Calm Hill My Random Thoughts

စိတ္တဇအတွေးများ (၁၁)

လွန်ခဲ့တဲ့ ၃-၄ နှစ်ကစပြီး အလုပ်သဘောအရ သက်မဲ့ပစ္စည်းတွေဖြစ်တဲ့ ကွန်ပျူတာတွေ ဆာဗာကြီးတွေ မိုဘိုင်းပစ္စည်းတွေနဲ့ ထိတွေ့ရတာနည်းလာပြီး လူတွေနဲ့ပဲ ထိတွေ့ရတာ များလာတော့ လူလည်းအတော် ပြောင်းလဲယူရတယ်။ စက်တွေနဲ့ အလုပ်လုပ်နေတုံးက ပစ္စည်းဆိုတာက သေးလေလေ ပြဿနာများလေလေ ရှင်းရခက်လေလေလို့ ပြောလေ့ရှိပေမယ့် စက်တွေပြဿနာ ရှုပ်ကြတယ်ဆိုတာ လူတွေပြဿနာရှုပ်တာရဲ့ ခြေဖျားကိုတောင် ဘယ်မှီပါ့မလဲ။ အခုနောက်ပိုင်း အလုပ်နဲ့မပတ်သက်တာဆိုရင် ကိုယ့်ကိုလာပြီး အကြံဉာဏ်လာတောင်းတဲ့ ကျောင်းသားတွေတို့ အလုပ်လုပ်ကာစ လူတွေတို့ကို အကြံပေးတာလောက်နဲ့ အလုပ်ထဲမှာကတော့ ကြီးကြပ်တဲ့အလုပ်ပဲ လုပ်ရတာများတာမှာ ကြုံဖူးတာလေးတွေ ကြားဖူးတာလေးတွေ စုဆောင်းပြီးတော့ အခါခါမဖြေရအောင် မှတ်တမ်းတင်ထားတယ်ပေါ့။

ကျောင်းတက်နေတဲ့ ကျောင်းသားတွေနဲ့ဆို ကျောင်းမှာလေ့လာရတာ အားမရဘူးတို့ ဘာမှလည်း ဖြစ်မလာဘူးတို့ဖြစ်ဖြစ် အလုပ်လုပ်ကာစ လူငယ်တွေပဲဖြစ်ဖြစ် အခက်အခဲတခုဖြစ်ရင် ကိုယ့်ကိုလာပြီး အကြံဉာဏ်တောင်းရင် ကိုယ်ကတော့ ဒို့တုံးကလည်း ဒီလိုပါပဲ ဒီထက်တောင် ဆိုးတာပေါ့ အစချီပါတယ်။ အရှည်ကြီးပြောရင်ပြောမယ် နောက်ဆုံး ကူမယ့်လူမရှိလည်း အလကားထိုင်နေပြီး အသေမခံကြနဲ့ ကိုယ်တွေလည်း ကူမယ့်လူမရှိဘူး ရအောင်လုပ်ခဲ့ရတာ ကိုယ်လုပ်နိုင်တာလုပ် အရှုံးမခံကြနဲ့လို့ပဲ အဓိပ္ပာယ်ထွက်တဲ့ စကားမျိုးနဲ့ ကိုယ့်အားကိုကိုးပြီး ဘာတွေလုပ်လို့ရမယ် ဆိုတာမျိုးတွေပဲ ပြောဖြစ်တာပါ။ အဲဒီမှာပြဿနာက ကိုယ်ကတော့ သွားခဲ့ဖူးတဲ့လမ်းကို ပြောလိုက်တာဆိုပေမယ့် ဒို့တုံးက ဆိုတဲ့စကားက သူတို့တုံးကအဲလို ခက်ခဲခဲ့တာမျိုး ဒို့ကျတော့လည်း ခက်ရဦးမှာလားဆိုပြီး လူအတော်များများက သဘောမကျကြဘူး။

အတော်များများက ပညာတခုခုသင်တဲ့အခါ တရုတ်ကားထဲက သိုင်းဆရာကြီး အတွင်းအားတွေ လွှဲပေးလိုက်သလို လွှဲပေးလို့ရတယ်လို ထင်ကြတာရှိသလို မိတ္တူစက်မှာ စာရွက်တင်ကူးသလို ကူးလို့ရတယ်လို့ ထင်ကြပုံရပါတယ်။ ပညာရေးနဲ့ ပတ်သက်ပြီးတော့ လူသုံးများတဲ့ Bloom’s taxonomy ရဲ့ အသိဉာဏ်နဲ့ သက်ဆိုင်တဲ့ Model နဲ့ ဥပမာပေးရရင် မှတ်မိတဲ့အဆင့် နားလည်တဲ့အဆင့်၊ အသုံးချနိုင်တဲ့အဆင့်၊ ခွဲခြမ်းစိတ်ဖြာပြီး သုံးသပ်နိုင်တဲ့အဆင့်၊ ဝေဖန်ဆန်းစစ်နိုင်တဲ့အဆင့်၊ ပိုကောင်းအောင် ဖန်တီးနိုင်တဲ့အဆင့် စသည်ဖြင့် အဆင့် ၆ မျိုးရှိတယ် အထက်ပိုင်းကို ရောက်လာလေလေ ဦးနှောက်ကို အသုံးပြုရတာ များလေလေနဲ့ ကိုယ့်အားကိုယ် ကိုးရလေလေပါ။ ဘေးလူကအလွန်ဆုံး ကူညီပေးလို့ရရင် အောက်ဆုံးအဆင့်ဖြစ်တဲ့ မှတ်မိရမယ် ဆိုတာလောက်ပဲ ရပါလိမ့်မယ် နားလည်ဖို့အတွက် ဆိုရင်တောင်မှ ကိုယ့်ဦးနှောက်ကိုယ် သုံးရတာက အနည်းဆုံး ၅၀% လောက်ဖြစ်နေပြီလို့ ပြောရမယ်ထင်တယ်။

Many paths lead from the foot of the mountain, but at the peak we all gaze at the single bright moon.” - Ikkyu

တောင်ပေါ်တက်ဖို့လမ်းက တလမ်းထက်ပိုများပေမယ့် တောင်ပေါ်ရောက်ရင်တော့ မြင်ရမယ့်လမင်းက အတူတူပဲဆိုတဲ့ ဇင်စကားပုံတခုရှိတယ်။ ပညာရပ်တခုကို တတ်သွားရင် ဘယ်လိုလေ့လာခဲ့လဲက အရေးမကြီးတော့ပေမယ့် မလေ့လာခင်မှာ တောင်ပေါ်တက်ခဲ့ကြတဲ့ လူတွေကို လိုက်မေးရင်တော့ ကိုယ်လျှောက်ခဲ့ဖူးတဲ့ လမ်းကိုအခြေခံပြီး တမျိုးစီပဲ ညွှန်ကြရမှာပေါ့။ ချစ်သားကတော့ အမေးအမြန်းထူပြီး ဝီစိကိစ္ဆာများတယ် ဒီလိုမျိုး ကမ္မဌာန်းကို ဆောင်ကွယ့်။ ချစ်သမီးကတော့ဖြင့် ဒေါသကြီးလွန်းတယ် သိပ်ရှုပ်ရှုပ်ထွေးထွေး မလုပ်ပါနဲ့ ဒီလိုလေးပဲ ခန္တာကိုရှု့ကွယ်... ဆိုပြီး လူအပေါ်မူတည်ပြီး Personalized Learning Plan အကောင်းဆုံး ဆွဲပေးနိုင်တာ ဗုဒ္ဓဘုရားပဲရှိပါတယ်။ ရဟန္တာတောင်မှ နိဗ္ဗာန်ရောက်ကြောင်းကို ဒို့တုံးက ကို အခြေခံပြီးတော့ တကြောင်းစွဲပဲ ဟောလိမ့်မယ်မဟုတ်လား။ ဘုရားရှင် ကိုယ်တော်တိုင်နဲ့ တွေ့တယ်ဆိုတောင် ရှေ့ဆက်ဖို့အတွက်က ကိုယ့်တာဝန်ကိုယူရတာ နိဗ္ဗာန်ရောက်အောင် ပို့ဖို့အတွက်တော့ ဘုရားတောင်မှ တာဝန်မယူနိုင်ရှာပါဘူး။ ခရီးဆက်ဖို့က လျှောက်မယ့်လူတိုင်း ပင်ပန်းရဦးမှာ ခက်ခဲကြရဦးမှာပါ ရှောင်လို့မရပါဘူး။

ဒို့တုံးက လို့ ပြောတဲ့လူတိုင်းလည်း ကောင်းတယ်တော့ မဆိုလိုပါဘူး ပြောတဲ့လူအပေါ်လည်း မူတည်တာဖြစ်တော့ တရားသေတော့ မမှတ်ကြနဲ့ပေါ့။ တချို့လူတွေက ပညာဆိုတာ စာအုပ်ထဲရေးထားတာကို ဖတ်ဖူးတယ်ဆိုရင် ပညာတတ်ပြီလို့ထင်ကြတာ နည်းနည်းစောမွေးလို့ဖြစ်ဖြစ် ဖတ်စရာစာတွေ စောစောတွေ့လို့ဖြစ်ဖြစ် မဖတ်ဖူးတဲ့လူထက် ပိုသိတယ်ဆိုတာ သိပ်ပြီးတော့ ဂုဏ်ယူစရာမှ မဟုတ်တာပဲလေ။ ပညာတခုကို ထဲထဲဝင်ဝင် တတ်တယ်ဆိုရင် တကယ်တတ်တဲ့အတွက် ကောင်းပါတယ်လို့ နည်းနည်းတတ်ရင်လည်း အပူအပင်ကင်းတော့ ကောင်းတာပဲလို့ ဇကောဇကတတ်ရင်လည်း ဟောင်ဖွာဟောင်ဖွာ လုပ်လို့ကောင်းတယ်။ ကိုယ်ဘယ်အထိ သွားချင်လဲမူတည်ပြီး ကိုယ်သွားချင်တဲ့ လမ်းကိုညွှန်နေတဲ့လူလား လမ်းမှန်တင်ဆိုရင်တောင် မှတ်မိတယ်ဆိုတဲ့လူကို မေးသင့်တာလား နားလည်တယ်ဆိုတဲ့လူလား အသုံးချနိုင်မယ့်လူလား မီးအိမ်ထွန်းပြီး လမ်းပြမယ်ဆိုပြီး ကျူရှင်သင်စားမယ့်လူလား ကိုယ်တိုင်ပဲအကဲဖြတ်ပြီး ချင့်ချိန်ပြီးယုံပေါ့။ အခမဲ့လမ်းညွှန်မယ့် လူတွေဆိုတာလည်း တကယ်ရှိပါတယ် ဒါပေမယ့် တချို့လူတွေက ကိုယ်လိုချင်သလို ကူညီပေးတာရှိတယ် တချို့လူတွေကတော့ သူတို့ယုံကြည်တဲ့အရာပဲ ပေးတာလည်းရှိပါတယ်။

ပညာသင်ဖို့အတွက် လမ်းညွှန်ရှာတာပြီးတော့ အလုပ်ဘက်ကို လှည့်ရမယ်ဆိုရင် မကြာခဏရှင်းရတဲ့ ကိစ္စတရပ်က အတွေ့အကြုံဆိုတာပါပဲ။ အတွေ့အကြုံဆိုတာ အများအားဖြင့်က အလုပ်လုပ်ဖူးတဲ့ နှစ်အရေအတွက်နဲ့ တိုင်းတာတာပေါ့။ ကိုယ့်အနေနဲ့ကတော့ အချိန်အတိုင်းအတာနဲ့ မတိုင်းတာပဲ ဘယ်လောက်အမှားတွေ ကြုံခဲ့ဖူးတာလဲရယ် မှားခဲ့ဖူးတဲ့အမှားတွေကို ဘယ်လိုမှန်အောင် လုပ်ခဲ့လဲဆိုတာရယ် ထပ်မမှားအောင် သတိထားနိုင်လား ဆိုတာမျိုးနဲ့ပဲ တိုင်းတာပါတယ်။ အလုပ်ထဲမှာတော့ အသုံးချနိုင်တဲ့အဆင့်ဟာ အနိမ့်ဆုံးအဆင့်လိုတယ် အသုံးချတဲ့အဆင့်အတွက် ပရိုဂရမ်ရေးတဲ့ လူတယောက်ကို သုံးသပ်မယ်ဆိုရင် အတွေ့အကြုံအရ တဖြည်းဖြည်းနဲ့ မှားနေကျအမှားတွေ နည်းလာပြီဆိုရင် တိုးတက်တယ်ခေါ်ရမှာပေါ့။ တချို့ကျတော့လည်း အချိန်သာကြာလာတယ် မှားနေကျတွေက ထပ်ခါထပ်ခါမှားနေရင် တိုးတက်လာတယ် မခေါ်နိုင်တဲ့အတွက် အတွေ့အကြုံဆိုတာကို အချိန်နဲ့တိုင်းတာရင် မှားဖို့ပဲများပါတယ်။

ဆော့ဝဲရေးစားရတဲ့ ကိုယ်တွေအလုပ်ဆိုတာ ဉာဏစွမ်းအားနဲ့ အလုပ်လုပ်ရတဲ့အတွက် ကိုယ့်ရဲ့အခြေအနေက အသုံးချတဲ့အဆင့်မှာလား၊ ခွဲခြမ်းစိတ်ဖြာပြီး စဉ်းစားနိုင်တဲ့အဆင့်လား၊ ဆန်းစစ်နိုင်တဲ့အဆင့်လား ဆိုတာမျိုးတွေက အချိန်နဲ့ပိုင်းဖြတ်တိုင်းတာတဲ့ အတွေ့အကြုံထက် ရှေ့ဆက်ရမယ် ခရီးအတွက် ပိုပြီးအရေးပါတယ်။ ကိုယ့်အမြင်ရဆိုရင် အသုံးချတဲ့အဆင့်ရဲ့ အထက်ပိုင်းတွေဟာ ပိုင်ဆိုင်ဖို့ခက်ပေမယ့် ပိုင်ဆိုင်ထားပြီဆိုရင် အကြိမ်ကြိမ်အခါခါ ပြန်သုံးလို့ရတယ် Domain Specific မဟုတ်ဘူး။ ဥပမာပေးရရင် Back-end API ရေးနေတဲ့လူတယောက် Mobile Application ပြောင်းပြီးတော့ လေ့လာမယ်ဆိုရင် ဘယ်လိုလူပဲဖြစ်ဖြစ် မှတ်မိဖို့ နားလည်ဖို့ အသုံးချနိုင်ဖို့က မလွဲမသွေပြန်လုပ်ရမှာပဲ ဒါပေမယ့် ခွဲခြမ်းစိတ်ဖြာပြီး စဉ်းစားတတ်ဖို့လို အထက်ပိုင်းတွေကျတော့ ပြန်သုံးလို့ရပါတယ်။ အဲဲလိုကွာဟတဲ့အတွက် အသုံးချတဲ့အဆင့် လူတယောက်နဲ့ ဆန်းစစ်နိုင်တဲ့အဆင့် လူတယောက် Domain အတူတူပြောင်းရင်တောင် နောက်ဆုံးဖြစ်လာမယ့် အခြေအနေဟာမတူပါဘူး။

အလုပ်လုပ်ဖို့အတွက်က အသုံးချနိုင်ပြီဆိုရင် တနေရာရာမှာတော့ လုပ်လို့ရနေပြီပေါ့ အတော်များများက အဲလိုအခြေအနေမှာ ရှေ့ဆက်မသွားတော့ပဲ ရပ်သွားကြတာရှိတယ်။ လူတယောက်နဲ့ တယောက်က ဖြစ်ချင်တာလည်း မတူကြဘူးဆိုတော့ အဲလိုအခြေအနေနဲ့ အဆင်ပြေတဲ့လူလည်း ရှိနိုင်ပါတယ်။ ရှေ့ဆက်သွားချင်ရင်တော့ အဆင်မပြေပါဘူး ကိုယ်တွေအလုပ်က ကိုယ့်ကိုကိုယ် အဆက်မပြတ် ဖြည့်နေမှပဲ ရပ်တည်လို့ရတယ်။ အသုံးပဲချတတ်တဲ့လူကို မလုပ်ဖူးတာခိုင်းဖို့ တိုင်ပင်မယ်ဆိုရင် Estimate မလုပ်နိုင်တာတို့ ကိုယ်မကြုံဖူးတဲ့ ပြဿနာဖြစ်လာရင် ဖြေရှင်းဖို့အတွက် မလုပ်နိုင်တာတို့ ဖြစ်လာလိမ့်မယ်။ ဥပမာပေးရရင် Error Message မပေါ်လာတဲ့ ပြဿနာတက်လို့ Google မှာ Copy/Paste နဲ့ ရှာလို့မရတော့ ဘဲဥအစပျောက်တာတို့၊ ဖြစ်နေတဲ့ပြဿနာနဲ့ ပြနေတဲ့ Error Message နဲ့ မဆိုင်ပဲဖြစ်နေလို့ Stack Overflow က မဆိုင်တဲ့ပြဿနာတွေ သွားဖတ်ပြီးတော့ ၁ ပတ်လောက် အလုပ်ဆက်လုပ်လို့ မရတာမျိုးတွေ မြင်ဖူး(ကြုံဖူး) ကြပါလိမ့်မယ်။ လူတိုင်း Google ကြပေမယ့် Stack Overlfow ပေါ်က Question ကနေ မှားကူးတတ်တဲ့လူ Vote အများဆုံးကို ကူးရမယ်လို့ မှတ်ထားတဲ့လူရယ် ကူးသင့်တဲ့အဖြေကို လိုအပ်သလို ပြုပြင်ပြီးတော့ ကူးတတ်တဲ့လူ စသည်ဖြင့်ပေါ့ မတူညီတာတွေ အများကြီးရှိပါတယ်။

ကိုယ့်ကိုကိုယ် သုံးသပ်ရင်းနဲ့ လုပ်ခဲ့ဖူးတဲ့ ပရောဂျက်တွေ အများကြီးဗျဆိုပြီး ဖန်တီးနိုင်တယ်ဆိုတာလည်း သွားသွားမကြည့်ပါနဲ့ ခွဲစိတ်ဆရာဝန် ခွဲတတ်စိတ်တတ်တာနဲ့ မြို့ပြအင်ဂျင်နီယာ အိမ်ဆောက်တတ်တာ ဖန်တီးနိုင်တာမျိုး မဟုတ်ပါဘူး အသုံးချရုံပဲရှိပါတယ်။ အလုပ်မှာ အောင်မြင်ဖို့ အဆင်ပြေပြေ လုပ်နိုင်နေဖို့အတွက် အတတ်ပညာကို ဘယ်အတိုင်းအတာထိ တတ်ရင်ရမှာလဲ မေးလာတယ်ဆိုရင်တော့ အဲဒါတခုနဲ့လည်း မလုံလောက်ပြန်ဘူး။ Technical အတွက်ပဲ အဓိကပြောနေလို့ ဥပမာပေးထားတဲ့ Bloom’s မှာတောင် ဉာဏပိုင်းနဲ့ သက်ဆိုင်တဲ့ Framework ပဲပြထားတာပါ စိတ်ပိုင်းဆိုင်ရာတို့ တခြားဘက်က တိုင်းတာတာတွေရှိသေးတယ် ရေးလာတာလည်း အတော်ကိုရှည်လာပြီ ဒီတခေါက်တော့ ဒီလောက်ဖွရရင် လုံလောက်ပြီထင်ပါတယ်။ ဆက်ပြောမယ်ဆိုရင် မဆလခေတ်လက်ကျန် အတွေးအခေါ်တွေ အင်မတန်ရှုပ်ပြီး အမြင်ပြောင်းပေးရတာ ခက်ခဲလွန်းတဲ့ အချိန်ကြာရင် စီနီယာဖြစ်တာတို့ ရာထူးဆိုတာ အထက်အောက်လို့ ယူဆတာတွေတို့ ပြောဆိုဆက်ဆံရေးတို့ လူတိုင်းသဘောကျတဲ့ ခေါင်းဆောင်မှု့ အတတ်ပညာ တက်ကျမ်းတွေ အကြောင်းတို့ကို အချိန်ရတဲ့အခါ ဆက်ရေးပါဦးမယ် ထုံးစံအတိုင်း နိဂုံးမချုပ်ပဲနဲ့ တော်သေးပြီ။

comments powered by Disqus