Calm Hill My Random Thoughts

စိတ္တဇအတွေးများ (၁၀)

စိတ္တဇအတွေးတွေနဲ့ ပြဿနာမီးထွန်းပြီး မရှာဖြစ်တာလည်း နည်းနည်းကြာပါပြီ ဒါပေမယ့် တလောလေးက ပြောဖြစ်တဲ့ အလုပ်သင် ကျောင်းသားတွေနဲ့ ပတ်သက်ပြီးတော့ မိတ်ဆွေတယောက်က လူငယ်တွေနဲ့ ပတ်သက်တယ်ဆိုရင် အပြောအဆိုဆင်ခြင် အမြင်စောင်းကုန်ရင် ခင်ဗျားပြဿနာတက်မယ် သတိပေးရာကနေ စကားစပ်မိပြီးတော့ မရေးဖြစ်တာကြာတဲ့ စိတ္တဇတွေဘက် ပြန်ရောက်ကုန်တယ်။ လူငယ်ဆိုတော့ ဘာဖြစ်လို့တုံးမေးတော့ လူငယ်ဆိုတာ အနာဂတ်ဆိုတော့ အရေးကြီးတယ်ဗျာ ညံ့သွားလို့မဖြစ်ဘူး ဦးစားပေးဖို့လိုတယ်လို့ သူယူဆတယ်။

“It is not the young people that degenerate; they are not spoiled till those of maturer age are already sunk into corruption.” - Montesquieu

အဲဒါနဲ့ မျိုးဆက်သစ်ဆိုတာက သူဟာသူအနေနဲ့ ညံ့သွားတယ်တော့ မရှိပါဘူးဗျာ အရှေ့ကလူတွေဖြစ်တဲ့ ခင်ဗျားတို့ကျုပ်တို့ သုံးစားလို့မရရင်တော့ ညံ့သွားနိုင်ပါတယ်လို့ Montesquieu ရဲ့ စကားကိုအငှားသုံးရတယ်။ ဦးစားပေးတယ်ဆိုတာ Resources Management လို့ စဉ်းစားတယ်ဆိုရင် ကိုယ့်မှာရှိတဲ့ Resources တွေကို မျိုးဆက်သစ်တွေအတွက် ဘယ်လိုအချိုးအစားနဲ့သုံးမလဲ စီမံခန့်ခွဲမလဲလို့ ယူဆကြတာပေါ့လို့ ဖြေဖြစ်ပါတယ်။

လူငယ်တွေကို မျိုးဆက်သစ်ဆိုပြီး ရှိသမျှ Resources တွေကို အကုန်ပေးပြီး အသုံးကျအောင် လုပ်လိုက်ပြီးတော့ လက်ရှိအလုပ်လုပ်နေတဲ့ လူတွေကိုမေ့ထားလည်း ချန်ထားခဲ့တဲ့လူတွေက လူကြီးဖြစ်လာမှာဆိုတော့ စီမံခန့်ခွဲတဲ့နေရာမှာ အလိုလိုရောက်လာမှာ။ သူတို့တတွေကို အသုံးကျအောင်လုပ်ဖို့ Resources တွေ မသုံးခဲ့ဘူးဆိုရင် အသုံးကျလာတဲ့ မျိုးဆက်သစ်ကို မစီမံတတ်တဲ့လူတွေက စီမံရတော့မှာဆိုတော့ ဘယ်လောက်ပြဿနာရှုပ်ကြမလဲ စဉ်းစားသာကြည့်ပါ။ အလုပ်လုပ်ဖို့ တတ်ရမယ့်ပညာနဲ့ စီမံခန့်ခွဲဖို့ တတ်ရမယ့်ပညာ အမျိုးအစားမတူသလို သင်ယူရမယ့်အရွယ်လည်း မတူတဲ့အတွက် လူငယ်တွေကို ပျိုးထောင်သလို လူကြီးဖြစ်မယ့် လူတွေအတွက်လည်း ချန်ထားလို့မရပါဘူး။ Resources အချိုးအစားကတော့ သင့်လျော်သလိုဖြစ်မှာပေါ့ ယျေဘုယအားဖြင့် ငယ်တဲ့လူတွေအတွက် ကုန်ကျစရိတ် ပိုပြီးများမယ် ထင်ပါတယ်လို့ပဲ ဖြေဖြစ်ပါတယ်။

အဲဒါဆိုရင် လူငယ်ဆိုတာ အရေးမကြီးဘူးလို့ ခင်ဗျားက ပြောစေချင်တာလားဆိုပြီး လာချည်နေတော့ ကျုပ်ပြောတာ ရှင်းရှင်းလေး ခိုင်းမယ့်လူရော ခိုင်းခံရမယ့်လူရော နှစ်မျိုးလုံး အရေးကြီးတယ် တမျိုးမကောင်းရင် နောက်တမျိုးလည်း ကောင်းဖို့မရှိဘူးလို့ နားလည်စေချင်တာလို့ပြောတာ။ စကားအရဆိုရင် လူဆိုတာတော့ ကိုယ့်ဘက်ပင်းတဲ့ စကားမျိုးဆိုရင် သဘောကျတာပဲ အိမ်မှုကိစ္စနိုင်နင်းတဲ့ ယောက်ျားမျိုးက ၂၁ ရာစု ယောက်ျားကောင်းဆိုတဲ့ ၁၀၀ ဖိုး ၃ ပုဒ်ဆိုရင် ခင်ဗျားရဲ့ အမျိုးသမီးက Share လေ့ရှိသလို ဒီခေတ်ကြီးမှာ အချက်ပြုတ်နဲ့ အိမ်ထောင်မှုနိုင်နင်းတဲ့ အမျိုးသမီးတွေဟာ တော်လေးဝဝင်လို့ တင်စားလို့ရတယ် ဆိုတာမျိုးကျ ခင်ဗျား Share ရတာပေါ့။ ခင်ဗျားအလုပ်က လူငယ်တွေပြပြီး လုပ်စားရတာဆိုရင် လူငယ်တွေဟာ အနာဂတ်တွေ ငါတို့အငတ်ခံမယ်လို့ ဟုတ်တာမဟုတ်တာ အနောက်ထား ပျားရည်နဲ့ဝမ်းချပြီး ချော့ခိုင်းတာက မင်းတို့လည်း မင်းတို့အလုပ်လုပ် ဒို့လည်း ကိုယ့်အလုပ်ကိုယ်လုပ်လို့ ပြောပြီးခိုင်းတာထက် ပိုလွယ်မယ်ထင်ရင် ခင်ဗျားပြောပေါ့လို့ ပြောလိုက်မိတာ လုံးသတ်ရမလို ဖြစ်ခဲ့သေးတယ်။

လူကြီးနဲ့လူငယ်ဆိုပြီး အမျိုးအစားခွဲတာနဲ့ ဆက်စပ်ပြီးတော့ စဉ်းစားမိတာက ကိုယ့်နိုင်ငံဟာ လူနဲ့ပတ်သက်ရင် Taxonomy ကို အင်မတန်မှ ရှုပ်ရှုပ်ထွေးထွေး အမျိုးအစားခွဲတာ သတိထားမိတယ်။ မွေးကတည်းက ဖြစ်လာတဲ့ ကိစ္စလေးတွေကိုပဲ စဉ်းစားကြည့်တာ လူမျိုးနဲ့ခွဲတယ်၊ ကျားမနဲ့ခွဲတယ်၊ ဘာသာနဲ့ခွဲတယ်၊ အသားအဖြူမဲနဲ့ခွဲတယ်၊ ဒါကစနေသား တနင်္ဂနွေသမီး စသည်ဖြင့်လည်း မွေးတဲ့နေ့နဲ့ခွဲတယ်၊ သူကတော့ အဓိပတိဖွား သူကတော့ဖြင့် မရဏဖွား ဒါကတော့ဖြင့် ပုတိလေးဆိုပြီး ဗေဒင်တွက်ပြီးလည်းခွဲတယ်၊ မြို့မှာမွေးလား တောမှာမွေးလားနဲ့လည်းခွဲတယ်၊ မြို့ကြီးမှာမွေးလား အငယ်မှာမွေးလားနဲ့ ထပ်ခွဲတာလည်းရှိတယ်။ မွေးပြီးတဲ့နောက်ပိုင်း ကိစ္စတွေကိုပါ ထပ်ပြီးတော့စဉ်းစားပြီး ခွဲခြားပြရရင် အသုံးအနှုံးတွေနဲ့တင် မြန်မာစာနဲ့ ဘွဲ့လွန်ယူလို့ရတဲ့ ကျမ်းတစောင်လောက် ထွက်နိုင်ခြေရှိတယ်

အဲဒါတွေက အခေါ်အဝေါ်အနေနဲ့ပဲ ရှိတယ်ဆိုရင် ဘာမှမဖြစ်ပါဘူး ဒါပေမယ့် ကိုယ့်ဆီမှာက အကြောင်းတရားအမျိုးမျိုးနဲ့ လူတွေမှာသိမ်ငယ်စိတ်က အနည်းနဲ့အများရှိတယ်။ မရှိရှိတာလေးတွေနဲ့ အမျိုးအစားခွဲထားတာအပေါ်မှာ အတင်းဂုဏ်ယူပြီးတော့ မာနကြီးတွေ တခွဲသားလောက် အတင်းတင်ထားမှ စိတ်ထဲမှာက နေသာထိုင်သာရှိတာ။ တခါတခါဘုရားရောက်ရင် သတိထားကြည့်မိတယ် စုံတွဲအတူတူလာတယ် ဘုရားပေါ်ရောက်တော့ နင်ဒီမှာနေခဲ့ဆိုပြီး အမျိုးသားများသာဆိုတဲ့ နေရာကိုသွားပြီးတော့ မိန့်မိန့်ကြီးနဲ့ တနေရာစီခွဲ ကန်တော့တာရှိတယ်။ အတူတူလာတာ တူတူကန်တော့လည်း ရနေတာပဲမဟုတ်လား အဲအချိန်ကျမှ ကိုယ့်ကိုကိုယ် ထူးခြားတယ်ဆိုပြီး ခွဲပြီးတော့ကန်တော့တာ သမီးရည်းစားချင်းတောင် ရှိတယ်ဆိုတော့ တခြားဟာတွေတော့ မပြောပါနဲ့တော့။

လူမျိုးတို့ ဘာသာတို့က နေ့တိုင်းမြင်ဖူးနေတော့ အဲဒါလေးတွေ မတူတာနဲ့ ကိုယ့်နိုင်ငံထဲမှာ ဘယ်လောက် ကွာခြားသလဲ သတိထားကြည့်ပါ။ အဲလိုဟာတွေက ထားပါတော့ ကပ်သီးကပ်သပ် တောနဲ့မြို့နဲ့တောင် ကျုပ်တို့ဆီမှာ ခွဲခြားတာရှိလို့လားဆိုရင် ရှိပါတယ်ပဲပြောရမယ်။ ဥပမာပြောရရင် ရန်ကုန်ရောက်တိုင်း ကိုယ့်ရဲ့ပြဿနာတခုက မျဉ်းကျားကနေတောင် လမ်းမကူးရဲတာပဲ။ Taxi ငှားစီးမိလို့ စကားခပ်များများ ကားသမားနဲ့ လမ်းကူးတဲ့ကိစ္စကို စကားစပ်မိရင် ရန်ကုန်ကမဟုတ်ဘူး ဘယ်ကလာလဲမေးလို့ မန်းလေးကလာတယ် ဖြေလိုက်တယ်ဆိုရင် မျက်နှာကတမျိုး၊ အညာမုံရွာဘက်ရွာကလို့ ဖြေလိုက်တယ်ဆိုရင် မျက်ခွက်ကတဖုံ၊ နိုင်ငံခြားကမနေ့ကမှ ပြန်ရောက်တယ်ဆိုရင် ဖြစ်ပျက်သွားတဲ့ မျက်နှာလေးကတဖွယ် ဘာလို့ကွဲပြားနေမှန်းမသိဘူး။ လမ်းကူးလို့မရတာ မွေးတဲ့နေရာနဲ့ ဘာမှမဆိုင်ဘူး သူတို့ပရမ်းပတာမောင်းခြင်း မမောင်းခြင်းနဲ့ပဲ ဆိုင်မှန်းသိကြလည်း မျက်နှာပေးကတော့ မတူဘူးရယ်။

အဲဒါမျိုးကိစ္စတွေက သူများနိုင်ငံတွေမှာဆို မွေးကတည်းက ကိုယ်ရွေးလို့မရတဲ့ ကိစ္စတွေအတွက်နဲ့ ကိုယ့်အရည်အချင်းလည်း တခုမှပါတာမဟုတ်ပဲ ဘာတွေများ ဂုဏ်ယူစရာ ရှိလို့လဲဆိုတာမျိုး မေးလိုက်တယ်ဆိုရင် ကိုယ့်မှာအဖြေမရှိဘူး။ ကိုယ်သာမဖြေတတ်တာပါ ကိုယ့်ရဲ့အဖွား အသက်ရှိစဉ်ကဆို ဆင်းသွားလေပြီးသော ခေါင်းဆောင်ကြီးများရဲ့ နာမည်ကိုပြောလို့ အနည်းဆုံးလောက် ဦး တပ်မခေါ်မိရင် ရှေးဘဝက ကုသိုလ်ကောင်းခဲ့လို့ တိုင်းပြည်အုပ်ချုပ်နေတာ ရှေးကဆိုရင် မင်းဖြစ်တယ်လို့ ခေါ်ကြမှာပေါ့ ဘုန်းကြီးတယ်ကွယ် မလေးမစားလုပ်နဲ့ အကုသိုလ်ဖြစ်မယ်ဆိုပြီး အဆူခံရတတ်တယ်။ နိုင်ငံခြားကမေးခွန်း ကြားဖူးနားဝလောက်နဲ့တော့ ကိုယ်တို့ဆီမှာ လာမမေးကြပါနဲ့ မေးတဲ့လူပဲ ရူးသွားနိုင်ပါတယ်။

ကိုယ့်နိုင်ငံမှာက လုပ်ချင်ရာသာလုပ် ဘယ်လိုနည်းနဲ့ ရှာလာလာဖွေလာလာ အာဏာရှိဖို့နဲ့ ပစ္စည်းဥစ္စာ ချမ်းသာဖို့ပဲလိုတယ် တကယ်လည်း ရှိမှန်းမသိ မရှိမှန်းမသိတဲ့ ရှေးရှေးဘဝက ကုသိုလ်ဆိုတာနဲ့တင် လူအများအမြင်မှာ ကြည်ညိုစရာကြီး ဖြစ်ပါတယ်။ ဒီမိုးဒီရေဒီလူတွေနဲ့ ပဒေသရာဇ် တော်လှန်ရေးလုပ်ရရင် အင်္ဂလိပ်ဆီက လွတ်လပ်ရေးယူတာထက် သေချာပေါက်ခက်မှာဆိုတော့ အင်္ဂလိပ်ကဝင်သိမ်း ဘုရင်ကိုဖမ်းသွားပြီး နန်းချပေးသွားတာတောင် ကျေးဇူးတင်ရတယ်လို့ မဆီမဆိုင်တွေးမိသေးတယ်။ ဘာပဲလုပ်လုပ် ဘာသာရေးနဲ့ သွားသွားပြီးတော့ ဆက်စပ်နေရအောင် ခေါင်းထဲကိုစိမ့်ဝင်နေတဲ့ အတွေးအခေါ်တွေကို စိတ်ချမ်းသာသလို ဖြေသာတာတော့ ကောင်းတယ်ပဲ ပြောရမလား အပြစ်ပဲတင်ရလား မသိတော့ပါဘူး။

မွေးကတည်းက ရွေးလို့မရပဲ ရလာတဲ့အထဲက ကိစ္စရပ်တွေမှာ ပြဿနာအရှုပ်ဆုံးက လူမျိုးဖြစ်ပါလိမ့်မယ်။ လူမျိုးတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်ကလာမှန်းမသိတဲ့ တိုင်းရင်းသားများ တညီတညွတ်ထဲ စုပေါင်းနေထိုင်သော ပြည်ထောင်စု စိတ်ဓာတ်ဆိုတာ တကယ့်ဂျင်းအကြီးစားလို့ပဲ ပြောရလိမ့်မယ်။ ကိုယ့်တိုင်းပြည်ဟာ ဘယ်တုံးကမှ တပေါင်းတစည်းထဲ မရှိဖူးပါဘူး အနည်းဆုံးတော့ လက်နက်ပြပြီး ခြိမ်းခြောက်ထားတုံး ခဏငြိမ်ငြိမ်နေလိုက် နည်းနည်းလစ်တာနဲ့ ဆော်ပလော်တီးကြပြီး တစစီပြန်ဖြစ်တာ နှစ်ပေါင်းရာချီ ရှေးကတည်းကပါ။

အရင်ထဲက အတူတူမရှိတဲ့ဟာ ကိုယ်ကတော့ ဘယ်အချိန်ပဲဖြစ်ဖြစ် သူတို့သဘောနဲ့သူတို့ ခွဲချင်တယ်ဆိုရင် အမြဲထောက်ခံတယ် နေချင်တယ်ဆိုလည်း ထောက်ခံပါတယ်။ ခင်ဗျားကခွဲထွက်ရေးကို ထောက်ခံတယ်ဆိုတော့ ခွဲချင်တယ်ပြောတိုင်း ထောက်ခံတာလားမေးရင်တော့ အဲလိုတော့မဟုတ်ဘူး ခွဲချင်တဲ့နေရာကလူတွေက တကယ်မနေချင်ဘူးဆိုရင် ထောက်ခံတယ်ပြောတာပါ။ လက်နက်ကိုင်လို့ ခေါင်းဆောင်ဖြစ်တဲ့လူတွေက ခွဲချင်တယ်ပြောတာကို အဲဒီနယ်မှာနေတဲ့ လူအားများစုရဲ့ ဆန္ဒနဲ့တူတယ်လို့ ဘယ်တုံးကမှ မယူဆဖူးပါဘူး အဲဒီ့လူတွေလည်း တကယ်ကတော့ စစ်အာဏာရှင်တွေပါပဲ နာမည်ပဲကွာတာပါ။ လက်နက်ရှိလို့ ခေါင်းဆောင်ဖြစ်တယ်ဆိုတဲ့ အယူအဆကိုတော့ ဘယ်လူမျိုးပဲဖြစ်ဖြစ် မထောက်ခံပါဘူး။

နောက်အရေးကြီးတာတခုက ကိုယ်ကဗမာလူမျိုးဖြစ်ပေမယ့် ပေါ်တာဆွဲတယ်ဆိုတဲ့ စကားလုံးကို ငယ်ကတည်းက ရင်းနီးနေတဲ့လူ ဖြစ်နေတာတောင် ဗမာတွေများလို့ လူနည်းစုတွေကို အနိုင်ကျင့်နေလို့ ခွဲချင်တယ်ဆိုတာမျိုးကျ ပြဿနာကို ရှင်းနေတယ်လို့ မမြင်မိပဲနဲ့ လူများရင် အနိုင်ကျင့်လို့ရတာကို အားကျတဲ့အတွက်လို့ပဲ ကိုယ့်အမြင်မှာရှိတယ်။ ဗမာတွေက တကယ်အနိုင်ကျင့်လား မကျင့်လားဆိုတာကျ တယောက်နဲ့တယောက် အမြင်မတူဘူး အတော်ငြင်းရမယ့်ကိစ္စပါ ခွဲချင်တယ်ဆိုတဲ့ လူတွေကတော့ အနိုင်ကျင့်တယ်လို့ ယုံကြည်ကြပါတယ်။ ခွဲလိုက်တယ်ဆိုလည်း သူတို့အထဲမှာရှိတဲ့ အနည်းစုဖြစ်တဲ့လူတွေ ထပ်အနိုင်ကျင့်ခံရပြီး ဒုက္ခရောက်ဦးမှာဆိုတော့ အဲလိုနည်းနဲ့ရှင်းရင် တအိမ်ထောင်ကို တနိုင်ငံဖြစ်မှပဲ ပြဿနာရှင်းလို့ရမယ် အဲဒါတောင်မှ သားသမီးတွေ အိမ်ထောင်ခွဲရင် တနိုင်ငံထပ်တည်ဖို့ လိုအပ်လာနိုင်တယ်။

သူ့လူမျိုးငါ့လူမျိုးနဲ့သာ ပြဿနာကရှုပ်နေတာ တကယ်တမ်းကျတော့ အခုခေတ်လူ Sapiens တွေရဲ့ DNA မှာတောင်မှ ပျောက်ကွယ်သွားပြီဖြစ်တဲ့ Neanderthals ရဲ့ DNA အပိုင်းအစတွေတောင် ပါတယ်ဆိုမှတော့ ဘာလူမျိုးမှ စစ်တယ်ဆိုတာ မရှိနိုင်ပါဘူးလေ။ အဖိုးအဖွားဗမာဖြစ်တဲ့ ကိုယ့်လိုလူကို DNA စစ်ကြည့်လည်း တရုတ်၊ ကုလား၊ မွန်၊ ရခိုင်၊ ရှမ်း … အချိုးအစား အနည်းအများပဲ ကွာပါလိမ့်မယ် ပါတာကတော့ ပါမှာပါပဲ။ ကိုယ့်နိုင်ငံကိုလည်း အဲဒီမွေးကတည်းက ရွေးလို့မရတဲ့အပြင် စစ်တယ်ဆိုတာတောင် ရေရေရာရာမရှိတဲ့ လူမျိုးဆိုတာတွေနဲ့ သောက်ပြဿနာတွေလည်း ရှင်းစေချင်ပါပြီ။

ခွဲရေးတွဲရေးအတွက်ကတော့ ခွဲချင်တဲ့နယ်ကလူတွေ သဘောတူတယ်ဆိုရင် ခွဲချင်သလိုသာခွဲ ဒီလူနဲ့ဒီလူအချင်းချင်း နိုင်ငံတွေခြားသွားခဲ့လို့ Visa လိုတယ်လိုရင်တောင် ၁ နှစ်စာလောက် Multiple Entry တော့ပေးကြမှာပါ။ နိုင်ငံများလေလေ ကောင်းလေလေပဲ ရန်ကုန်နိုင်ငံ မန္တလေးနိုင်ငံ မြစ်ကြီးနားနိုင်ငံ စသည်ဖြင့်ဆိုရင် အနည်းဆုံးတော့ ရန်ကုန်ကနေ မန္တလေးသွားမယ်လို့ ပြောရတာမျိုးအစား နိုင်ငံခြားသွားမယ်လို့ Facebook ပေါ်မှာတင်ပြီးတော့ ကြွားလို့ရတာ အဲလေမှားလို့ပါ ပြောလို့ရတာတခုနဲ့တင် ကိုယ်ကထောက်ခံတယ်။ ဒါတွေဆက်ပြောရင် အရင်တော့ လမ်းကြုံတဲ့အခါ ချောင်းရိုက်မယ့် လူလောက်ပဲရှိတာ အခုကတော့ ပျားအုံကိုလည်း ဒုတ်နဲ့ထိုးမိသလို ဖြစ်လာပြီဆိုတော့ လူလွှတ်ပြီးတော့ လုပ်ကြံခံရကိန်းပါ ဆိုက်လာနိုင်တော့ နိဂုံးမချုပ်ပဲ ဒီမှာပဲရပ်ပါဦးမယ်။