Calm Hill My Random Thoughts

ကလော - ၂၀၁၈

၂၀၁၈ တနှစ်လုံးဟာ အလုပ်အတော်ရှုပ်တဲ့ နှစ်လို့ပဲဆိုရမယ် တနှစ်လုံးလုံး ခွင့်မယူဖြစ်တော့ ခွင့်တွေလည်း အတော်ပိုနေတယ်။ နောက်နှစ်ကို သယ်သွားတာတောင် အတော်လေးများနေတော့ ရုံးကလည်းခွင့်ယူဆိုတော့ တနေရာရာကိုသွားဖို့ စီစဉ်ရပြန်တယ်။ ဒီဇင်ဘာလအကုန်ကို တနေနေရာရာ သွားမယ်ဆိုပြီး စီစဉ်လိုက်တာ အချိန်နီးမှဖြစ်တော့ အနီးအနားနိုင်ငံတွေကလည်း လေယာဉ်လက်မှတ်တွေက ဈေးတက်နေလို့ မြန်မာပြည်ပဲပြန် အမေ့အိမ်မှာပဲ စိတ်ပြေလက်ပျောက် သွားနေမယ်ဆိုပြီး စီစဉ်ပြီးတော့ ပြန်လာခဲ့လိုက်တယ်။

အစကတော့ လေယာဉ်ကွင်းကနေ ကားဂိတ်ကို တိုက်ရိုက်သွားပြီး ၂၀၁၉ ထဲမှာ ပြန်လာမှပဲ ရုံးကိုလာမယ်ဆိုပြီး လုပ်ထားပေမယ့် အရေးပေါ်အလုပ်တခု ပေါ်လာတာနဲ့ ရန်ကုန်ရုံးကို ၁ ပတ်စောပြီး ထွက်လာခဲ့ရပြန်တယ်။ အမေဖြစ်သူကလည်း ကိုယ်လာတယ်ဆိုတော့ ရောက်ရောက်ချင်းပဲ မင်းလာမယ်ဆိုရင် ငါလည်းအလုပ်ရှုပ်တယ် ရာသီဥတုကလည်း အတော်အေးနေတယ် မလာခဲ့နဲ့ဆိုတယ်။ အဲဒါနဲ့ပဲ ရှမ်းပြည်ဘက်ကို သွားမယ်ဆိုပြီး ကလောဘက်ကို ထွက်သွားလိုက်တယ်။ မန်းလေးမှာ အေးတယ်မလာနဲ့ဆိုတာ ကလောသွားတယ်ဆိုရင် ၁ ရက်ကို ၃ ခါလောက် ဖုန်းဆက်ပြီးတော့ နားပူမှာဆိုတော့ တိုးတိုးတိတ်တိတ် ထွက်သွားတာပေါ့။

အဝေးပြေးကားတွေ မစီးဖြစ်တာ အတော်လေးကြာပြီ ရုံးကလူတွေကတော့ JJ နဲ့ VIP ဆိုပြီး လက်မှတ်ဝယ်ပေးကြပါတယ်။ သူတို့ VIP ဆိုတော့ VIP လိုက်တာပေါ့ ကိုယ်လည်း ဘာမှန်းတော့မသိပါဘူး။ ကိုယ်ငယ်ငယ်တုံးက စီးခဲ့ဖူးတဲ့ အဝေးပြေး ကားတွေနဲ့တော့ အတော်လေး ကွာခြားသွားပါပြီ။ ညညအိပ်ပျော်မယ်ဆိုရင် လက်ဖက်ရည်သောက် နားပါမယ်ခင်ဗျာဆိုပြီး အတင်းဆင်းခိုင်းတာမျိုးနဲ့ တီဗီကြီးတလုံးနဲ့ ဗမာဇာတ်ကား အတင်းပြတာမျိုး မရှိတော့တခုနဲ့ပဲ အတော်လေး စိတ်ချမ်းသာပါတယ်။ ကလောကိုတော့ မနက်အစောကြီး ၃ နာရီခွဲလောက်ရောက်တယ်။ ကိုယ်ဆင်းချင်တယ်ဆိုတဲ့ ကလောမြို့အဝင်က သစ်တောဂိတ်နားလည်း ရပ်ပေးပါတယ်။ ဟိုတယ်ကလည်း အစောကြီးရောက်မှာ ကြိုသိနေတော့ အခန်းမရှိလို့ Check-in တော့ ဝင်လို့မရပေမယ့် အိပ်စရာနေရာ ရုံးခန်းလေးတခုထဲမှာ စီစဉ်ပေးတဲ့အတွက် အဆင်ပြေပါတယ်။

ကလောရောက်ရင် ကိုယ့်ရဲ့အစီအစဉ်က ကိုယ်ငယ်တုံးက အဖေဖြစ်သူနဲ့ သွားဖူးလာဖူးတဲ့ စိုက်ခင်းတွေဘက် တယောက်ထဲလျှောက်သွား သွားရင်းလာရင်း ဓာတ်ပုံရိုက်ဖို့လောက်ပဲ စိတ်ထဲကရှိတာပါ။ သွားချင်တဲ့နေရာတွေက နည်းနည်းဝေးတော့ ဆိုင်ကယ်ငှားပြီးတော့ ရောက်ရောက်ချင်း ဆိုင်ကယ်စီးထွက်ခဲ့တယ်။ ကလောမြို့ အပြင်ရောက်တာနဲ့ လမ်းတွေပြင်နေတော့ ဖုန်တလုံးလုံးနဲ့ သွားလိုက်ရတာ အောင်ပန်းရောက်တော့ မျက်ခုံးမွှေးပါမကျန် ရွှေရောင်ပေါက်ပြီး မျောက်ဖြစ်တာပဲ။ ထွက်လာမှတော့ မထူးပါဘူးဆိုပြီး တောင်လေးလုံးဘက်အထိ ဆက်သွားပြီးတော့ ဓာတ်ပုံရိုက်ခဲ့လိုက်တယ်။ မျောက်အဖြစ် မခံနိုင်တော့တဲ့အတွက် နောက်ရက်ကစပြီး ဆိုင်ကယ်ကတော့ ယောင်လို့တောင် မစီးဖြစ်တော့ပါဘူး။

Kalaw

ကလောရာသီဥတုက အနည်းနဲ့အများတော့ အေးတာပါပဲ ကိုယ်ရောက်နေတဲ့ ရက်ပိုင်းတွေက မုန်တိုင်းရှိလို့ဆိုလား နည်းနည်းပိုအေးတယ် ညပိုင်းတွေမှာ ၆-၇ စင်တီဂရိတ်လောက် ရှိတဲ့ရက်တွေရှိတယ်။ ကိုယ်ယူထားတဲ့အခန်းက Standard ဖြစ်နေတဲ့အတွက် Heater လည်းမရှိပါဘူး။ ရောက်ကတည်းက စျေးထဲကနေ အမွှေးပွပွနဲ့ ခြေအိတ်ထူထူတွေ သွားဝယ်ထားလိုက်ပြီး အခန်းထဲရောက်ရင် ခြေအိတ်စွပ်ထားလိုက်တယ် အိပ်ရင်လည်း ခြေအိတ်နဲ့ပဲ အိပ်လိုက်တယ်။ ရှမ်းပြည်ဘက်မှာသုံးတဲ့ အုတ်ထူထူတွေက နေ့ပိုင်းနေပူရင် အပူစုပ်ထားတော့ ညပိုင်းရောက်တဲ့အခါ နွေးတဲ့အတွက် အခန်းထဲမှာနေရင် သိပ်ပြီးတော့ မအေးတဲ့အတွက် Heater မရှိလည်း အဝတ်အစားနဲ့တင် လုံလောက်တဲ့အတွက် ကိုယ့်အတွက်က အဆင်ပြေပါတယ်။

ကလောကလည်း ကိုယ်သိခဲ့တဲ့ မြို့လေးလည်း မဟုတ်တော့ပါဘူး အခုအချိန်မှာ တမြို့လုံးနီးနီးက ဟိုတယ်နဲ့ စားသောက်ဆိုင်တွေပဲ ဖြစ်နေပါပြီ ကောင်းလည်းကောင်းတယ် ဆိုးလည်းဆိုးတယ်ပေါ့လေ။ အခုအချိန်ကတော့ ဘယ်လိုလုပ်ပြီးတော့ ခရီးသွားတွေ များနေမှန်းမသိလို့ အလုပ်တွေက ကောင်းနေပေမယ့် Demand ထက် ပိုလာရင်ရယ် Hype ကျသွားရင်ရယ် စီးပွားရေးက ဒီအတိုင်း ဆက်ရှိနေဖို့က သိပ်မသေချာဘူး။ ကလောမှာ တကယ်တမ်းက ဘယ်မှသွားစရာမရှိပါဘူး။ ကိုယ်ကလည်း ဘာမှမလုပ်ချင်လို့ သွားတဲ့လူဆိုတော့ အဆင်ပြေတယ်လေ တရက်တရက်ဆို မနက် ၉-၁၀ နာရီလောက်ကနေ လမ်းလျှောက်ပြီးထွက်သွား ဈေးထဲကိုဝင်ရင်ဝင် တောင်ပေါ်ကို တက်ရင်တက်သွား နေ့လယ်စာစားပြီး ၂ နာရီလောက်ဆို ခဏပြန်နား ညနေပိုင်းပြန်ထွက် ညစာစားပြီးနောက် ညပိုင်းမှပြန်လာနဲ့ တရက်ကို လမ်းက ၁၀-၁၅ ကီလိုမီတာလောက် လျှောက်ဖြစ်တော့ Pokemon ဥတွေလည်း အတော်လေးပေါက်တယ်။

Kalaw

ကလောမှာတခုပဲ ပြဿနာရှိတာ အစားအသောက်ဆိုင်တွေရဲ့ Review တွေလို့ပဲ ပြောရလိမ့်မယ်။ Google Maps ပေါ်ကတို့ Facebook ပေါ်ကတို့ Reviews တွေက ပေါက်တတ်ကရတွေပါ။ ကိတ်မုန့်နဲ့ကော်ဖီ ကောင်းတယ်ဆိုတဲ့ ဆိုင်ကိုဝင်လိုက်မိရင် ကိတ်မုန့်က မကျက်တာတောင်ရှိတော့ Reviews ရေးတဲ့လူတွေမှာ လျှာပါရဲ့လားတောင် သံသယဝင်မိတယ်။ သူတို့ရေးတဲ့ Reviews ဆိုတာက ဓာတ်ပုံရိုက်လို့လှရင် Facebook ပေါ်တင်လိုက်လို့ Like များများရနိုင်ရင် 5 Stars ဆိုပြီးတော့ ပေးကြတာမျိုးရယ်ပါ။ Social Networks တွေရဲ့ တွန်းအားတွေကြောင့် ဖြစ်ပျက်နေတာဆိုတော့ ကိုယ်လည်းပဲ မပြောလိုတော့ဘူး။ နောက်ဆုံးတော့ ဒေသခံတွေကပဲ အကူအညီတောင်းပြီး ဘယ်ဆိုင်စားရမလဲ မေးတဲ့အခါမှပဲ ကောင်းကောင်းမွန်မွန် ဆိုင်လေးတွေ သိလိုက်တော့မှ အဆင်ပြေတော့တယ်။

နေ့တိုင်းနေ့တိုင်း ဘယ်မှလည်းမသွား အချိန်မှန်မှန် လမ်းလျှောက်ထွက်သွား ပြန်ရောက်လာရင် အခန်းအပြင်က ကုလားထိုင်မှာ ငုတ်တုတ်နဲ့ပဲ မြင်မြင်နေတော့ ဂျပန်ခေတ်က ကျန်နေခဲ့တဲ့ ရတနာသိုက်လာရှာတယ် ထင်ကြတယ်ထင်တယ်။ အစ်ကိုနေ့တိုင်း ဘယ်မှလည်း ထွေထွေထူးထူး သွားတာမရှိဘူး ဘာလုပ်နေတုံးလို့ ဟိုတယ်ကလူတွေက လာလာမေးတတ်တယ်။ ဘာမှမလုပ်ချင်လို့ ထိုင်နေတာလို့ အမြဲဖြေတော့ သူတို့လည်း မမေးတော့ပါဘူး။ အဲလိုပဲနေလာတာ ၁ ပတ်လောက်ကျော်တော့ New Year လည်းနီးနီးလာတယ် လူတွေလည်းတဖြည်းဖြည်း များလာတော့ အာရုံနောက်လာပြီဆိုမှ ရန်ကုန်ကို ပြန်လာခဲ့တယ်။

ရန်ကုန်ပြန်မယ်ဆိုတော့ JJ ကားလက်မှတ်မှာ ရွှေဓနုဆိုတဲ့နေရာကနေ စီးပါဆိုပြီးတော့ ရေးထားလေတော့ ရွှေဓနုကိုအရှာဖွင့်ရတယ်။ ရွှေဓနုကိုရှာလို့ရတော့ ကားဂိတ်က အဒေါ်ကြီးကို JJ က ဒီမှာ စီးရတာလားခင်ဗျာလို့ မေးမိလိုက်တာ နင်ငါတို့ဆီမှာမဝယ်ရင် ဒီမှာလာမစီးနဲ့ဆိုတော့ စည်ပင်သာယာလမ်းပေါ် ကားရပ်လို့လာစီးတာ ခင်ဗျားပိုင်တဲ့ လမ်းမို့လားဆိုပြီး ကိုယ်နဲ့ရန်ဖြစ်ပါလေရော။ အဲဒါနဲ့ JJ ကို ဖုန်းဆက်ပြီးတော့ ဘယ်နားကနေစီးရမှာလဲ ဒီမှာတော့လာမစီးနဲ့ ပြောနေတယ်လို့ရစ်တော့ အစ်ကိုနဲ့နီးတဲ့နေရာမှာ ဇေယျာထွန်းဆိုတာရှိတယ် အဲနားမှာပဲစောင့်ပါ ရပ်ပေးပါ့မယ်ဆိုမှ ကားဂိတ်က အဒေါ်ကြီးကို ခင်ဗျားဂိတ်ကို လာမစီးဘူးဆိုပြီး ရန်စကားပြောပြီး နိစ္စဒူဝအလုပ်တွေထဲ ပြန်ဝင်ဖို့အတွက် ရန်ကုန်ကိုပြန်ခဲ့တော့တယ်။

comments powered by Disqus