Calm Hill My Random Thoughts

အိန္ဒိယခရီးစဉ် (၁)

ဖေဖော်ဝါရီလထဲမှာ ညီမဖြစ်သူရဲ့ရုံးက လုပ်ဖော်ကိုင်ဖက် ဘာဒရီဆိုတဲ့တယောက်က သူ့ညီမစေ့စပ်ပွဲအတွက် အိမ်ပြန်ရင်းနဲ့ အိန္ဒိယမြောက်ပိုင်းက ဘုရားကျောင်းတွေကို သွားလည်ဖို့ရှိတာ ညီမဖြစ်သူက လိုက်ချင်တယ်ဆိုပြီး အဖော်လိုက်ဖို့ခေါ်တာနဲ့ လိုက်သွားဖြစ်တယ်။ လေယာဉ်လက်မှတ်နဲ့ ဟိုမှာနေဖို့ထိုင်ဖို့က ဒေသခံဖြစ်တဲ့ ဘာဒရီ စီစဉ်တာဆိုတော့ ကိုယ်လည်းဘာမှ လုပ်စရာမလိုပါဘူး။ ကိုယ်တိုင်လုပ်ရတာက ဗီဇာလျှောက်တာတခုပဲ လုပ်လိုက်ရပါတယ်။ ဗီဇာအတွက်ကလည်း အရင်တုံးကလိုမျိုး မျက်နှာမငယ်ရပါဘူး မိုဒီကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကောင်းမှု အကြောင်းပြုပြီး အွန်လိုင်းကနေ လျှောက်လို့ရပါတယ် ဗီဇာဖိုးပေးဖို့ မလိုအပ်သလို ဓာတ်ပုံတပုံနဲ့ ပတ်စပို့စာအုပ် ပထမစာမျက်နှာပဲ တင်ပေးဖို့လိုတယ် သာမန်အားဖြင့် ၂၄ နာရီအတွင်းပဲ ဗီဇာရပါတယ်။

သွားဖို့လာဖို့ ပစ္စည်းတွေထည့်ဖို့ စီစဉ်ရမယ်ဆိုတော့ သွားမယ်ဆိုတဲ့ ဟိန္ဒူဘုရားကျောင်းတွေ ဆိုတာကလည်း ကိုယ့်ဘာသာမဟုတ် သူတို့ဘယ်သွားမလဲ ကိုယ်လည်းမသိတော့ ဘာတွေပြင်ဆင်သွားရမှန်း ကိုယ်လည်းမသိဘူး။ ညီမဖြစ်သူကလည်း ခရီးမသွားခင် ၁ ပတ်လောက်ဟာ Software Deployment တွေနဲ့ အလုပ်တွေရှုပ်ပြီး ညသန်းခေါင်မှ ပြန်ပြန်ရောက်တော့ သူ့ကိုလည်းမေးလို့မရဘူး။ စေ့စပ်ပွဲမတိုင်ခင် ကိုယ်တွေက ၆ ရက်လောက် စောသွားပြီး ဒေလီ (Delhi) ကနေတဆင့် လည်ပတ်သွားလာပြီးမှ စေ့စပ်ပွဲလုပ်မယ့် ချန်နိုင်း (Chennai) ကို သွားမယ်ဆိုတာလောက် အကြမ်းပဲသိထားတယ်။ သွားခါနီးမှ ရာသီဥတု အခြေအနေနဲ့ မြေပုံပြေးကြည်မှ ချန်နိုင်းနဲ့ ဒေလီဆိုတာက တောင်ထိပ်နဲ့ မြောက်ထိပ်ဖြစ်သလို အပူချိန်ကလည်း ၁၀ ဒီဂရီနဲ့ ၃၀ ဒီဂရီဆိုတော့ ဆန့်ကျင်ဘက် ဖြစ်နေတယ်။

ညီမဖြစ်သူကိုမေးတော့ လေယာဉ်လက်မှတ်မှာ လက်ဆွဲအိတ်ပဲပါတယ် အိတ်အသေးပဲယူဆိုတော့ ပိုပြီးတော့ဂွကျကုန်တယ်။ ကင်မရာဆိုတာက ပိုတယ်မရှိဘူးဆိုပြီး အကြီးတလုံး အသေးတလုံးရယ် သွားလေရာပါတဲ့ ကွန်ပျူတာရယ်ကို ကျောပိုးအိတ်နဲ့လွယ်။ အေးတဲ့နေရာတွက် ပေါ့ပေါ့ပါးပါးနဲ့ နွေးမယ့်အဝတ်တွေက ငှက်မွှေးပါတဲ့ အင်္ကျီတွေရယ် အသားကပ်အပူထိမ်းတဲ့ အဝတ်တွေထည့် ပိုတယ်မရှိပါဘူး လိုနေရင်ခက်မယ်ဆိုပြီး ရှိသမျှအကုန်လုံး လက်ဆွဲအိတ်ထဲမှာ မဆန့်ဆန့်အောင် ထည့်ရတယ်။ အေးပိုင်းဝတ်တဲ့ ၂ ထပ် ဘောင်းဘီ အထူတွေတော့ မဆန့်တာနဲ့ မထည့်ခဲ့နိုင်ဘူး ဂျင်းဘောင်းဘီ ခပ်ထူထူတွေပဲ ထည့်ခဲ့ရတယ်။ ပူတဲ့နေရာ ရောက်ရင်လည်း ဝတ်လို့မရမှာစိုးတော့ ပေါ့ပေါ့ပါးပါး အဝတ်တွေလည်း ထည့်ရပြန်တယ်။ ဆေးတွေကတော့ အကိုက်အခဲပျောက်ဆေး ပလာစတာကနေ ပေါက်ဆိန်တံဆိပ် လေဆေးဆီအထိ အကုန်ထည့်ခဲ့တယ်။ ညီမဖြစ်သူကတော့ အဲလောက်မအေးပါဘူး ဘာလို့အများကြီးထည့် ဒုက္ခခံနေလဲလို့ ကိုယ့်ကြည်ပြီးတော့ ရယ်လို့မဆုံးဘူး။

သွားမယ့်ရက်က ဖေဖော်ဝါရီ ၂ ရက်နေ့ မနက်အစော ၂ နာရီကျော်မှဆိုတော့ ၁ ရက်နေ့ကို ရုံးတက်လိုက်ပြီး ရုံးဆင်းမှအိမ်ပြန် အိတ်ယူပြီးတော့ လေဆိပ်ကိုသွားရတယ်။ ညီမဖြစ်သူကတော့ ကိုယ့်အထက်အခြေအနေ ပိုဆိုးပါတယ် ၁ ရက်နေ့မတိုင်ခင် ၂−၃ ရက်ကတည်းက ရုံးအိပ်ရုံးစားဖြစ်နော ၁ ရက်နေ့ညပိုင်းမှပဲ မောင်နှမနှစ်ယောက် ဆုံဖြစ်ကြပြီးတော့ အိတ်လေးတလုံးစီဆွဲပြီး လေဆိပ်ကိုချီတက်ရတယ်။ လေဆိပ်ရောက်လို့ Check-in လုပ်တော့ သယ်လာတဲ့အိတ်တွေက ၇ ကီလိုကျော်နေတော့ ဆွဲသွားလို့မရပါဘူး။ Check-in လုပ်ဖို့အတွက် လက်မှတ်ထဲမှာ ပါပြီးသားဖြစ်လို့ အပ်လိုက်ပါလို့ ကောင်တာက အမျိုးသမီးကပြောတော့ ညီမဖြစ်တဲ့လူစကား ယုံလိုက်မိပြီး အိတ်အသေးလေးထဲကို ပစ္စည်းပစ္စယတွေ မနည်းဆန့်အောင်ထည့်ပြီး ယူလာရတဲ့ကိုယ့်မှာ အရူးလိုလိုဖြစ်ရတယ်။ ညီမဖြစ်သူရဲ့ ရုံးကဘော်တာ ဘာဒရီတို့ လင်မယားနဲ့ အထဲရောက်မှပဲ ဆုံဖြစ်ပါတယ်။

လေယာဉ်က ဒေလီကို တိုက်ရိုက်မဟုတ်ပဲ ကာလကတ္တား (Kolkata) က တဆင့်စီးရတယ်။ စင်္ကာပူကနေ ကာလကတ္တားကို ၅ နာရီလောက် ကြာအောင်စီးပြီး မနက်အစောပိုင်းမှာ ကာလကတ္တားကို ရောက်သွားပါတယ်။ ရာသီဥတုက နည်းနည်းအေးပေမယ့် သိပ်ပြီးတော့ ဆိုးဆိုးဝါးဝါး မဟုတ်တော့ စိတ်နည်းနည်းတော့ အေးမိတယ်။ ကာလကတ္တား လေဆိပ်လဝကကို ဖြတ်တာလည်း ကောင်းကောင်းမွန်မွန်ပါ တခုပဲရှိတယ် လဝကအရာရှိတွေဟာ အပူအပင်ရှိပုံမရဘူး နိုင်ငံသား နိုင်ငံခြားသားမရွေး တယောက်ကို စစ်ပြီဆိုရင် အနည်းဆုံး ၅ မိနစ်ကြာတယ်။ ဗီဇာစာရွက်မှာ QR Code တခုပါတယ် အဲဒါဖတ်မရမှာစိုးလို့ ကိုယ့်မှာသာ ၂ ခါလောက် Print ထုတ်ခဲ့ရပေမယ့် လဝကအရာရှိဟာ Scan မဖတ်ပဲနဲ့ မျက်မှန်ချွတ်လိုက် ပြန်တတ်လိုက်နဲ့ အေးအေးလူလူပဲ အနည်းဆုံး ၅ ခါလောက် ဗီဇာနံပတ်ကို တိုက်စစ်ပြီး​တော့မှ လက်ဆယ်ချောင်းလုံး လက်ဗွေယူပြီး တံဆိပ်တုံးထုပေး လွှတ်လိုက်ပါတယ်။

ကာလကတ္တားဆိုတာ ကိုယ့်လူမျိုးတဲ့ စိမ်းလှတဲ့နာမည် မဟုတ်ဘူးလေ ရန်ကုန်တက္ကသိုလ်တောင် တချိန်တုံးက ကာလကတ္တား တက္ကသိုလ်ရဲ့ ကောလိပ်ကနေ စခဲ့တယ်ဆိုတာမျိုး သမိုင်းထဲမှာ ရင်းနီးလာခဲ့တော့ အပြင်မှာဘယ်လိုရှိလဲ စိတ်ဝင်စားမိတယ်။ ဒေလီသွားမယ့် လေယာဉ်ချိန်က နည်းနည်းလိုသေးတော့ အနီးအနားတွေ လျှောက်ကြည့်တယ် ပဝါလေးတွေ ခြုံထားကြတဲ့ အမျိုးသမီးတွေရယ် နှုတ်ခမ်းမွှေးနဲ့ ယောက်ျားကြီးတွေသာ မမြင်မိဘူးဆိုရင် တခြားနိုင်ငံမှာ ရောက်နေတယ်လို့ မခံစားမိဘူး အိမ်တွေတိုက်တွေ ကားတွေဆိုင်ကယ်တွေ လမ်းပေါ်ကလူတွေကတော့ ရန်ကုန်အတိုင်းပါပဲ။ အင်္ဂလိပ်လက်အောက်အတူတူ မြို့တော်ဟောင်းချင်း အတူတူဖြစ်ခဲ့ကြတော့ ဒီလောက်တူတာ ဆန်းတယ်တော့ မဟုတ်ဘူးပေါ့။ ဒီပြည်နယ်က လွတ်လပ်ရေး ရပြီးလောက်ကတည်းက ကွန်မြူနစ်ပါတီ အာဏာရတာတဲ့ သိပ်မကြာသေးခင်မှ ကွန်မြူနစ်အာဏာရပါတီ ရှုံးသွားတာဆိုတော့ တပြည်နယ်လုံးဟာ အလကားရတာနဲ့ ကျင့်သားရနေတော့ ဆင်းရဲတဲ့ ပြည်နယ်ဖြစ်သလို အပျင်းကြီးတယ်လို့ နာမည်ကြီးတယ်လို့ ဘာဒရီကတော့ ရှင်းပြတယ်။

Kolkata Airport

လေယာဉ်ချိန်နီးတော့ Check-in ဝင်မယ်ဆိုပြီး ပြည်တွင်းလေဆိပ်ဘက်သွား လေဆိပ်ထဲကိုဝင်ရမယ့် တံခါးပေါက်မတွေ့ဘူး။ လေဆိပ်စောင့်တဲ့ စစ်သားကိုသွားမေးတော့ ဓာတ်လှေကားကို လက်ညှိုးထိုးပြတယ် အောက်ဆင်းလို့ပြောတယ်။ ဓာတ်လှေကားနဲ့ အောက်ဆင်းသွားတော့ ကားရပ်တဲ့နေရာပဲ ရှာလို့တွေ့တာနဲ့ ပြန်တက်လာပြီး ဝင်ပေါက်မတွေ့ဘူးလို့ စောစောကစစ်သားကို ပြန်သွားမေးတော့ အပေါ်တက်လို့ ပြောပြန်တယ်။ ဒီတခေါက်တော့ ကံကောင်းထောက်မစွာပဲ လေဆိပ်ထဲရောက်သွားတယ် ဘယ်လိုစိတ်ကူးနဲ့များ လေဆိပ်ထဲဝင်တဲ့ တံခါးပေါက်ဟာ လျှို့ဝှက်ဖြစ်နေလဲ စဉ်းစားလို့မရပါဘူး။ အထုတ်တွေအပိုးတွေနဲ့ Check-in သွားဝင်တော့ ကောင်တာက အမျိုးသမီးက Automated Check-in ကို လက်ညှိုးထိုးပြတော့ ကိုယ်တိုင်သွားပြီး လက်မှတ်ကို Print ထုတ်လာပြီး ကောင်တာကို ပြန်ရောက်လာတော့ အဲဒါမဟုတ်ဘူး ဟိုဘက်က Security Scanning လုပ်တဲ့နေရာမှာ စစ်ရမှာဆိုလို့ တခေါက်သွားပြီး စစ်ပြီးတော့မှ အိတ်ကိုပြန်လာအပ်ရတယ်။

လက်မှတ်ရလို့ လေဆိပ်ထဲဝင်တော့ လုံခြုံရေးရဲကို လက်မှတ်လေးပြပြီး လက်ဆွဲအိတ်လေးတွေ Scan လုပ်ဖို့ ယောက်ျားတွေ တန်းစီနေတဲ့အထဲ သွားတန်းမယ်လုပ်တော့ အစောင့်ဖြစ်သူက အမျိုးသမီး ၂ ယောက်တန်းစီနေတဲ့ အတန်းကိုလက်ညှိုးထိုးပြီး သွားတန်းစီဆိုတော့ ကိုယ်လည်းသွားစီတာပေါ့။ ကွန်ပျူတာလေးတွေ ဖုန်းလေးတွေကို အပြင်ထုတ်ပြီး ဗန်းထဲကိုထည့် ကင်မရာတွေပါ ထုတ်ရမလားဆိုတော့ မထုတ်နဲ့ပြောတယ်။ ကိုယ့်အလှည့်ရောက်တော့ လုံခြုံရေးရဲမေက အမျိုးသမီးတန်းမှာ ဘာလို့လာစီလဲလုပ်တော့ နင့်ကိုတောင် ကင်မရာထုတ်ရမလား ငါမေးတာပဲလေ အတန်းမှားနေရင် အဲကတည်းကပြောပါလား နောက်ပြီးတော့ အဝင်ကရဲက ဒီမှာတန်းခိုင်းလို့ ငါတန်းစီတာဆိုတော့ အိတ်ကိုထားသွား လူကတော့ ယောက်ျားတန်းက ပြန်ဖြတ်ဆိုတော့ ၂ ခါပြန်တန်းစီရတယ်။ ဇာတ်လမ်းက အဲလောက်နဲ့ မပြီးသေးပဲနဲ့ အမျိုးသမီးတန်းမှာ ထားခဲ့တဲ့ အိတ်တွေထဲမှာ ကင်မရာပါလို့ ပြန်ပြီးတော့ ထုတ်ပါဆိုပြီးတော့ ပြန်ပြောလေတော့ နင်တို့ကောင်တာက Scanning Machine ရဲ့ အဝင်နဲ့အထွက်တင် ဒီဘက်တယောက်က ကင်မရာကို ထုတ်စရာမလိုဘူး ဟိုဘက်ကမရဘူး လိုတယ်ဆိုတော့ ဘယ်ဟာယုံရမှာလဲဆိုပြီး အောင့်သက်သက်နဲ့ ၃ ခါပြန်တန်းစီခဲ့ရတယ်။

ဘာဒရီတော့ မင်းကိုငါကြိုပြောတယ်နော်လို့ ပြောတာနဲ့ အေးပါကွာ ဒို့ဆီကရုံးတွေနဲ့ ဟိုဘက်စားပွဲ ဒီဘက်စားပွဲ လက်ညှိုးထိုးတာနဲ့ အကျင့်ရနေတဲ့ ငါ့မှာတောင် အိန္ဒိယစံချိန်မှီဖို့ လိုသေးတယ်ဆိုတာ နားလည်ပါပြီလိုဆိုတော့ အကုန်လုံးခွက်ထိုးခွက်လန် ရယ်ကြရသေးတယ်။ ဒေလီမှာရော ကာလကတ္တားမှာလိုပဲ လူတွေကအတူတူလားလို့ ဘာဒရီကိုမေးတော့ တူတော့မတူဘူးဟ မတူဘူးဆိုလို့တော့ ပိုကောင်းသွားမယ်လို့ မင်းမျှော်လင့်မထားပါနဲ့ ရောက်ရင်တွေ့မှာပေါ့လို့ ဖြေတာကြားရတော့ မောင်နှမနှစ်ယောက်မှာ ငိုရအခက်ရယ်ရအခက်နဲ့ ရောက်ရင်တွေ့တာပေါ့ဆိုပြီး စိတ်ဒုံးဒုံးချပြီး ကာလကတ္တားကနေ ဒေလီကိုထွက်ခဲ့ကြတော့တယ်။

comments powered by Disqus