Calm Hill My Random Thoughts

အိန္ဒိယခရီးစဉ် (၃)

အိန္ဒိယမှာ မိုဘိုင်းဖုန်းကဒ်က ကိုယ့်နိုင်ငံမှာလို မလွယ်ပါဘူး ပတ်စပို့စာအုပ်နဲ့ ဓာတ်ပုံတပုံနဲ့ လျှောက်ဖို့လိုပါတယ်။ စျေးနှုန်းအရ ရက် ၃၀ ကို နေ့စဉ် 1 GB Data နဲ့ Plan ကို ရူပီး ၅၀၀ ဆိုတော့ မြန်မာငွေ ၁ သောင်းလောက်ပဲ ကျသင့်ပါတယ်။ လျှောက်ပြီးရင်တော့ ၁၂ နာရီလောက် စောင့်ပြီးတဲ့အချိန်မှ Activation လုပ်ဖို့အတွက် အော်ပရေတာကို ဖုန်းခေါ်ပြီး Activate လုပ်ခိုင်းဖို့လိုပါတယ်။ ရောက်တဲ့ရက်က Roaming ဖွင့်ပြီးတော့ Uber ခေါ် နေကြရတာပါ ညီမဖြစ်သူနဲ့ ဘာဒရီတို့ရဲ့ အလုပ်က Telco ဖြစ်သလို ဝန်ထမ်းတွေအတွက် အလကားပေးထားတဲ့ Oversea Quota တွေရှိတော့ သူတို့ရဲ့ဖုန်းကို ကပ်သုံးလို့ရတော့ အခက်အခဲရယ်တော့ မဟုတ်ခဲ့ပါဘူး။ ရောက်ကာစနေ့က တနေကုန်တဲ့အထိ Activate လုပ်လို့မရသေးလို့ နောက်နေ့မနက်မှပဲ ကမ္ဘာကြီးနဲ့ အဆက်အသွယ်ပြန်ရပြီး ဖလန်းဖလန်း ထကြရပါတယ်။

ရောက်တုံးရောက်ခိုက် ရထားစီးရတဲ့ အတွေ့အကြုံရအောင် ဒေလီ (Delhi) ကနေ အာဂရာ (Agra) ကို ရထားနဲ့သွားဖို့ စီစဉ်ထားတယ်။ အာဂရာကိုသွားတဲ့ ရထားတွေထဲမှာ အိန္ဒိယမှာ အမြန်ဆုံးရထားတဲ့မှာ အပါအဝင်ဖြစ်တဲ့ Gatimaan Express နဲ့သွားဖြစ်ပါတယ်။ ရထားလက်မှတ်မှာ အဲကွန်းနဲ့ထိုင်ခုံတွဲဟာ ရူပီး ၇၅၀ လောက်ကျပါတယ် မနက် ၈:၁၀ မှာ ဒေလီမြို့ရဲ့ Hazrat Nizamuddin ဆိုတဲ့ ဘူတာရုံကနေထွက်ပြီး အာဂရာကို ဆယ်နာရီလောက်မှာ ရောက်လေ့ရှိတယ်။ ဟိုတယ်ကနေ ၆ နာရီခွဲလောက် Check-out ထွက်ပြီးတော့ Uber နဲ့ပဲ ရထားဘူတာကို ထွက်ခဲ့ကြတယ်။ ရထားဘူတာဖြစ်လို့ လူမျိုးပေါင်စုံ လူတန်းစားပေါင်းစုံ တွေ့ခွင့်ရပါတယ် ကားငှားပြီးပဲ သွားနေမယ်ဆိုရင် တွေ့ခွင့်ရမှာ မဟုတ်ပါဘူး။

Hazrat Nizamuddin Station

ကိုယ်စီးရမယ့် ရထားတွဲကို လိုက်ရှာလို့တွေ့တော့ အိတ်တွေကိုနေရာချ ထိုင်ခုံတွေကို အကဲခတ်ကြည့်တော့ အသစ်မဟုတ်ပေမယ့် အတော်လေးကို ကောင်းကောင်းမွန်မွန် သန့်သန့်ရှင်းရှင်းရှိပါတယ်။ နိုင်ငံခြားသားတွေပဲ အများဆုံးတွေ့ရလို့ သာမန်လူတန်းစားတွေ စီးလေ့စီးထရှိတဲ့ ရထားတော့ ဖြစ်ဟန်မတူပါဘူး။ နည်းနည်းစောနေတော့ ရထားပေါ်ကနေ ပြန်ဆင်းလိုက်ပြီး ဘူတာရုံထဲမှာ မုန့်ဝယ်စားလိုက် ဓာတ်ပုံရိုက်လိုက်နဲ့ အချိန်ဖြုန်းရပါတယ်။ ခရီးလမ်းတလျှောက် ရထားပေါ်မှာ အကျွေးအမွေးပါတယ် ဖွယ်ဖွယ်ရာရာ ကိတ်မုန့်နဲ့ ပေါင်မုန့်တခုစီကို ထောပတ်ရယ် ဂျမ်ရယ်နဲ့ အသီးဖျော်ရည်တခွက် ရေတဘူးပေးတယ်။ နောက်ပြီးတော့ Uttapam လို့ခေါ်တဲ့ မုန့်ပျားသလက်နဲ့ ခပ်ဆင်ဆင်တူတဲ့ မုန့်တခုရယ် Rava Pongal လို့ခေါ်တဲ့ ရွှေကြည်နဲ့ လုပ်ထားတဲ့ မနက်စာရယ် သီးစုံချဉ်ရည်တခွက်ရယ် ပေးပါတယ်။ အဆုံးသတ်အနေနဲ့ ကော်ဖီဒါမှမဟုတ် လက်ဖက်ရည်တခွက် တိုက်ပါသေးတယ်။

ရထားပေါ်ကနေ လမ်းဘေးဝဲယာက မနက်ခင်းအစောမှာ မြူတွေဆိုင်းနေလို့ ကောင်းကောင်း မမြင်ရပါဘူး မြင်ရသလောက်က ကိုယ့်နိုင်ငံက ရွာလေးတွေလိုရယ် ယူကလစ်ပင်တွေရယ်ပဲ ခပ်ရေးရေးမြင်ရပါတယ်။ ရာသီဥတုကတော့ အတော်အေးတယ် ရထားပေါ်က ပေးထားတဲ့ သတင်းစာကို ဖတ်ကြည့်မိမှ ကိုယ်ရောက်တဲ့ရက်က ၁၅ နှစ်အတွင်း ဒေလီမှာ အအေးဆုံးအဖြစ် စံချိန်တင်တဲ့နေ့အဖြစ် သိလိုက်ရတယ်။ သူတို့ဆီကသတင်းစာက ကြော်ငြာစာရွက်မှာ ကိုယ့်ဆီမှာမမြင်ရတဲ့ သတို့သမီးနဲ့ သတို့သားရှာပုံတော်ဖွင့်တဲ့ ကြော်ငြာတွေ အများကြီးတွေ့တယ်။ ကြော်ငြာတွေမှာ အသားအရောင် အရပ်အမောင်းကနေ အစ်မဖြစ်သူက အရာရှိဖြစ်သူနဲ့ လက်ထပ်သွားလို့ အရာရှိနဲ့မှ ဖြစ်မယ်ဆိုတာအထိ ဖတ်ကြည့်ရင်းနဲ့ ပျင်းချိန်မရလိုက်ရပဲ အာဂရာကို မနက် ၁၀ နာရီလောက်မှာ ရောက်သွားပါတော့တယ်။ ရထားပေါ်ကအဆင်း အာဂရာဘူတာကနေ ရထားပေါ်တက်မယ့် လူအုပ်ကြီးဟာ အပေါ်ကလူတွေ ဆင်းမလာခင်မှာပဲ အတင်းလုတက်လို့ အိတ်နဲ့အတင်းတွန်းတိုက်ပြီး အောက်ရောက်အောင် ဆင်းရတဲ့အတွက် အိန္ဒိယနိုင်ငံရဲ့ ရထားစီးအတွေ့အကြုံ တကယ်ရခဲ့ပါတယ်။

Train

အာဂရာမှာ ညအိပ်ဖို့အတွက် အစီအစဉ်မရှိသလို ၁၀ နာရီလည်း ထိုးနေပြီဖြစ်လို့ တပ်ဂျ်မဟာ (Taj Mahal) ကို Uber ငှားပြီးတော့ တက်သုတ်ရိုက်ပြီး သွားရတော့တယ်။ Uber ကားသမားက တပ်ဂျ်မဟာကို ရောက်ပြီဆိုပြီး လမ်းဒေါင့်တနေရာကို ရပ်ပေးလိုက်တော့ သုံးဘီးနဲ့လန်ချားလေးတွေက တပ်ဂျ်မဟာ အတွင်းဘက်အထိ သွားဖို့ဆိုပြီး ဝိုင်းလာကြပါရော။ လန်ချားစီးကြမလားမေးတော့ ကိုယ့်စိတ်ထဲမှာ သုခမြို့တော် (City of Joy) မျက်လုံးထဲ ပေါ်တဲ့အတွက် မစီးပါစေနဲ့လို့ ငြင်းရပါတယ်။ ဘာဒရီက ကားသမားကို ငါ့တို့အထဲထိ မောင်းပေးဆိုတော့ ဝင်လို့မရဘူးပဲ အတင်းပြောနေတော့ အဲဒါဆိုရင် ဟုတ်မဟုတ်ကို ရဲကိုသွားမေးမယ်ဆိုပြီး ကားပေါ်က ဆင်းမယ်လုပ်တော့မှ အနောက်ဘက် အပေါက်ကဆိုရင် နီးတယ်ဆိုပြီးတော့ ဖြစ်သွားပြီးတော့ လက်မှတ်ရောင်းတဲ့ ကောင်တာရှိတဲ့ဘက်ကို မောင်းပို့ပေးပါတယ်။ အိန္ဒိယမြောက်ပိုင်းမှာ ကိုယ်တွေအတွက် ဘာသာစကားက အတော်လေး အခက်အခဲရှိတယ် အင်္ဂလိပ်လို့ပြောလို့ အဆင်မပြေပါဘူး။ ဘာဒရီတို့က အိန္ဒိယတောင်ပိုင်း တမီနာဒူးဇာတိ ဖြစ်တဲ့အတွက် တမီလိုပဲပြောတတ်တော့ ရန်ဖြစ်တာတောင် မနည်းကြိုးစားပြီး ဟင်ဒီလိုပဲ မီးကျိုးမောင်းပျက် ဖြစ်ရရှာပါတယ်။

တပ်ဂျ်မဟာမှာတော့ ဧည်သည်တွေ အတော်များပါတယ် လက်မှတ်ကောင်တာမှာတင် လူတန်းကြီးဟာ အရှည်ကြီးပဲရှိပါတယ်။ သတိထားမိတာက နိုင်ငံခြားသားထက် နိုင်ငံသားတွေပိုများပါတယ်။ ဘာဒရီတို့ ၂ ယောက်က နိုင်ငံသားဖြစ်တော့ လက်မှတ်ကဈေး သက်သာပါတယ်။ ကိုယ်တို့မောင်နှမတော့ နိုင်ငံခြားသားတန်း လိုက်ပြီးရှာရင်းနဲ့ Visa/Master နဲ့ ပေးတဲ့အတန်းမှာ လူနည်းတဲ့အတွက် အချိန်ကြာကြာ တန်းမစီလိုက်ရလို့ အချိန်မကုန်လိုက်ပါဘူး။ တပ်ဂျ်မဟာရဲ့ ဝင်ကြေးက ဂူဗိမာန်ထဲအထိ ဝင်မယ်ဆိုရင် နိုင်ငံခြားသားဆိုရင် ရူပီး ၁၄၀၀ လောက်ကျပါတယ်။ ဘယ်နိုင်ငံရောက်ရောက် အခွင့်အလမ်းနည်း မျက်နှာငယ်ကြရတဲ့ မြန်မာနိုင်ငံက ပါ့စပို့စာအုပ်ဟာ တပ်ဂျ်မဟာ ရောက်တဲ့အခါမှာတော့ မျက်နှာပန်းပွင့်ပါတယ်။ ထိုင်းနိုင်ငံသားနဲ့ မြန်မာနိုင်ငံသားဆိုရင် ပါ့စပို့ပြလိုက်တာနဲ့ ဝင်ကြေးဟာ ရူပီး ၇၀၀ လောက်ပဲ ပေးဖို့လိုအပ်ပါတယ်။ ဝင်ခွင့်လက်မှတ်ကို ရေသန့်တဘူးနဲ့ ဂူဗိမာန်ထဲဝင်ရင် ဖိနပ်ပေါ်ကနေ စွပ်ဖို့အတွက် ဖိနပ်အစွပ်တခုနဲ့ ထုတ်ပေးပါတယ်။ ပစ္စည်းကြီးကြီးမားမား သယ်သွားလို့မရပဲ ပစ္စည်းအပ်ရမယ့် အခန်းတွေမှာ အပ်ခဲ့ဖို့လိုပေမယ့် ကင်မရာနဲ့ဖုန်းတော့ ယူခွင့်ပေးပါတယ်။

တပ်ဂျ်မဟာ ထဲမှာတော့ Red Fort မှာလို Audio Guide မရှိပေမယ့် ဧည့်လမ်းညွှန်လုပ်နေတဲ့ လူတွေကတော့ အများကြီးတွေ့ပါတယ်။ ကိုယ့်ဟာကိုယ်ဆိုရင် နားမလည်ပဲနေမယ်ဆိုပြီး လမ်းညွှန်တယောက်ကို ရူပီး ၅၀၀ နဲ့ ဈေးဆစ်ပြီး ငှားလာခဲ့တယ်။ အထဲကိုမဝင်ခင်မှာ အပြင်မှာရှင်းပြစရာ ရှိတာလေးတွေ အရင်ရှင်းပြမယ်ဆိုပြီး တပ်ဂျ်မဟာရဲ့ အပြင်ဘက်တံတိုင်းက အခန်းလေးတွေက ရှားဂျဟန်လက်ထက်က တပ်ဂျ်မဟာကို လာပြီးတော့ ကြည့်ကြတဲ့လူတွေ တည်းခိုချင်တယ်ဆိုရင် အဲဒီနေရာလေးတွေမှာ တည်းနိုင်ဖို့အတွက် လုပ်ထားတာလို့ ဆိုပါတယ်။ တပ်ဂျ်မဟာရဲ့ နံရံတွေမှာရေးထားတဲ့ ပန်းကနုတ်တွေ အာရဗီစာတွေဟာ ဆေးနဲ့ရေးထားမဟုတ်ဘူး စကျင်ကျောက်အဖြူပေါ်မှာ သက်ဆိုင်ရာ ဆေးအရောင်လိုက် အစိမ်းအတွက်ဆို ကျောက်စိမ်း အနက်အတွက်ဆို မဟူရာစသည်ဖြင့် ကျောက်တွေမြုပ်ထားတဲ့အတွက် တပ်ဂျ်မဟာကို ဆေးသုတ်စရာ မလိုပါဘူးဆိုပြီး နံရံတွေကိုပြပါတယ်။

Taj Mahal Gate

တပ်ဂျ်မဟာရဲ့ ဂိတ်ကိုဖြတ်ပြီး အထဲကိုလည်းဝင်လိုက်ရော ဧည့်လမ်းညွှန်သမားက ကိုယ်တွေလူအုပ်ကို နိုင်ငံခြားသားတွေ အများကြီး စုစုစုစုဖြစ်နေတဲ့ တံခါးဒေါင့်နားကို ခေါ်သွားပြီးတော့ ထပ်းပြီးရှင်းပြပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ဧည့်လမ်းညွှန်တယောက် ညဘက်ကိုခိုးဝင်ပြီးတော့ ဂူဗိမာန်ထဲက အလင်းပေါက်တဲ့ စကျင်ကျောက်တွေကို ဧည့်သည်တွေ ဓာတ်မီးနဲ့ထိုးပြတာ ဖမ်းမိသွားတဲ့အတွက် ဧည့်လမ်းညွှန်တွေကို ဂူဗိမာန်ထဲကို ပေးမဝင်တော့ဘူးတဲ့။ သူကတော့ဒီမှာ စောင့်နေရစ်ခဲ့မယ် ကိုယ့်ဟာကိုယ် ဝင်ရပါလိမ့်မယ် သူ့ကိုရှင်းပြခကို ဒီနေရာမှာ ပေးရမယ်လုပ်တော့ ရှင်းပြတာမှ ၅ မိနစ်တောင် မရှိသေးဘူး ရူပီး ၅၀၀ မပေးနိုင်ဘူး။ မင်းဝင်လို့မရတာ ဟုတ်မဟုတ်ကို ရဲကိုမေးမယ် လိုက်ခဲ့ဆိုတော့ မောင်မင်းကြီးသား အတင်းငြင်းပြီးတော့ တပြားမှလည်း မပေးနဲ့တော့ဆိုပြီး ထွက်သွားတော့တယ်။

Taj Mahal

တပ်ဂျ်မဟာအကြောင်းက ပြောမယ်ဆိုရင် အများကြီးပြောရမယ် ကိုယ့်ဟာကိုယ် ရှာဖတ်ကြည့်လည်း ရမှာဖြစ်နေတော့ ဆက်မပြောတော့ဘူး။ ရှာဖွေဖတ်ကြည့်လို့ မရနိုင်တာတွေကို ဆက်ပြီးပြောရမယ်ဆိုရင် ဘယ်နိုင်ငံပဲဖြစ်ဖြစ် ကိုယ်မြင်ခဲ့ဖူးတာက စုံတွဲတွေမှာ ဓာတ်ပုံရိုက်မယ်ဆိုရင် အမျိုးသားတွေကပဲ ရိုက်ပေးကြတာ မြင်နေကျဖြစ်ပေမယ့် အိန္ဒိယမှာတော့ ဓာတ်ပုံအရိုက်ခံတာက အမျိုးသားတွေဖြစ်ပြီးတော့ အမျိုးသမီးတွေက ရိုက်ပေးတာပဲ တွေ့တာများပါတယ်။ ဓာတ်ပုံအရိုက်ခံတဲ့ ပုံစံတွေကလည်း တကယ့်ကိုအစုံပဲ မတ်တတ်တမျိုး စောင်းလျက်တဖုံ ကြမ်းပေါ်မှာ လူးလှိမ့်ပြီးတော့ ရိုက်ကြတာလည်းရှိတယ် သူတို့အတွက်ကတော့ မြင်နေကျတွေ ဖြစ်ဟန်တူတယ် ဘယ်သူမှလည်း အံ့ဩကြဟန်မရှိဘူး ကိုယ်တွေမှာသာ မမြင်ဖူးတာတွေ မြင်နေရတော့ အတော်ကို တအံ့တဩဖြစ်ရတယ်

Agra Fort

တပ်ဂျ်မဟာမှာ အချိန်အတော်လေး ကုန်သွားတဲ့အတွက် Agra Fort ကို ရောက်တဲ့အချိန်မှာ ၃ နာရခွဲလောက် ရှိနေပါပြီ။ ကိုယ်တွေအဖွဲ့က အာဂရာမှာညအိပ်ဖို့ အစီအစဉ်မရှိတော့ တယောက်ကို ခရီးဆောင်အိတ်တလုံး ကျောပိုးအိတ်တလုံး ကိုယ်စီနဲ့ဆိုတော့ သွားရလာရတာ သိပ်ပြီးခရီးမတွင်ပါဘူး။ အိန္ဒိယမှာ တခုအဆင်ပြေတာက ဘယ်နေရာပဲဝင်ဝင် အိတ်တွေကိုအပ်စရာ ရှိတာလေးက အတော်အဆင်ပြေတယ်။ Agra Fort ကို ဒေလီက Red Fort လိုပဲ သဲကျောက်အနီတွေနဲ့ ဆောက်ထားတဲ့အတွက် Red Fort လို့ပဲ ခေါ်ကြတာရှိတယ်။ Agra Fort ကတော့ မဂိုမင်းဆက်တွေရဲ့ နန်းတော်အဖြစ် အစဉ်အဆက်သုံးခဲ့တဲ့ နေရာဖြစ်တဲ့အတွက် ဒေလီက Red Fort ထက် တည်ဆောက်ခဲ့တာ အချိန်စောပါတယ်။

မဂိုမင်းတွေ အဆက်ဆက် သူတို့စိတ်ကျရာ ပြင်လာကြတာဆိုတော့ ဒေလီက Red Fort လို ပါရှားလက်ရာတွေပဲ မဟုတ်သလို အိန္ဒိယလက်ရာ အစုံပါတယ်လို့ ပြောရမယ်။ ကိုယ်တွေငယ်ငယ်က ၅-၆ တန်း သမိုင်းစာအုပ်ထဲမှာ သင်ခဲ့ကြရတဲ့ အက်ကဘာ (Akbar) ဘုရင်ကြီးတို့ တိုင်းသူပြည်သားတွေ ဘုရင်ဆီကို တိုက်ရိုက်တိုင်လို့ ရအောင်ဆိုပြီး နန်းတော်လေသာဆောင်နဲ့ ယမုံနာမြစ်ကမ်းကို ခေါင်းလောင်းကြိုးနဲ့ သွယ်ထားပေးတဲ့ ပုံပြင်စာအုပ်တွေထဲက ဂျဟန်ဂီး (Jahangir) ဘုရင်ကြီးတို့ဆိုတာက Agra Fort မှာ နေခဲ့ကြတဲ့ မဂိုမင်းဆက်တွေပေါ့။ Agra Fort မှာ ရှားဂျဟန်ဘုရင်ကြီး တပ်ဂျ်မဟာကို ကြည့်ဖို့အတွက် ဆောက်ထားတဲ့ နေရာတွေကနေ စပြီးတော့ သူ့အဘိုးအဘေးတွေ လက်ထက်က ဆောက်ထားတဲ့ အဆောင်တွေ အထိရှိတယ်ဆိုတော့ အတော်လေး ကြည့်စရာများတယ်။ လှည့်ပတ်ကြည့်ရင်းနဲ့ အချိန်ကုန်မှန်းမသိ ကုန်သွားပြီးတော့ ညနေ ၆ နာရီလောက် နေဝင်ပြီဆိုပြီး ပိတ်တဲ့အချိန်မှပဲ ပြန်ထွက်လာခဲ့တယ်။

Faluda

အာဂရာကနေ ဟာရေဝါ (Haridwar) ဆိုတဲ့နေရာကို ခရီးဆက်ဖို့အတွက် ဆက်သွယ်ထားတဲ့ ခရီးသွားကုမ္ပဏီနဲ့ ညပိုင်း ၈ နာရီမှ ချိန်းထားတဲ့အတွက် အချိန်နည်းနည်းပိုလို့ အာဂရာမြို့ထဲက ညဈေးတန်းမှာပဲ လျှောက်သွားရင်းနဲ့ အချိန်ဖြုန်းကြတယ်။ အချိန်ဖြုန်းတယ်ဆိုပေမယ့် မုန့်သည်တွေက များလွန်းတဲ့အတွက် တဆိုင်ဝင်တဆိုင်ထွက် စားလိုက်ကြရင်းနဲ့ အချိန်မလောက်လို့ ဆိုင်စုံအောင်မစားခဲ့ရပဲ ညပိုင်း ၈ နာရီထိုးခါနီးမှာ ခရီးသွားကုမ္ပဏီကနေ ငှားထားတဲ့ကားနဲ့ အချိန်းအဆက်ပြုထားတဲ့ အာဂရာဘူတာကို သုတ်ခြေတင်ကြ ရပါတော့တယ်။

comments powered by Disqus