Calm Hill My Random Thoughts

ရန်ကုန်နေ့ရက်များ (၃)

သာမန်အားဖြင့် ရန်ကုန်ရုံးကိုသွားရင် ၂-၃ ပတ်ပဲကြာပေမယ့် ဒီတခေါက်ကတော့ ၁ လလောက်ကြာသွားတယ်။ အစကတော့ လကုန်လောက်မှာ ကလောသွားမယ့် မနက်မှလာပြီးတော့ လေဆိပ်ကနေ ကားဂိတ်ကိုသွားမယ်လို့ ရည်မှန်းထားပေမယ့် အလုပ်ထဲက ပရောဂျက်အသစ်တွေနဲ့ ရုံးမှာလုပ်စရာလေးတွေ နည်းနည်းရှိတာရယ် Intern နောက်ထပ် Batch တခုအတွက်ရယ် ပြောစရာလေးတွေရှိတာနဲ့ ရန်ကုန်စောလာခဲ့ရတယ်။ Intern တွေ လွှတ်ချင်တဲ့ကျောင်းကို လိုက်ပို့ပေးမယ့် သူငယ်ချင်းက ကိုယ်လာမယ့် ၁ ရက်ပဲ အားတဲ့အတွက် မူအစီအစဉ်လို လေဆိပ်ကနေ ကားဂိတ်ကိုတန်းပြီး မသွားရပေမယ့် လေဆိပ်ကနေ ကျောင်းကိုပဲ တန်းသွားခဲ့ရတယ်။

ကလောကနေ ရန်ကုန်ကို နှစ်မကူးခင်လေး ပြန်ရောက်တဲ့အတွက် နှစ်ကူးရုံးပိတ်ရက် လွတ်လပ်ရေးနေ့ အလုပ်ပိတ်ရက် အတော်များများနဲ့ ကြုံသွားတဲ့အတွက် ရုံးကိုရောက်ပေမယ့် အနားအတော်ရတယ်။ အားတာများတဲ့အခါ အငြိမ်မနေနိုင်တော့ Aikido လည်ကစားဖြစ်တယ်။ အခုအချိန်မှာ ရန်ကုန်မှာလည်း Aikido သင်တန်းတွေက နည်းနည်းများလာတော့ ဘာရယ်မဟုတ်ဘူး မိတ်ဖြစ်ဆွေဖြစ် တွေ့တဲ့နေရာဝင် မိတ်ဆက်ပြီးတော့ ဝင်ကစားရတာပေါ့။ မြန်မာနိုင်ငံရောက်ရင် Aikido ကစားရတာက နည်းနည်းခက်တာက ကိုယ်ဝင်ကစားရင် ကြမ်းကြမ်းတမ်းတမ်း ကိုယ်ဘာမှမလုပ်ပေမယ့် သင်တန်းသား/သူတွေက ထွက်ပြေးနေကြတော့ ကိုက်မစားပါဘူးလို့ အတင်းလိုက်ဖမ်းရတယ်။

အချိန်အားပြီးတော့ ဘာမှလုပ်စရာ မရှိတဲ့အခါမျိုးမှာ ကိုယ့်ခန္တာကိုယ်ကို ပိုပြီးတော့ သတိထားမိတယ်။ ခန္တာကိုယ်ညာဘက် ဗိုက်အောက်နားမှာ တခါတခါဆိုရင် နာသလိုလိုနဲ့ တကယ်တမ်း မခံမရပ်နိုင်အောင် စူးစူးရှရှလည်း မဟုတ်ပေမယ့် မအီမလည် ဖြစ်နေတာ ၄-၅ လလောက်ရှိပြီ ညာဘက်ဆိုတော့ ကလီစိကလီဆာ နည်းနည်းစုံနေတော့ စိတ်ပူရတယ်။ စင်္ကာပူမှာလည်း အိမ်နားကဆရာဝန်နဲ့က တုတ်ကွေးမိတာများပြီး ဖောက်သည်ဖြစ်နေတော့ ပြောပြဖြစ်တယ် ဟိုနားစမ်းကြည့် နာလားဆိုလည်း မနာဘူးဆိုတော့ ကြီးကြီးကျယ်ကျယ် ဘာမှလည်း ဖြစ်ပုံမရဘူးပဲ သူပြောတယ်။ အရင်တခေါက်ကလည်း ရန်ကုန်မှာရှိတဲ့ အစ်မလင်မယားဆီ ရောက်တဲ့အခါ ပြောပြတော့လည်း ယောက်ဖဖြစ်သူက စမ်းကြည့်ပြီးတော့ လေပဲထင်ပါတယ်ဆိုပြီး လေဆေးတွေ ပေးလွှတ်တယ် သောက်ကြည့်လည်း ဘာမှထူးတယ် မထင်မိပါဘူး။

ဒီတခေါက်လည်း စိတ်ကရောက်နေလို့လားမသိ မအီမသာဖြစ်နေတော့ ရုံးကအစ်ကိုကြီးက သူ့အမေပြတဲ့ ဆရာဝန်ဆီ သွားပြမလား အကြံပေးပြီးတော့ ဆေးရုံမှာ ရက်ချိန်ယူပေးတယ်။ သူလိုက်ပို့မယ် အတင်းလုပ်နေတာ ကိုယ့်အကြောင်း ကိုယ်သိတယ် အခန့်မသင့်ရင် ဆရာဝန်နဲ့ စကားများဦးမှာဆိုတော့ မလိုက်ခဲ့နဲ့ဆိုပြီး ထားခဲ့လိုက်တယ်။ ဆေးရုံက ၁ နာရီဆိုပြီး ချိန်းထားရာကနေ မနက်ရောက်တော့ ဖုန်းဆက်တယ် ဆရာဝန်ကြီးက နောက်ကျမှာဆိုတော့ ၃ နာရီခွဲမှ လာခဲ့ပါပြောတယ်။ ကိုယ့်ရဲ့ Token နံပတ်က ၃၀ ကျော်ဆိုတော့ လူတယောက်ကို ၅ မိနစ်ကြည့်ဦး တနာရီမှ ၁၂ ယောက်ပဲပြီးမှာ အေးဆေးပါဆိုပြီး ၅ နာရီမှာရောက်တော့ နံပတ်ဘယ်လောက် ရောက်ပြီလဲမေးတော့ ဆရာဝန်ကြီးက အစည်းအဝေး နောက်ကျလို့ အခုလေးမှရောက်တာ နံပတ် ၃ ပဲရှိသေးတယ်ဆိုတော့ လူလည်လုပ်ပြီး နောက်ကျတာကို လူလည်မဖြစ်သေးမှန်း သိလိုက်ရတယ်။

လူမှန်းသိကတည်းက အဖေဖြစ်သူနဲ့ ပတ်သက်ပြီးတော့ ဆေးရုံးပေါ်အိပ် ဆေးရုံပေါ်စား ဆေးရုံကနေ ကျောင်းတက် ဆေးရုံကနေ စာမေးပွဲဖြေဆိုသလို ဖြစ်နေခဲ့ဖူးတော့ ဆေးရုံနဲ့ကိုယ်နဲ့က အတော်လေး ပြဿနာရှိတယ်။ ဆေးရုံရဲ့ အနံ့အသက်ရရင် စိတ္တဇလိုဖြစ်နေတော့ ဆေးရုံထဲမှာ ကိုယ်သိပ်ပြီး ကြာကြာနေရင် အဆင်မပြေတာနဲ့ အပြင်ထွက်ပြီးတော့ ကော်ဖီဆိုင်လေးတွေ့တာနဲ့ ဝင်ထိုင်ပြီးတော့ စာဖတ်နေလိုက်တယ်။ ၂ နာရီခွဲလောက်နေမှ ပြန်လာတာတောင် ၆ ယောက်လောက် ကိုယ့်အရှေ့မှာ ကျန်သေးတယ်။ ရောက်ရောက်ချင်း သူနာပြုဆရာမတွေက အလေးချိန်တိုင်း ပြီးတော့ သွေးပေါင်လည်းချိန်ရော အစ်ကိုသွေးတိုးရှိလား မေးတော့တာပဲ။ သိသလောက်တော့ မရှိဘူးလို့ဖြေတော့ ခဏနားပါဦးပြောပြီး နောက်ခဏနေတော့ ထပ်တိုင်းပြန်တယ်။ သေချာတယ်အစ်ကို သွေးတွေတိုးနေတယ် နှလုံးခုန်နှုန်းတွေလည်း အတော်မြန်နေတယ်ပြောတယ်။ အေးပေါ့.. အရင်မရှိလည်း အခုသွေးတိုးရှိလို့ ဖြစ်မှာပေါ့ပဲ တွေးပြီးဖြေပါတယ်။

အတော်လေး စောင့်လိုက်ပြီးတော့ ဆရာဝန့်အခန်းထဲဝင်ဖို့ ပြင်ရဆင်ရတာက အင်တာဗျူးဖြေမယ့် အခန်းထဲကို ဝင်ရသလိုပဲ ရော့… ဒီဖိုင်လေးကိုင်ထား အဆင်သင့်စောင့်နေ ရပြီဝင်ထိုင်တော့ အဲလိုဆိုတော့ ဝဋ်လည်တယ် ထင်မိပေမယ့် ကိုယ့်ဆီ အင်တာဗျူး လာတဲ့လူတွေကို အဲလိုတော့ မလုပ်ခိုင်းဖူးပါဘူး။ ဆရာဝန်ကြီးကတော့ ကောင်းကောင်းမွန်မွန်ပါ မင်းဘာဖြစ်လဲပြော ဒီနားကနာလားမေးတယ် ကိုယ်ကလည်း နာသလိုမနာသလိုလိုပဲဆရာ ဟိုနားလေးကရော အဲဒါလည်း တခါတလေမှပါ။ တခါတလေဆိုတာ ၁ လကို ၁ ခါလား ၂ ခါလား အဲလိုလည်းမဟုတ်ဘူး တခါတလေလည်း ၁ လကို ၁ခါလောက် အခန့်မသင့်ရင်လည်း ၁ လကို ၃ ခါလောက်။ အရက်သောက်လား မသောက်ဖူးဘူးလို့တော့ ဖြေလို့မရဘူးဆရာ သောက်တယ်ဆိုတာ ဘယ်လိုအဓိပ္ပာယ်ဖွင့်ရမလဲ သိမှဖြေလို့ရမယ် ပြောလိုက်မိတော့ အဖြေပေးမယ့် ကောင်မလေး မေးနေတာ မဟုတ်ဘူးလေ ဆရာဝန်မေးနေတာလို့ ပြောလေရဲ့။

သွားသွား… ကုတင်ပေါ်တက် ဗိုက်ကိုနှိပ်ကြည့် နာလားမေးတယ် ဟင့်အင်းမနာဘူး မင်းပြောတော့ နာတယ်ဆို… တခါတလေ မရောက်သေးလို့ ဖြစ်မယ်ဆရာ။ ခါးရောနာလား… တခါတလေတော့ နာတယ်ထင်တယ်ဆရာ။ နောက်တော့ စကားမပြောတော့ဘူး လက်ကောက်ဝတ် စမ်းကြည့်ပြီးတော့ ဆရာမ သွေးပေါင်လေး ပြန်တိုင်းပေးပါ နှလုံးခုန်နှုန်းက စာအုပ်ထဲမှာ ရေးထားတဲ့ အတော်ကွာနေတယ် ထင်တယ်ဆိုပြီး ပြန်တိုင်းတော့ သွေးမတိုးတော့ပဲ ပုံမှန်ပြန်ဖြစ်နေတယ်။ မင်း… ဒီမလာခင် ဘာလုပ်လာလဲ ဘာမှမလုပ်ဘူးဆရာ… အေးအေးဆေးဆေး အောက်နားလေးက ကော်ဖီဆိုင်ကနေလာတာ။ ကော်ဖီသောက်လာလား… ဟုတ်… ဘာသောက်လာလဲ… Espresso Double တခွက် Single တခွက်။ မင်းကိုတော့မေးရင်းနဲ့ ငါပါရူးချင်လာပြီ စစ်စရာရှိတာတွေ သွားစစ်ပြီးတော့ အဖြေထွက်မှပဲ ပြန်ပြောကြစို့ Ultrasound နဲ့ ဓာတ်မှန်သွားရိုက် တခြားစစ်စရာတွေလည်း ရေးပေးလိုက်မယ်ဆိုပြီး နှင်လွှတ်တော့တယ်။

သူစစ်ခိုင်းတာတွေ သွားစစ်ဖို့ဆိုပြီး စာရင်းကိုကြည့်မိတော့ အမျိုးအစားပေါင်း အစိတ်သုံးဆယ်လောက် ခြေဆုံးခေါင်းဆုံး သွေးကနေ ဆီးအထိစစ်ရမယ်။ ကိုယ့်အခြေအနေက အဲလိုများစစ်ဖို့ လိုလို့လားတော့ ထင်မိပေမယ့် ဒီထက်စကား များတယ်ဆိုရင်လည်း ရိုက်လွှတ်တော့မှာဆိုတော့ မပြောတော့ပါဘူး။ ကျန်တာတွေက သိပ်မစောင့်ရပါဘူး အဆင်ပြေပါတယ် Ultrasound ရိုက်မယ်ဆိုပြီး ရောက်သွားတော့ ကိုယ့်အရှေ့မှာ လူအုပ်ကြီးတွေ့တယ် ထိုင်လျက်တွေရော Wheelchair နဲ့ရော ပက်လက်တွေရော။ ကိုယ့်စာအုပ်လေး ယူသွားပြီးတော့ နာမည်ခေါ်လိမ့်မယ် ထိုင်စောင့်နေပါ အရေးပေါ်လူတွေလည်းရှိတယ် အလှည့်ကတော့ ကျော်ချင်ကျော်မှာ အစ်ကိုကဘာမှ ဖြစ်ပုံမှမရတော့ နောက်ဆုံးလောက်မှ ခေါ်မယ်ထင်တယ်ဆိုတော့ ဗိုက်ဆာဆာနဲ့ ထိုင်စောင့်ရတော့တာပဲ။

ကိုယ့်အလှည့် ရောက်တော့ ည ၉ ခွဲလောက်ရှိနေပြီ Ultrasound ရိုက်ပေးတဲ့ ဆရာဝန်ကြီးက အသက်အတော်ကြီးပြီ သဘောကောင်းတယ် သား.. ဘာဖြစ်လဲလာခဲ့ဆိုပြီး ဟိုဘက်စောင်းပါဦး ဒီဘက်စောင်းပါဦးနဲ့ ဘာမှလည်း ထွေထွေထူးထူး မတွေ့ဘူးကွ သေချာအောင်လို့ ပြန်ရိုက်ကြည့်လည်း ဒီအတိုင်းပဲလို့ပြောတယ်။ တခြားအဖြေတွေက နောက်နေ့မှရမှာဆိုတော့ သူဘာမှမတွေ့လည်း ကိုယ်လည်း ဗိုက်ကဆာပြီဆိုတော့ ဖြစ်ချင်ရာသာ ဖြစ်ပလေ့စေတော့ စကားသိပ်ပြီး မများနိုင်တော့ဘူး ဟုတ်ကဲ့ဆိုပြီး အဖြေလွှာလေးယူပြီး ဗိုက်ဆာဆာနဲ့ ပြန်လာခဲ့တယ်။ သူ့အဖြေလွှာကို ဖတ်ကြည့်တာတော့ သူပြောသလိုပဲ ဘာမှမတွေ့ဘူးပဲ ရေးထားတာတွေ့တယ်။

နောက်ရက်လည်း အဖြေတွေရွေးရင်းနဲ့ ဆရာဝန်နဲ့ထပ်ပြဖို့ တခေါက်တော့ သွားရပြန်တာပေါ့။ အဖြေတွေရွေးပြီး စာအုပ်လေး သွားထပ်တော့ သွေးပေါင်တခါချိန်ပြန်ရော။ သူနာပြုဆရာမလေးက အစ်ကိုသွေးတိုးရှိလား မေးလာပြန်တော့ ငှင်… ဒီနေ့တော့ ကော်ဖီလည်း မသောက်လာဘူး ပြန်တိုင်းဆိုတော့ တခါတိုင်းရင် အပေါ်သွေးက ၁၀ ဆီလောက် ကျကျလာတယ်။ အဲဒါကြီးက Battery များ ကုန်နေလားမသိပါဘူး Manual နဲ့ပဲ တိုင်းပါတော့ ဆရာမရယ်လို့ အကြံပေးရတယ်။ ကိုယ့်အလှည့်ကို ထိုင်စောင့်နေရင်းနဲ့ ရွေးလာတဲ့ အဖြေတွေကို ထိုင်ဖတ်ကြည့်တာလည်း ဘာမှထွေထွေထူးထူး တွေ့တာလို့မရှိဘူး။

ဆရာဝန်နဲ့တွေ့တော့ သူလည်းအဖြေတွေ ဖတ်ကြည့်ပြီးတော့ မင်းဟာက ဘာမှထူးထူးခြားခြား မတွေ့ဘူးဟ လေပဲဖြစ်မယ် ထင်တယ်လို့ ပြောတော့ အဲဒါတော့ ယောက်ဖလည်း ပြောဖူးတယ်လို့ လေဆေးတွေလည်း ပေးဖူးတယ်ဆိုတော့ မဟုတ်လောက်ဘူး ထင်တယ်လို့ ငြင်းရတယ်။ အလုပ်အကိုင်က ဘာလုပ်လဲမေးတယ် ပရိုဂရမ်မာလို့ဖြေမိတော့ အလုပ်ကလည်း အေးအေးဆေးဆေး အလုပ်ဆိုတော့ Stress ကြောင့်လည်း မဖြစ်နိုင်ဘူးဆိုတယ်။ အဲဒါနဲ့ ဘယ်နှယ့်လုပ်ပြီး ပရိုဂရမ်မာဆိုတာ အေးအေးဆေးဆေး အလုပ်ရမှာလဲ ကျနော့်ဆံပင်ကိုသာ ကြည့်ပါဗျာလို့ ဖြေရတယ်။ နောက်ထပ်တခု ဖြစ်နိုင်တာကတော့ သံကောင်ကြောင့်လဲ ဖြစ်နိုင်မယ်ဆိုတော့ သံချကြည့်ဆိုပြီး သံချဆေးတလုံး ပေးလိုက်တယ်။

စိတ်ထင်လို့လား အနာနဲ့ဆေးနဲ့ တည့်သွားလို့လား အလုပ်နည်းနည်းလေး ပေါ့တဲ့အတွက် Stress ပဲ နည်းလို့လားမသိ အဲဒီနောက်တော့ ဗိုက်မအောင့်တော့သလိုပဲ။ ရန်ကုန်က မပြန်ခင်လေး အစ်မအိမ်ကို ရောက်ဖြစ်တော့ ဆေးခန်းရောက်တဲ့ အကြောင်းပြောတော့ ပြစမ်းဆိုပြီး စာရွက်စာတမ်းတွေ ယူကြည့်ပြီးတော့ အစ်မဖြစ်သူက အားပေးပါတယ် ဘာမှမတွေ့လည်း ဟုတ်ချင်မှဟုတ်တာ ငါ့သူငယ်ချင်းနာရေး မနက်ကပဲပို့လာတာ သူလည်းအဲလိုပဲ စစ်ကြည့်တာ ဘာမှမတွေ့ဘူးဆိုပြီး အခုတော့ ပန်ကရိယကင်ဆာနဲ့ ဆုံးသွားပြီပြောတယ်။ အဲနောက်နေ့ကစပြီး ကိုယ်လည်းပဲ ပန်ကရိယရှိတဲ့နားက နာချင်သလိုလို အောင့်ချင်သလိုလိုနဲ့ ရောဂါတွေက နေရာပြောင်းသွားသလိုလို ဖြစ်ချင်လာပြန်တယ်။ ဘာမှတော့ မဖြစ်သေးဘူးတော့ ထင်မိတာပဲ အခုထိတော့ ပေါက်ကရတွေ ရေးနိုင်နေတုံးပါပဲ။