Calm Hill My Random Thoughts

ဌာပနာထုပ် ပူပူလေး

အရင်တပတ်က ရုံးပိတ်ရက်ရှည်တာနဲ့ ဟင်းချက်မယ်ဆိုပြီး ဟင်းထုပ်တို့ ငါးပေါင်းတို့ လုပ်ဖို့အတွက် အိမ်အောက်နားက အိမ်ဆိုင်လေးကနေ ငှက်ပျောဖက်တွေ မှာထားလိုက်မိတယ်။ ဆိုင်ရှင်အစ်မကြီးက ငှက်ပျောဖက် ၃ ရွက်မှာထားတာ အဆစ်အနေနဲ့ ၅ ရွက်ပေးလိုက်တော့ ဟင်းချက်ပြီးတာတောင် ငှက်ပျောဖက်တွေက အတော်ပိုနေတာနဲ့ အလကားမဖြစ်ရအောင် မုန့်လုပ်ဦးမယ်ဆိုပြီး ဌာပနာထုပ် လုပ်ဖြစ်တယ်။ အညာကလူတွေက ဌာပနာထုပ်ဆိုရင် မထူးဆန်းပေမယ့် အောက်ပြည်အောက်ရွာကလူတွေ နားလည်အောင် အနက်ဖွင့်မယ်ဆိုရင် ထူးထူးဆန်းဆန်း မဟုတ်ပါဘူး မုန့်ဖက်ထုပ်ကို ပြောတာပါ။

ဌာပနာထုပ်

ဌာပနာထုပ်အတွက် လိုအပ်တဲ့ပစ္စည်းတွေက

  1. အုန်းသီးခြစ်ပြီးသား
  2. ထန်းလျက် (သို့) သကြား
  3. ဆန်မှုန့်
  4. ကောက်ညှင်းမှုန့်
  5. ဆား
  6. ငှက်ပျောဖက်

ဌာပနာထုပ်အတွက် ပထမအဆင့်အနေနဲ့ မုန့်သားကိုနယ်ရမယ်။ ခက်ခက်ခဲခဲ မဟုတ်သလို ဂျုံနယ်သလို ပင်ပင်ပန်းပန်း နယ်ဖို့လည်း မလိုအပ်ပါဘူး။ ကောက်ညှင်းမှုန့် ၂ ဆ ဆန်မှုန့် ၁ ဆ ထည့်ပြီးတော့ ရေသင့်လျော်ရုံ နည်းနည်းချင်းထည့်ပြီး နယ်မယ်ဆိုရင် ရပါလိမ့်မယ်။ ရေကိုတော့ နည်းနည်းချင်းပဲ ထည့်ဖို့လိုပါတယ် လက်လွန်သွားလို့ ပျော့သွားရင်လည်း ဆန်မှုန့်နဲ့ကောက်ညှင်းမှုန့် နည်းနည်းထပ်ထည့်ပေါ့။ မပျော့မမာနဲ့ မုန်သားရပြီဆိုရင် ကိုယ်လုပ်ချင်တဲ့ အရွယ်အစားလောက် အလုံးလေးတွေလုပ်ပါ။ ကိုယ်တိုင်လုပ်တာဖြစ်လို့ စျေးသည်လုပ်တဲ့ မုန့်လောက်လည်း သေးစရာမလိုပါဘူး လောဘကြီးပြီးလည်း အကြီးကြီးမလုပ်ပါနဲ့ ပေါင်းတဲ့အခါမှာ မုန့်မနပ်မှာလည်း စိုးရိမ်ရပါတယ်။

ဌာပနာထုပ်

ဌာပနာထုပ်

ဌာပနာထုပ်

မုန့်သားရပြီဆိုရင် ဌာပနာထုပ်ဆိုတဲ့အတိုင်း ဌာပနာဖို့အတွက် အုန်းယိုထိုးဖို့ လုပ်ရပါဦးမယ်။ အုန်းယိုအတွက် အဖြူရောင်ကို သဘောကျရင် သကြားကိုသုံးပါ ကိုယ်ကတော့ အုန်းယိုအရောင် ညိုညိုလေး လိုချင်တဲ့အတွက်ရယ် ထန်းလျက်အရသာကို သဘောကျလို့ရယ် ထန်းလျက်ကိုပဲ သုံးပါတယ်။ ခက်ခက်ခဲခဲမဟုတ်ပါဘူး သကြား (သို့) ထန်းလျက်ကို ရေလေးနည်းနည်းနဲ့ အရည်ပျော်အောင် အိုးပေါ်မှအပူပေး အရည်ပျော်လာရင် အုန်းသီးခြစ်ပြီးသားထည့် ရေမကျန်အောင် မီးအေးအေးနဲ့ မွှေပေးမယ်ဆိုရင်ရပါပြီ။

ဌာပနာထုပ်

မုန့်သားနဲ့ ဌာပနာရပြီဆိုရင် ထုပ်ဖို့အတွက် ငှက်ပျောရွက်ကို ရေနွေးဖျောလိုက်ပါ အဲဒါဆိုရင် ထုပ်တဲ့အခါမှာ ငှက်ပျောဖက် ပျော့နေတဲ့အတွက် အလေအလွင့်နည်းပြီး ထုပ်ရတာ လွယ်ပါလိမ့်မယ်။ ပထမအဆင့်အနေနဲ့ မုန့်သားကို လက်မနဲ့ဖိပြီး ပြားလိုက်ပြီး အလယ်မှာ အုန်းယိုကိုထည့်လုံးပါ။ ဒုတိယအဆင့်က ငှက်ပျောဖက်ကို ကန်တော့ထိုးပြီး ပိရမစ်ပုံလေးတွေ ထုပ်ဖိုလိုပါတယ်။ ငှက်ပျောဖက်တွေ ပြန်ပြီးတော့ မပြည်အောင်တော့ သွားကြားထိုးတံနဲ့ အနားသတ်မှာထိုးပါ။ ပုံကိုကြည့်ပြီးတော့ ကိုယ့်ဟာကိုထုပ်ကြည့်ပါ ရောင်းစားမှာ မဟုတ်တဲ့အတွက် ပိရမစ်ပုံမထွက်ပဲ လေးဒေါင့်ဖြစ်သွားလည်း စားလို့ဖြစ်ပါတယ် စိတ်မပူပါနဲ့။

ဌာပနာထုပ်

ဌာပနာထုပ်

ဌာပနာထုပ်

မုန့်တွေထုပ်ပြီးရင်တော့ နောက်ဆုံးအဆင့်က ရေနွေးငွေ့နဲ့ နာရီဝက်လောက် ပေါင်းမယ်ဆိုရင် မုန့်သားကျက်ဖို့ လုံလောက်ပါတယ်။ လုပ်ရတာလည်း သိပ်မရှုပ်သလို အချိန်လည်း သိပ်မပေးရပါဘူး။ ပေါင်းတဲ့အချိန် ထည့်မတွက်ဘူးဆိုရင် ပြင်ဆင်ချိန်က ၄၅ မိနစ်လောက်ပဲ ရှိပါတယ်။

ဌာပနာထုပ်

ဌာပနာထုပ်