် အကူအညီမလိုပဲ ဆက်ပြီးတော့ မလုပ်နိုင်တဲ့ အဖွဲ့မျိုးနဲ့ ကြုံတဲ့အခါတော့ လွတ်နေတာလည်း ရှိတတ်ပါတယ် အဲဒီကိစ္စကို ရှင်းနိုင်တယ်ဆိုရင် နောက်နှစ်ဆိုရင် ဒီထက်ပိုပြီးတော့ ဒုက္ခပေးနိုင်လိမ့်မယ်။ ပြောလို့သာပြောတာပါ ဘာမှလည်း မသင်ပေးဘူး ခိုင်းပဲခိုင်းနေတာဆိုပြီး ကျောင်းကိုပြန်တိုင်တာ ခံရင်လည်းခံနေရလောက်တော့ နောက်နှစ်လည်း ကျောင်းတွေက လွှတ်ချင်မှလွှတ်မှာပါ အဲဒါဆိုလည်း အလုပ်ရှုပ်သက်သာတယ် မှတ်လိုက်မှာပါပဲ။