Calm Hill My Random Thoughts

အိန္ဒိယခရီးစဉ် (၂)

ကာလကတ္တား (Kolkata) ကနေ ဒေလီ (Delhi) ကို လေယာဉ်နဲ့ဆိုရင် ၁ နာရီလောက်ပဲ ပျံသန်းချိန်ရှိပေမယ့် ၁ နာရီကျော်အောင် ကြာလာတဲ့အထိ လေယာဉ်ဟာ ဒေလီလေဆိပ်ကို မဆင်းနိုင်သေးပါဘူး။ လေယာဉ်ပေါ်က လူတွေအားလုံးက ဘာများဖြစ်ပါလိမ့်လို့ သိုသောသိုလော ဖြစ်လာတဲ့အချိန်မှ လေယာဉ်မှူးက ဒေလီလေဆိပ်မှာ ရာသီဥတုအခြေအနေအရ ဆင်းလို့မရသေးပါဘူးလို့ ကြေငြာပါတယ်။ နောက်ထပ် မိနစ် ၃၀ လောက် လေထဲမှာပဲ ပတ်ပျံနေပြီးမှ ဒေလီလေဆိပ်ကို ဆင်းခွင့်ရသွားတယ်။ အချိန်ပိုစီးရတော့ လေယာဉ်ဆီပိုကုန်လို့ တန်တယ်လို့လည်း ယူဆလို့တော့ ရတာပေါ့လေ။ လေယာဉ်ဆင်းတဲ့အချိန် သတိထားကြည့်မိတော့ မြေပြင်နဲ့အတော် နီးလာတဲ့အချိန်အထိ မြူတွေကတော့ ကျနေတုံးပါပဲ မီတာ ၁၀၀ ကျော်လောက်ဆို ကောင်းကောင်း မမြင်ရချင်သေးဘူး။

New Delhi

လေယာဉ်ပေါ်က ဆင်းဆင်းချင်းပဲ နေ့ပိုင်း ၁၀ နာရီခွဲ ဖြစ်နေပေမယ့် ၉ ဒီဂရီလောက် အအေးဒဏ်နဲ့ နေရောင်မမြင်ရပဲ ဒေလီမြို့က ကြိုဆိုပါတော့တယ်။ ကိုယ်တို့မောင်နှမနဲ့ ဘာဒရီရဲ့အမျိုးသမီးက အနည်းဆုံးတော့ အပေါ်ပိုင်းမှာ Hoodie ကိုယ်စီနဲ့ဆိုတော့ နည်းနည်းခံသာပေမယ့် ဘောင်းဘီတို တီရှပ်ရယ်နဲ့ ခုန်ဆွခုန်ဆွ ဖြစ်နေတဲ့ ဘာဒရီကိုတော့ လေဆိပ်မှာရှိသမျှ လူအားလုံးက ဝိုင်းပြီးတော့ ကြည့်ကြပါတယ်။ ဒီအပူချိန်နဲ့ အပြင်မှာ ကြာကြာမနေနဲ့ ဟိုတယ်ကို မြန်မြန်ရောက်မှ ဖြစ်မယ်ဆိုပြီး Uber ခေါ်ပြီးတော့ ဟိုတယ်သွားဖို့ စီစဉ်ကြရတယ်။ Uber ဟာ ဒေလီမှာ အတော်လေး အသုံးများပါတယ် လေဆိပ်မှာပဲ Uber အတွက်သီးသန့် ကားရပ်စရာနေရာ လုပ်ပေးထားတာ သတိထားမိတယ်။ ရောက်လာတဲ့ Uber ကားက စီးဖူးခဲ့သမျှ Uber တွေထဲမှာ အစုတ်ဆုံးအဖြစ် စပြီးမြင်ဖူးတာပါပဲ လူပဲထိုင်လို့ရပြီး အိတ်တင်စရာ နေရာမပါတဲ့အတွက် လူပေါ်တင်ပြီးတော့ စီးခဲ့ရပါတယ်။

ဒေလီရဲ့ Traffic ကတော့ အတော်ကိုဆိုးပါတယ် Uber မောင်းတဲ့ ကားသမားကတော့ ပြောရှာပါတယ် မင်းတို့ရထားစီးသွားရင် ၁၅ မိနစ်ပဲကြာမှာ ကားနဲ့ကတော့ ၄၅ မိနစ်ကြာမယ်ဆိုတော့ ကားငှားစီးတဲ့ ဘာဒရီကို ၃ ယောက်သား ဝိုင်းကြည့်ကြတော့ မျက်နှာငယ်လေးနဲ့ ငါလည်း မြောက်ပိုင်းကို ဒါပထမဆုံး ရောက်ဖူးတာပဲဆိုတော့ အပြစ်တင်လို့လည်း မရတော့ပါဘူး။ ကားကြပ်တာအပြင် ဆိုးတာတခုက ကားတွေဆိုင်ကယ်တွေဟာ ဟွန်းအဆက်မပြတ် တီးကြပါတယ်။ ခဏဆိုရင်တော့ မသိသာပေမယ့် အချိန်ကြာတာနဲ့အမျှ ဟွန်သံကြားရင်ကို ခေါင်းကိုက်ချင်သလိုလို ဖြစ်လာပြီးတော့ အခံရခက်ပါတယ်။ ဟွန်းသံတွေတညံညံ လက်ဝဲကပ်မောင်းလား လက်ယာကပ်မောင်းလား ဘယ်လိုမှဝေခွဲလို့မရတဲ့ ဆိုင်ကယ်တွေ သုံးဘီးတွေ ဆိုက်ကားတွေနဲ့ လမ်းတွေကိုဖြတ်ပြီးတော့ ၁၁ ခွဲလောက်မှပဲ ဟိုတယ်ကို ရောက်ပါတော့တယ်။

ဧည့်ကြိုကောင်မလေးက နောက်ထပ် နာရီဝက်လောက်နေမှ Check-in လုပ်လို့ရမှာ အခုမရသေးဘူးပြောတယ်။ နာရီဝက်ဆိုလည်း ဘာမှမဖြစ်ပါဘူး ငါတို့တတွေ မနက်စာလည်း မစားရသေးတာ သွားစားပြီးတော့ စောင့်လို့ရတယ် အကြံပေးမိသေးတယ်။ ဘာဒရီက ငါ့နိုင်ငံအကြောင်း ငါသိပါတယ် ငါပြောမယ်ဆိုပြီး အဲဒါရင် Cancel လုပ်တော့မယ် ဒီနားလေးက ရှာလို့တွေ့သမျှ ဟိုတယ်တွေ ဝင်မေးမယ်လည်း ပြောလိုက်ရော အခုချက်ချင်း ဝင်လို့ရအောင် လုပ်ပေးမယ် ၅ မိနစ်ပဲစောင့်ဆိုပြီး အပေါ်ထပ်ကို ပြေးတက်သွားတော့တယ်။ ပြန်ဆင်းလာတော့ အခန်းရပြီပြောတယ် လိုက်ကြည့်ရင်းနဲ့ အခန်းမကြိုက်လို့ တခန်းပြန်လဲတာတောင် လဲစရာရှိတာဆိုတော့ ဪ.. သူ့အရပ်နဲ့သူ့ဇာတ် ဟုတ်ပေသားပဲလို့ နားလည်လိုက်တယ်။ ဟိုတယ်မှာလည်း နားချိန်မရပါဘူး နာရီဝက်အတွင်း မျက်နှာသစ်သွားတိုက် မျက်နှာသစ်တဲ့ရေက ရေခဲရေဖြစ်နေလို့ ရေချိုးဖို့နေနေသာသာ အိမ်သာတောင် ရဲရဲမတက်ရဲပါဘူး။ အဝတ်အစား ထူထူထဲထဲ ထပ်ဝတ်ပြီး မနက်နဲ့နေ့လည်စာ ပေါင်းပြီးစားရင်းနဲ့ အချိန်လေးရှိတုံး ဒေလီထဲက သွားစရာတွေကို သွားဖို့အတွက် ပြန်ထွက်လာခဲ့တယ်။

အစားအသောက်က ဒေလီမှာဆိုရင် မြောက်ပိုင်းက အစားအစာတွေဖြစ်တဲ့ နံပြားတို့ ရိုတီတို့များတယ်။ မဆလာကတော့ သူတို့အတွက်က သောက်ရေထဲတောင် ထည့်လို့ရရင် ထည့်ချင်ကြတဲ့ အမျိုးဆိုတော့ ဟင်းတွေကတော့ မဆလာနိုင်နိုင်နဲ့ပါ။ ဘာဒရီတို့လင်မယားက အသားမစားတဲ့ ဗြဟ္မဏတွေဆိုတော့ သူတို့တတွေ သားသတ်လွတ်တော့ ကိုယ်တွေလည်း သားသတ်လွတ်ပဲ စားဖြစ်ပါတယ်။ ကိုယ့်အတွက်က အသားပါမှဆိုတာမျိုး ရှိတဲ့လူမဟုတ်တော့ အဆင်ပြေရာစားပါတယ် အခက်အခဲမရှိပါဘူး။ အစားအသောက်မှာ အခက်အခဲမရှိပေမယ့် ငယ်ကတည်းက လက်နဲ့စားတဲ့ အကျင့်မရှိတဲ့အတွက် ဘယ်နေရာရောက်ရောက် လက်နဲ့စားရတာတခုပဲ နည်းနည်းပြဿနာရှိပါတယ်။ အစားအတွက်က Probiotics တဘူးဆောင်ပြီး စားချင်တာစားပေမယ့် အိန္ဒိယနိုင်ငံရဲ့ နာမည်ကြီးဖြစ်တဲ့ သောက်ရေကတော့ ဟိုတယ်ကနေ အလကားပေးတဲ့ရေ မသောက်ရဲတဲ့အတွက် ရေသန့်ဘူးပဲဝယ် သောက်ခဲ့ပါတယ်။

Masjid-i Jahan Numa - Jama Masjid

ဒေလီမှာလည်ဖို့အတွက် လူသိအများဆုံးက မဂိုအင်ပါရာ ဧကရာဇ် ရှားဂျဟန် (Shah Jahan) ဆောက်ခဲ့တဲ့ နန်းမြို့ဖြစ်တဲ့ Red Fort လို့ပဲပြောရမယ်။ Red Fort ကို သွားမယ်ဆိုပြီး ထွက်လာခဲ့ကြရင်းက Red Fort ကို အရင်မဝင်ပဲနဲ့ Red Fort နဲ့ မျက်နှာချင်းဆိုင်က Masjid-i Jahan Numa ဆိုတဲ့ ဗလီကြီးကို အရင်ဝင်ဖြစ်ခဲ့တယ်။ Masjid-i Jahan Numa က နာမည်အပြည့် အစုံဖြစ်ပေမယ့် အများစုကတော့ Jama Masjid လို့ပဲခေါ်တယ်။ Jama Masjid ကိုလည်း Red Fort ကို ဆောက်နေတုံးမှာ အလုပ်သမားတွေ ဝတ်ပြုလို့ရအောင်ဆိုပြီး ရှားဂျဟန်ပဲ ဆောက်ပေးခဲ့တာပါ။ ဗလီကိုဝင်တဲ့လမ်း တလျောက်မှာက မုန့်ပဲသွားရေစာကနေ ဖိနပ်အဝတ်အစားအထိ ရောင်းချကြတဲ့ စျေးတန်းကြီးကို ဖြတ်ပြီးသွားရတယ် ကိုယ့်ဆီမှာဆိုရင် ဘုရားစောင်းတန်းက စျေးတန်းကြီးလိုပဲပေါ့။ ကိုယ့်မျက်လုံးမှာ ဆန်းနေတာက လမ်းမှာတွေ့သမျှ အလုပ်လုပ်နေတာ ယောက်ျားတွေပဲ တွေ့မိပါတယ်။ စျေးတန်းထဲမှာ အမျိုးသမီး အသုံးအဆောင်တွေ ရောင်းနေတာလည်း ယောက်ျားကြီးတွေပါပဲ အမျိုးသမီးတွေ အလုပ်လုပ်နေတာ မမြင်သလောက်ရှားတော့ အိန္ဒိယဟာ တကယ့်မဟာပုရိဿ နိုင်ငံကြီးလို့ပဲ မြင်လာမိတယ်။

Masjid-i Jahan Numa - Jama Masjid

Jama Masjid ဗလီကြီးက အတော်ကိုကြီးသလို ရာခိုင်နှုံးအများစုက သဲကျောက်တွေနဲ့ပဲ ဆောက်ထားတော့ ထုထည်လည်း အတော်ကြီးပါတယ်။ ဗလီထဲကို ဝင်မယ်ဆိုရင် ဂိတ်တံခါးဝမှာ ဖိနပ်ချွတ်ခဲ့ရတယ် အကောင်းအဆိုးမရွေး တံခါးဘေးမှာပဲ ကိုယ်ပြန်ရှာရတာ လွယ်အောင်ပဲ မှတ်သားပြီးတော့ သင့်လျော်သလို ချွတ်ထားခဲ့ကြတာ သတိထားမိတယ် ဖိနပ်ပျောက်မယ်လို့ စိတ်ပူကြဟန်မတူဘူး။ လက်ရှိအနေနဲ့လည်း ဝတ်ပြုတဲ့လူတွေ သုံးနေဆဲဖြစ်တော့ ဗလီအထဲမှာ ဝတ်ပြုနေကြတဲ့ အမျိုးသားတွေရော အမျိုးသမီးတွေရာ အများကြီးတွေ့တယ်။ ဗလီရှေ့မှာရှိတဲ့ ခြေလက်သန့်စင်ဖို့အတွက် လုပ်ပေးထားတဲ့ ရေကန်ကြီးမှာလည်း ဝတ်ပြုမယ့်လူတွေ ခြေလက်သန့်စင် နေတာလည်းရှိတယ်။ ကိုယ့်ဆီမှာဆို မြင်ရခဲလွန်းတဲ့ ပန်းဆီရောင်တို့ လိမ္မော်ရောင်တို့နဲ့ လူအရောင်စုံ စပြီးတွေ့ရတော့ ဓာတ်ပုံရိုက်မယ့် လူတွေအတွက်က ရေငတ်တုံးရေတွင်းထဲ ကျသွားသလိုပဲ ဘယ်ကနေစပြီး ရိုက်ရမယ်ဆိုတာ ဇဝေဇဝါတောင်ဖြစ်တယ်။ မြင်မြင်သမျှရိုက်ရင်းနဲ့ ကိုယ့်ကဓာတ်ပုံ ချလပ်ဆိုပြီးရိုက်လိုက် အသံကြားလို့ ပုတီးစိတ်နေတဲ့လူက မျက်လုံးဖွင့်ကြည့်လိုက်နဲ့ နည်းနည်းကြာတော့ အားနာလာတာနဲ့ ဝတ်ပြုတဲ့လူတွေ အနှောက်အယှက် မဖြစ်အောင်လို့ ကင်မရာကို သိမ်းထားလိုက်ရတယ်။ ဗလီရဲ့ ဘေးတဘက်က မျှော်စင်ပေါ် တက်ကြည့်တယ်ဆိုရင် ဒေလီမြို့ကို အပေါ်စီးအနေနဲ့ မြင်ရတယ်ဆိုလို့ တက်ကြည့်ခဲ့သေးတယ်။

Red Fort

ဗလီထဲမှာ အတော်ကြာကြာ လှည့်ပြီးတော့ ကြည့်ရှု့ပြီးတော့ Red Fort ဘက်ကို ကူးခဲ့ကြတယ်။ Red Fort ရဲ့ မူရင်းနာမည်က Qila-i-Mubarak ဖြစ်ပေမယ့် သဲကျောက်နီတွေနဲ့ ဆောက်ထားတဲ့ မြို့ရိုးကိုအစွဲပြုပြီး Red Fort လိုပဲ လူအများခေါ်ပြီး မူရင်းနာမည်က ရှာဖွေပြီးတော့ ကြည့်တော့မှပဲ သိကြတော့တာပါ။ Red Fort ကို ရှားဂျဟန် ဆောက်ခဲ့တာဖြစ်ပြီး နန်းတော်ဆိုတာထက် ဧကရာဇ်ကနေစပြီး မူးကြီးမတ်ရာတွေအတွက် နေဖို့ထိုင်ဖို့ အဆောက်အဦးတွေ စျေးတွေစသည်ဖြင့် ထည့်ပြီးတော့ တည်ဆောက်ထားတဲ့ နန်းမြို့လို့ခေါ်ရမယ်။ Red Fort ဟာ မဂိုအင်ပါရာရဲ့ နောက်ဆုံးဧကရာဇ်နေခဲ့တဲ့ နန်းတော်လည်း ဖြစ်သလို အင်္ဂလိပ်တွေက အိန္ဒိယတနိုင်ငံလုံးကို ကိုလိုနီအဖြစ် ဗြိတိသျှအင်ပါယာအောက် သွပ်သွင်းလိုက်တယ်လို့ ကြေငြာခဲ့တဲ့ နေရာဆိုလည်း ဟုတ်တယ်။ အခုအချိန်အထိလည်း နိုင်ငံတော် အခမ်းနားအတွက် အသုံးပြုနေတုံးပဲတဲ့ လွတ်လပ်ရေးနေ့ဆိုရင် အိန္ဒိယဝန်ကြီးချုပ်ဟာ အလံတင်အခန်းအနားနဲ့ မိန့်ခွန်းပြောတာ Red Fort မှာပဲ လုပ်တယ်လိုဆိုတယ်။

Red Fort ရှေ့က သဲကျောက်အနီတွေနဲ့ မြို့ရိုးကြီးရှေ့ကိုရောက်တော့ အရှေ့တောင်အာရှက နန်းတော်တွေပဲ မြင်ဖူးတဲ့ကိုယ့်အဖို့ အားတောင်ငယ်မိတယ်။ ကိုယ်အရင်းနီးဆုံးဖြစ်တဲ့ မန္တလေးမြို့ရိုးကို Red Fort နဲ့ ယှဉ်ကြည့်ရင် ခိုင်ခန့်မှု့အရပဲ ကြည့်ရင်တောင် ခြံစည်းရိုး အကြီးစားလောက်ပဲ ရှိတယ်ပဲပြောရမယ်။ Red Fort ထဲမှာရှိတဲ့ ဘုရင်ရဲ့အိပ်ဆောင်တွေ ရာသီအလိုက် စံနန်းဆောင်တွေ ရာဇပလ္လင်ရှိတဲ့ လွှတ်တော်ဆောင်တွေ အများစုတွေက စကျင်ကျောက် အဖြူရောင်တွေနဲ့ ဆောက်ထားတာတွေ့တယ်။ လွှတ်တော်လိုနေရာက စကျင်လက်ရာတွေက အတော်ကြီးကို အနုစိတ်တာ မြင်နိုင်ပါသေးတယ်။ အင်္ဂလိပ်တွေ အဖိုးတန်တာမှန်သမျှ အကုန်ယူသွားတာတောင် ဒီလောက်အထိ ကျန်သေးတယ်ဆိုတော့ မူရင်းအချိန်က ဘယ်လောက်များ ရှိလိမ့်မယ်လို့ ကိုယ်မှန်းမကြည့်တတ်ဘူး။ ကျန်ရှိနေသေးတဲ့ အဆောက်အဦးတွေရယ် တည်ဆောက်ထားတဲ့ နည်းပညာတွေရယ်ကို မြင်လိုက်ရတော့ ကိုယ်တွေဆိုတာ မရှိရှိတာလေးတွေနဲ့ ဂုဏ်ယူနေကြတဲ့ ဘဝတွေပါလားလို့ ပြန်စဉ်းစားမိတော့ ဆင်းရဲသားမာနတွေ အတုံးလိုက်ကျမိတယ်။

Red Fort

ကိုယ်နဲ့ပါလာတဲ့ ဘာဒရီကတော့ Audio Guide လေး နားထောင်လိုက် ကိုယ်တွေကို ရှင်းပြလိုက်နဲ့ အလုပ်ရနေတယ်။ ဒီဟာတွေက မွတ်စလင်တွေ ဝင်လာတဲ့အခါ ပါလာခဲ့တဲ့ ပါရှားလက်ရာတွေ အိန္ဒိယလက်ရာ အစစ်တွေမဟုတ်ဘူးတဲ့။ တောင်ပိုင်းရောက်မှ အိန္ဒိယလက်ရာ အစစ်တွေပြမယ်ဆိုတော့ မော်ဒန်နဲ့တင် ဒီလောက်တောင် စိတ်ဓာတ်ကျနေရရင် မူရင်းလက်ရာမြင်ရရင် ဘယ်လိုရှိမယ်ကိုယ်လည်း မပြောတတ်တော့ဘူး။ ကိုယ့်ကိုရှင်းပြနေရင်းနဲ့ မဂိုနောက်ဆုံး ဧကရာဇ်ဖြစ်တဲ့ ဗဟာဒူးရှားဇဖား (Bahadur Shah Zafar) အကြောင်းရောက်ပြီး စစ်ဗာရီပုန်ကန်မှု့ အပြီးနောက်ပိုင်းမှာ အင်္ဂလိပ်တွေကဖမ်းပြီး တခြားပို့လိုက်တယ်ဆိုပြီး Audio Guide က ပြီးသွားတယ်။ သူ့အကြောင်းတော့ ငါဆက်ပြောမယ်လို့ ဖမ်းပြီးတော့ ရန်ကုန်ပို့လိုက်တာ သူ့ရဲ့အုတ်ဂူဟာ ရွှေတိဂုံဘုရားနားမှာရှိတယ် ငါမကြာခဏ ဖြတ်သွားဖူးတယ်လို ပြောပြလိုက်တော့ နောက်တခါရန်ကုန် သွားတယ်ဆိုရင် သူ့ကိုခေါ်ပါဆိုလို့ လိုက်ခဲ့လို့တောင် ပြောခဲ့သေးတယ်။

Red Fort ကနေ Swaminarayan Akshardham ဘုရားကျောင်းဆိုပြီး နောက်ထပ်တနေရာ သွားကြမယ်ဆိုပြီး မြေအောက်ရထားစီးပြီး သွားဖြစ်တယ်။ ဒေလီရဲ့ မြေအောက်ရထားက စင်္ကာပူနဲ့သိပ်မကွာပါဘူး သန့်ရှင်းမှု့လောက်ပဲ အနည်းအများကွာတယ်။ လုံခြုံရေးစစ်တာရှိတော့ ရထားဘူတာထဲ ဝင်တဲ့အခါမှာ အထုတ်တွေ အများကြီးပါရင် အတော်လေး ကြာတတ်တယ်။ ဘုရားကျောင်းကိုရောက်တော့ အဝင်ဝမှာတင် ပါတဲ့အိတ်တွေ အကုန်အပ်ရတယ် မိုဘိုင်းဖုန်းတောင် ယူခွင့်မပေးပါဘူး။ ရှေးဟောင်း ဘုရားကျောင်း မဟုတ်ပါဘူး ခြံဝင်းအကျယ်ကြီးထဲမှာ စကျင်ကျောက်တွေနဲ့ ခမ်းခမ်းနားနား ဆောက်ထားတာ သတိထားမိတယ်။ ရှေးဟောင်း မဟုတ်ပေမယ့် လက်ရာတွေက အသေးစိတ်သလို ခေတ်မှီနည်းပညာတွေ သုံးထားပါတယ်။ ညပိုင်း ၇ နာရီမှာ ရေပန်းပြပွဲရှိလို့ ကြည့်ခဲ့သေးတယ် စင်္ကာပူရောက်စ ဆန်တိုစာထဲက ရေပန်းမီးထွန်းပြတာပဲ အကောင်းဆုံးမြင်ဖူးတာ ဘုရားကျောင်းထဲက ရေပန်းပြပွဲဟာ အဲဒါထက် အနည်းဆုံး ၅ ဆလောက် သာနိုင်ပါတယ်။ မိုဘိုင်းဖုန်းပါ သိမ်းထားလိုက်တော့ နမူနာပြစရာအဖြစ် ဓာတ်ပုံတပုံတောင် မပါလာခဲ့ပါဘူး။

India Gate

ညပိုင်း ၈ နာရီကျော်လောက်မှာ ဘုရားကျောင်းကနေ ရေပန်းပြပွဲပြီးလို့ ပြန်လာရင်းနဲ့ ဘာဒရီက India Gate ကို လွတ်လပ်ရေးနေ့မှာပဲ တီဗီထဲမှာမြင်ဖူးလို့ ရောက်တုံးရောက်ခိုက် အပြင်မှာလည်း မြင်ဖူးချင်တယ်ဆိုလို့ သွားဖြစ်ကြသေးတယ်။ ကိုယ့်အတွက်ကတော့ India Gate ဟာ ထူးထူးဆန်းဆန်း ဘာမှမဟုတ်ပါဘူး အလှည့်ကျစောင့်တဲ့ စစ်သားတွေနဲ့ မီးထွန်းထားတဲ့ မုဒ်ဦးအကြီးကြီးတခုပါပဲ။ ကိုယ့်ဆီမှာဆိုရင်တော့ သူရဲကောင်ဗိမာန်လိုမျိုး အလားတူမျိုးပဲပေါ့။ ဘာမှကြည့်စရာမရှိလည်း နေရာအနှံ့မှာရှိတဲ့ မုန့်သည်တွေဆီက မုန့်ဝယ်စားလိုက် လက်ဖက်ရည် ဝယ်သောက်လိုက်နဲ့ ၁၀ နာရီကျော်သွားမှ နောက်နေ့မနက်အစောကို အာဂရာ (Agra) ဘက်ကို သွားရမှာဖြစ်လို့ နားမှရမယ်ဆိုပြီး ဟိုတယ်ကို Uber နဲ့ငှားပြီးတော့ ပြန်လာခဲ့ကြတယ်။ အလျင်လိုမှ အနှေးဖြစ်ဆိုသလို Uber ကားသမားဟာ ကိုယ့်ကိုလာကြိုရင်း မရပ်ရတဲ့နေရာမှာ ရပ်မိတဲ့အတွက် ရဲဖမ်းတာခံရတယ် ရူပီး ၁၀၀ ထုတ်ပေးလိုက်တော့မှ ရဲကလွှတ်ပေးတယ်။ ဟိုတယ်ပြန်ရောက်တော့ ၁၂ နာရီလည်းထိုး လူတွေလည်း ပင်ပန်းပြီဆိုတော့ လှဲလိုက်တာနဲ့ အိပ်ပျော်တော့တာပါပဲ။

comments powered by Disqus