Calm Hill My Random Thoughts

Cast Iron Skillet and Dutch Oven - Reviews

ကိုယ့်ရဲ့ပိုင်ဆိုင်တဲ့ အရာတွေထဲမှာ အထိမ်းသိမ်းရဆုံး ဘယ်ဟာလဲမေးရင် မီးဖိုချောင်သုံး ပစ္စည်းတွေထဲက ဒယ်အိုးတွေကို ပြဖြစ်လိမ့်မယ်။ ဒယ်အိုးတွေ ထိမ်းသိမ်းရတယ်ဆိုတော့ မချက်တတ်မပြုတ်တတ် လူတန်းစားတွေက ရယ်ကောင်းရယ်ကြမယ်။ အဲလိုလူတန်းစားတွေပဲ Teflon အိုးတွေကို စတီးအဝတ်နဲ့ ဆေးကြတာတို့ သံယောင်းမနဲ့ ကော်ကြတာတို့ လုပ်တတ်ကြတာပါ။ လူအများနဲ့စုနေတော့ Teflon အိုးတွေ ပျက်တဲ့ဒဏ်ကို အတော်လေးခံရတယ် အိုးတလုံးဝယ်လာလိုက် ဘယ်သူ့ကြောင့်မှန်းမသိ ပျက်သွားလိုက်နဲ့ သံသရာလည်နေတော့ ကိုယ့်အိမ်ကလူတွေနဲ့ မဖြစ်ပါဘူးလေဆိုပြီး စတီးအိုးတွေ ပြောင်းသုံးနေတာ အတော်ကြာပါပြီ။ စတီးအိုးတွေနဲ့က ဟင်းချက်တာပြုတ်တာ အဆင်ပြေပေမယ့် ကြက်ဥကြော်တို့ အသားငါးတွေ အိုးကင်းပူတိုက်ချင်ရင်တော့ Teflon မဟုတ်တဲ့အတွက် အိုးမှာကပ်တော့ နည်းနည်းအခက်အခဲရှိတယ်။

စတီးအိုးတွေ မပြောင်းခင်က Teflon အစားထိုးဖို့အတွက် Cast Iron (အရည်ကျိုသံ) အိုးတွေကို စိတ်ဝင်စားဖူးလို့ လေ့လာကြည့်ဖူးသေးတယ်။ အရည်ကျိုသံအိုးက အမျိုးအစားအားဖြင့် ကြွေရည်သုတ်အိုးရယ် ဘာမှမသုတ်ထားတဲ့ အိုးရယ်ဆိုပြီး ၂ မျိုးရှိတယ်။ ကြွေရည်သုတ်က ထိမ်းသိမ်းရ သက်သာတယ် သံချေးမတက်ဘူး ဒါပေမယ့် လွတ်ကျတာတို့ ထုမိရိုက်မိတာတို့ဆိုရင်တော့ ကြွေရည်သုတ်က ကွာနိုင်တာတော့ရှိတယ် စျေးအားဖြင့်လည်း ပိုကြီးလေ့ရှိပါတယ်။ သာမန် Cast Iron ကတော့ စျေးချိုတယ် ဒါပေမယ့် သံချေးတက်နိုင်တော့ ထိမ်းရသိမ်းရတဲ့ အလုပ်နည်းနည်းပိုတယ် နောက်အရေးကြီးတာက သံဖြစ်တဲ့အတွက် အလွယ်တကူဓာတ်ပြုနိုင်တဲ့ အချဉ်ပါတဲ့ဟင်းတွေနဲ့ နည်းနည်းပြဿနာရှိတယ်။

စျေးနှုန်းအရ သာမန် Cast Iron အိုးတွေက Amazon မှာ ၁၅-၂၀ ပဲရှိတော့ စျေးမကြီးပေမယ့် Shipping ဖိုးထည့်တွက်ရင် ကိုယ့်ဆီရောက်ဖို့အတွက် ၈၀-၁၀၀ လောက်ကျတော့ ဆင်ဖိုးထက် ချွန်းဖိုးကြီးတဲ့အတွက် အဆင်မပြေလို့ဆိုပြီး မဝယ်ဖြစ်ခဲ့ပါဘူး။ ကြွေရည်သုတ်အိုးကတော့ Le Creuset လို တံဆိပ်ကိုကြည့်မိရင် အနည်းဆုံး ၁၅၀-၂၀၀ ကနေစတဲ့အတွက် စျေးနှုန်းမြင်တာနဲ့ ဝယ်ချင်စိတ် ကုန်ခန်းပါလိမ့်မယ်။ ပြီးခဲ့တဲ့ Black Friday ကမှ Amazon Basic တွေထဲမှာ ရှာရင်းဖွေရင်းနဲ့ Cast Iron အိုးတွေ Prime Now မှာ ဝယ်လို့ရနေပြီဆိုတာ သတိထားမိတယ်။ Black Friday ဖြစ်နေလို့ လျှော့စျေးက ငါးမူးလားမသိဘူး ရှိတာတွေ့တယ်။ Prime Now က ၆၀ ဖိုး အနည်းဆုံးဝယ်ရင် Free Shipping ဆိုတော့ အတော်အဆင်ပြေတယ် ကိုယ်တတ်နိုင်တဲ့ အခြေအနေမှာ ရှိတယ်ပေါ့လေ။

Lodge Cast Iron Skillet

Amazon Basic Dutch Oven

Cast Iron အိုးတွေထဲမှာ Lodge တံဆိပ်ဟာ လူသိများတယ် US မှာတော့ Made in USA ပြည်တွင်းဖြစ်ကို အားပေးပါဆိုပြီး Lodge ကို ကြော်ငြာတာရှိတယ်။ ကိုယ့်အတွက်ကတော့ USA နဲ့ တရုတ်ပြည်က အရည်ကျိုသံချင်းတော့ သိပ်ကွာတယ် မယူဆပေမယ့် ပေါချောင်ကောင်း အဖြစ်ဆုံး Lodge ပဲ အဆင်ပြေတဲ့အတွက် ၁၀ လက်မအရွယ် Cast Iron Skillet တလုံး ရွေးလိုက်တယ်။ အညာသားဖြစ်တဲ့ ကိုယ့်အတွက်က ခရမ်းချဉ်သီး မန်ကျီးသီး သရက်သီးခြောက် ပုန်းရည် ဆိုတာမျိုးတွေက မပါမဖြစ်ဆိုတော့ သာမန် Cast Iron အပြင် ကြွေရည်သုတ်လည်း ပေါချောင်ကောင်း တခုထပ်ရှာရတယ်။ အခုနောက်ပိုင်းမှာ Amazon Basic ကနေလည်း ကြွေရည်သုတ် Cast Iron တွေ ရောင်းတာရှိတယ် စျေးလည်းသက်သာတယ် တရုတ်ပြည်မှာထုတ်ပါတယ်။ Reviews တွေကတော့ Le Creuset နဲ့တော့ ဘယ်ယှဉ်လို့ရပါ့မလဲ စျေးကလည်း ၅ ပုံ ၁ ပုံလောက်ကွာသလို တရုတ်ပြည်ဘေးက နိုင်ငံကလာတဲ့လူပဲလေ Made in China ဆိုတာကို မွေးကတည်းက မကြောက်တဲ့လူဆိုတော့ Amazon Basic ကနေပဲ 6-Quart အရွယ် Dutch Oven တလုံးရွေးလိုက်တယ်။ Shipping လည်း အတော်မြန်ပါတယ် ၃-၄ ရက်အတွင်းပဲ ရောက်လာပါတယ်။

ရောက်ရောက်လာချင်း ကြွေရည်သုတ်မဟုတ်တဲ့ Lodge ကို အရင်ဆုံး ထိမ်းသိမ်းရေးလုပ်ရတယ်။ Cast Iron တွေက သံချေးတတ်တက်တော့ အိုးအသစ်တွေကို လုပ်လေ့ရှိတာက ဆီပါးပါးသုတ်ပြီးတော့ Oven ထဲမှာ ဆီတွေခြောက်သွားတဲ့အထိ အပူချိန်အများကြီးနဲ့ ၁-၂ နာရီလောက် ဖုတ်လေ့ရှိတယ် အဲဒါကို Seasoning လုပ်တယ်ခေါ်ပါတယ်။ သုံးတာကတော့ သာမန်အိုးတွေ သုံးသလိုပဲ သုံးလို့ရပါတယ် Seasoning လုပ်ထားတာ သေချာတယ်ဆိုရင် Teflon အိုးတွေလိုပဲ Non-stick လို့ သဘောထားပြီး သုံးလို့ရတယ်။ သတိထားရမှာက သုံးပြီးပြီဆိုတာနဲ့ ချက်ချင်းဆေးပြီးတော့ ရေခြောက်အောင် သုတ်ထားဖို့မမေ့ဖို့ပါ။ မနက်ကချက်တယ် ညနေမှဆေးမယ်ဆိုပြီး ရေစိမ်ခဲ့ရင်တော့ Seasoning တွေ အကုန်ကွာပြီးတော့ သံချေးတက်ဖို့ များပါတယ်။ အဲလိုဖြစ်သွားလည်း Teflon အိုးတွေလို ပစ်လိုက်စရာမလိုပါဘူး ရေပြောင်အောင်ဆေး ဆီလေးသုတ်ပြီး Oven ထဲမှာ Seasoning ပြန်လုပ်လိုက်ရင် အသစ်အတိုင်း ပြန်ဖြစ်ပါတယ်။

Pancake

လွန်ခဲ့တဲ့ ၂ ပတ်အတွင်း Cast Iron Skillet လေး အတော်သုံးဖြစ်တယ် အရည်ကျိုသံဖြစ်တော့ အောက်ခြေထူတော့ အပူညီတာကို အတော်သဘောကျတယ်။ မနက်ခင်းကို ကြက်ဥကြော်တယ် Teflon မဟုတ်ပေမယ့် မကပ်ပါဘူး။ Teflon အိုးတွေ မရှိကတည်းက Pancake မလုပ်ဖြစ်တာကြာပြီ Cast Iron အိုးနဲ့ ပြန်လုပ်ကြည့်တာ အတော်လေး သဘောကျတယ် ဆိုင်မှာလုပ်သလိုပဲ အရောင်ညိုညိုလေးတွေ ညီညီညာညာရတယ်။ စတီးအိုးတွေနဲ့ Salmon ကြော်တာ ကပ်လေ့ရှိတယ် Cast Iron အိုးနဲ့ ကြော်တာတော့ အတော်လေး အဆင်ပြေတယ်။ ထိမ်းရသိမ်းရတာလည်း ထင်သလောက် ဇီဇာမကြောင်ပါဘူး သာမန်အားဖြင့်တော့ ရေဆေးပြီးတော့ ရေပြောင်အောင် သုတ်ရတာလောက်က အလုပ်ရှုပ်တယ်လို့ မထင်မိပါဘူး။ ကြွေရည်သုတ် Dutch Oven ကြီးကတော့ ပဲကုလားဟင်းနဲ့ ဝက်သားပုန်းရည် ချက်မယ်ဆိုပြီး လွန်ဆွဲနေရာက မအားတဲ့အတွက် မချက်ဖြစ်သေးတော့ လက်တွေ့အားဖြင့် Reviews မရေးနိုင်သေးဘူး နောက်များမှပဲ ရေးပါဦးမယ်။