Calm Hill My Random Thoughts

UCSY IT Camp (2019) and I

မြန်မာနိုင်ငံမှာလုပ်တဲ့ Camps တွေတို့ Conferences တွေတို့က ကိုယ်နဲ့သိပ်ပြီးတော့ ရေစက်မပါဘူး ဖြစ်မယ်ထင်တယ် အများအားဖြင့် ကိုယ်ပြန်ရောက်လိုက် ပြန်ခါနီးရက်တွေမှ ရှိတယ်တွေ့လိုက်နဲ့ သာမန်အားဖြင့် မရောက်ဖြစ်တာများတယ်။ တိုက်ဆိုင်ချင်တော့ UCSY မှာလုပ်မယ့် IT Camp က ကိုယ်ရန်ကုန်မှာ ရှိနေတဲ့အချိန်မှာ လုပ်မယ်ဆိုပြီးတော့ ကိုယ့်သူငယ်ချင်း ပွဲကြိုက်ခင်တွေဆီကနေ သတိထားမိလိုက်တယ်။

UCSY က ဆရာမကြီးနဲ့လည်း နောက်ဆုံးတခါ UCSM မှာ တွေ့လိုက်ကတည်းက မတွေ့တာကြာတော့ တွေ့ရအောင်ဆိုပြီး ဆရာမကြီးကို Camp လုပ်မယ့်ရက်မှာ ကျောင်းမှာရှိလားလို့ မေးမိတော့မှ ဆရာမကြီးက ငါမရှိဘူးကွယ် မလေးရှားသွားဖို့ရှိပြောတယ်။ သို့ပေမယ့် ဆရာမကြီးမရှိလည်း ကျောင်းအတွက် ယူလာတဲ့စာအုပ်တွေတော့ ရုံးခန်းမှာပဲ ထားခဲ့ပါတော့မယ် နောက်တခါမှ ဆုံတာပေါ့ဆိုပြီး IT Camp ကို သွာဖို့အတွက် ပြင်ဆင်ရတယ်။

Register လုပ်မယ်ဆိုတော့ လိုက်ပြီးတော့ ရှာဖွေကြည့်လည်း ဘယ်နားကနေ Register လုပ်ရမှန်းမသိတာနဲ့ ဂျစ်ပစီ (ပြည့်စုံ) ကို မေးလိုက်တော့မှ Speaker Registeration လုပ်လို့ရတဲ့ Google Form ကတဆင့် Register လုပ်ရတယ်။ နည်းနည်းဂွကျတာက Portfolio ပေးပါပြောတယ် ကိုယ့်မှာကလည်း ဘာမှမရှိဘူး ဘယ်တုံးကမှလည်း ရေးထားလေ့မရှိတာနဲ့ ကိုယ်အလုပ်နဲ့ ကိုယ်နားလည်တာတွေက ဒါတွေပဲလို့ ပေးလိုက်တယ်။ ဓာတ်ပုံလည်း အတူတူပဲ ကိုယ့်မှာက သူများတွေလို ကြောင်လျှာသီးလေး လည်ပင်းဆွဲပြီး လက်ပိုက်ထားတာမျိုး တပုံမှလည်းမရှိဘူး အဲဒါနဲ့ FB က Profile ပုံကို Download လုပ်ပြီး ပေးလိုက်တယ်။

ပြောလို့သာပြောတယ် UCSY ကို တခါမှ မရောက်ဖူးသလို အခုနောက်ပိုင်းက လူတော်တော်များများနဲ့ ကိုယ်နဲ့ကလည်း မသိတော့ဘူးဆိုတော့ ဘယ်သူတွေများလာမလဲ လိုက်ပြီးတော့ ရှာဖွေကြည့်ရတယ်။ သိတဲ့လူတွေလည်း အတော်များများ တွေ့မိသလို သူငယ်ချင်းဖြစ်တဲ့ ကိုသာသာလည်း ကြော်ငြာထဲမှာတွေ့တော့ မတွေ့တာကြာတဲ့ သူနဲ့လည်း တွေ့ရတာပေါ့လို့ တွေးရတယ်။ ကိုသာသာကို ဖုန်းဆက်ကြည့်တော့ ကျုပ်နဲ့လိုက်ခဲ့ဗျာ ခင်ဗျားနဲ့ဆိုရင် စကားပြောရင်း သွားလို့ရတာပေါ့ဆိုတော့ သွားဖို့လာဖို့အတွက် မပူပန်ရတော့အတွက်လည်း ကျေးဇူးတင်ရပါတယ်။

သိပ်မကြာပါဘူး ၁ ရက် ၂ ရက်နေတော့ FB ပေါ်မှာ ကိုယ့်ပုံကြီးနဲ့ Speaker အနေနဲ့တက်လာတာ သူငယ်ချင်းတွေ ဝိုင်းပြီးတော့ Share ကြတော့မှ Portfolio ကို ဖတ်ကြည့်ရတယ်။ သူများရေးလိုက်တော့မှ ကိုယ့်ကိုကိုယ်တောင် ပြန်ပြီးသဘောကျချင်ချင် အဆစ်ပေးလိုက်တဲ့ Aikido တောင် ပါလာသေးတယ်။ အဲလိုရေးပေးမယ်မှန်းသိရင် ဟင်းချက်ကောင်းတာနဲ့ လူပျိုကြီးဆိုတာပါ အရည်အချင်းထဲမှာ ထည့်ပေးလိုက်ပါတယ် နောက်တခါကျရင်တော့ မမေ့မလျော့နဲ့ ရေးပေးလိုက်ဦးမယ်။

Speaker အနေနဲ့သာ Register လုပ်လိုက်တာ ဘာပြောမယ်ဆိုတာလည်း ကိုယ့်မှာအစီအစဉ်မရှိဘူး။ ကိုယ့်ကိုကြော်ငြာပေးတဲ့ ဘော်တာတွေကလည်း သူတို့ပြောစေချင်တဲ့ Data XXX တွေအကြောင်းလို့ အတင်းကြော်ငြာတယ်။ ပြောမယ်ဆိုရင်တော့ ပေါ်ပင်တွေဖြစ်တဲ့ Web 1024.0 တို့ Fintech တို့ကစပြီး Quantum Computing အထိ တကယ်တတ်တာ မတတ်တာအပထား ယုံအောင်ပြောလိုရပါတယ်။ ဒါပေမယ့် နားထောင်တဲ့လူတွေက မကြားဖူးတာတွေ ကြားဖူးသွားတာ ပြဿနာမရှိပေမယ့် တတ်သွားတယ်ထင်ရင် ဒုက္ခရောက်မယ်ဆိုတော့ မပြောချင်ဘူး။

ကိုယ်ကျွမ်းကျင်တဲ့ အလုပ်တွေကလည်း လူတိုင်းနားလည်ဖို့ဆို ၄၅ မိနစ် ၁ နာရီနဲ့ ပြောလို့မရဘူး မဟုတ်ပေမယ့် အဲလိုပြောဖို့ဆိုရင် အနည်းဆုံး ၁ လလောက် ကြိုးစားပြီးတော့ ရေးထားတယ်ဆိုမှပဲ လူတိုင်းနဲ့သင့်လျော်မယ့် Presentation ရနိုင်လိမ့်မယ်ဆိုတော့ အတော်ခေါင်းခြောက်ရတယ်။ ပွဲမတိုင်ခင်မှာ ကိုသာသာနဲ့ ထမင်းသွားစားရင်း အလုပ်လုပ်ခါစလူတွေနဲ့ တွေ့ကကြုံရတဲ့ ကိစ္စလေးတွေကို ပြောဖြစ်ကြရင်းနဲ့ ခင်ဗျားစာရေး ဒါမှမဟုတ် အဲဒါတွေပြောဗျာလို့ အကြံပေးတယ်။

ဒီကိစ္စတွေက အလုပ်လုပ်ကြမယ် လူတွေနဲ့သင့်လျော်တယ် ပြောမယ်ဆိုရင် Non-Technical လည်းဖြစ်တော့ လူတိုင်းလည်း ပေါ့ပေါ့ပါးပါး နားထောင်လို့ လွယ်တာပေါ့ဆိုပြီး ပြောမယ့်ခေါင်းစဉ်ကို စဉ်းစားမိတယ်။ ဒါပေမယ့် တချို့ကိစ္စတွေက Forbidden Knowledge တွေလို့ ပြောရမယ် ပျော်ချင်တယ်ဆိုရင် မသိသင့်ဘူးဖြစ်သလို လူမုန်းများမယ့် ကိစ္စတွေလည်း ပါကောင်းပါတော့ ပြောသင့်မပြောသင့် ချီတုံချတုံတော့ဖြစ်တယ်။

အလုပ်တွေကလည်းများ ပျင်းတာလည်းပါတော့ ပြောစရာတွေကို ခေါင်းထဲပေါ်လာတိုင်း ချပြီးတော့ မှတ်ထားတာကလွဲရင် မပြောခင်ည ၁၀ နာရီအထိ Presentation တွေက မလုပ်ရသေးပါဘူး။ အဲဒီနေ့ညက ၁ နာရီလောက်ထိုးမှပဲ ပြောစရာရှိတာတွေ ပြင်လို့ဆင်လို့ပြီးတယ်။ အချိန်ကလည်း ၄၅ မိနစ်ဆိုတော့ အချိန်လည်းတွက်ရတယ် ကိုယ်ပြောချင်တာလည်း အကုန်ပါအောင် ပြောရမယ်ဆိုတော့ အတော်လေးတော့ ခေါင်းစားရသလို အချိန်လည်းကိုက်မကိုက် နည်းနည်းပြောကြည့်ရတယ်။

သွားမယ့်မနက်ခင်းတော့ ကိုသာသာနဲ့ သူရုံးက ရဲလင်းအောင်ဆိုတဲ့ ကောင်လေးတယောက် ကိုယ်နေတဲ့ ဟိုတယ်ကို ဝင်ခေါ်ပါတယ်။ ကိုသာသာကို ခင်ဗျားဘာအကြောင်း ပြောမှာလဲဆိုတော့ ကျုပ်ကတော့ Roll No.1 ဘယ်လိုရအောင် အကြံအဖန်လုပ်မလဲ ပြောမယ်ဗျာလို့ဆိုတယ်။ ကျုပ်ခေါင်းစဉ်က Career-Jutsu: The Art of How to Manage Your Boss, Girlfriend(s) or Boyfriend(s) လို့ ပြောမှာဗျလို့ဆိုတော့ ခင်ဗျားက Boss ပဲလေ Girlfriend က ဘယ်နားကရှိလို့ Manage လုပ်မှာတုံး ဘယ်သူယုံပြီး လာမှာလဲဆိုပြီး ခွက်ထိုးခွက်လန် ရယ်ပါတယ်။

ကျောင်းကိုရောက်တော့ Registration လုပ်ရတာလည်း အခက်အခဲမရှိပါဘူး တခုပဲပြဿနာက ဆရာဆရာလို့ အခေါ်ခံရတာပဲ။ ဆရာ မခေါ်ကြပါနဲ့ လွန်ရောကျွံရော ကို တပ်ခေါ်ရင်ရပြီ ဦး ဆိုလည်း အဆင်မပြေဘူးလို့ မနည်းပြောရပါတယ်။ ခေါင်းစဉ်မပေးရသေးရင် ခေါင်းစဉ်လေး ရေးပေးပါဆိုလို့ ရေးပေးလိုက်ကတည်းက ဟယ်... ဘာတွေပြောမှာပါလိမ့် လို့ အတော်စိတ်ဝင်စား သွားကြပုံရတယ်။

ကိုသာသာက ကိုယ့်အရှေ့က အချိန်ဆိုတော့ နည်းနည်းအားတော့ တခြားအခန်းတွေ လှည့်ပတ်ကြည့်တယ်။ ခေါင်းစဉ်တွေက Technical တွေကြည့်ဆိုတော့ ကိုယ်လည်းစိတ်မဝင်စားတာနဲ့ ကိုယ့်လူအချင်းချင်း အားပေးတာပဲ ကောင်းပါတယ်ဆိုပြီး Roll No.1 မလိုချင်ပေမယ့် အဲဒီအခန်းကို ပြန်လာခဲ့တယ်။ ကိုသာသာပြောတာလည်း ကောင်းပါတယ် Information ဘယ်လို Process လုပ်မလဲ Long/Short Term Memory တွေနဲ့ ဘယ်လိုလေ့ကျင့်မလဲ ၄၅ မိနစ်နဲ့ လောက်အောင် မနည်းပြောသွားရတယ်။ အချိန်မရတော့လို့ ဖြည့်စွက်ပြီးတော့ မေးခွန်းမေးပေးချင်တာတောင် မေးပေးလို့မရလိုက်ပါဘူး။

ကိုယ့်အချိန်ရှေ့က နာရီဝက်လောက် ထမင်းစားနားတော့ ပြင်ဆင်ချိန်တော့ ပိုပြီးရလိုက်တယ်။ HDMI မရှိလို့ VGA Connector ကို ကူရှာပေးကြတဲ့ ကိုယ့်အခန်းက Volunteer ကျောင်းသားတွေကိုလည်း ကျေးဇူးတင်ရတယ်။ ကွန်ပျူတာ ငှားလို့ရပြန်တော့လည်း ကိုယ့်ဟာတွေက Keynote တွေဖြစ်နေတော့ PDF ပြောင်းရတယ်။ ပြောင်းထားတဲ့ PDF ကပါ ငှားထားတဲ့ ကွန်ပျူတာမှာပါ အလုပ်မလုပ်လို့ ပြဿနာတွေတက်ရင်း နောက်ဆုံးကတော့ ပြဿနာက Connector မဟုတ်ပဲ Projector ဖြစ်နေလို့ နောက်ထပ်တလုံး ရှာလာပေးကြပါတယ်။

မပြောခင်မှာ ဘာတွေစိတ်ဝင်စားလို့ လာနားထောင်ကြလဲမေးတော့ Data တွေအကြောင်း ပြောမှာထင်လို့လို့ အတော်များများကပြောတယ်။ ဘယ်လိုလုပ်ပြီး အဲလိုထင်လဲမေးတော့ ကိုယ့်အကြောင်းသိတဲ့ တယောက်က ကိုယ်အဲဒါတွေပြောမှာလို့ ကြော်ငြာမိတယ် မလွတ်အောင်သွားတက်လို့ မှာတယ်ဆိုတော့ နည်းနည်းဂွကျတယ်။ ပြောမယ့်ဟာက Technical တခုမှမပါဘူး စိတ်မဝင်စားရင်တော့ တခြားအခန်းသွားလို့ရတယ် သိချင်တာတွေကို မေးချင်ရင်တော့ ဒီအချိန်ပြီးရင် အပြင်ဘက်မှာမေးပါ အချိန်ရပါတယ်လို့ စကားပြောလို့ ရပါတယ်လို့ပဲ ပြောရပါတယ်။ ပြောတာက အဆင်ပြေပါတယ် လူလည်းမနည်းပါဘူး အတန်အသင့်ရှိပါတယ် ခေါင်းစဉ်ကြည့်ပြီး အလန်းကြီးဆိုပြီး လာတာလည်း ဖြစ်နိုင်တယ်ထင်တယ်။

စိတ်ဝင်စားရင်တော့ Presentation တွေကို အောက်မှာပြထားတဲ့ Link မှာ ကြည့်လို့ရတယ် Personal နဲ့ ပတ်သက်တဲ့ တချို့တလေကို ဖြုတ်ထားတယ် Animation တွေနဲ့ ထပ်နေတာလည်း ရွှေ့ထားတယ်။ တခုပဲပြဿနာရှိမှာက ရေးချင်ရာရေးထားပေမယ့် ပြောချင်ရာပြောလေ့ရှိတဲ့အတွက် ဖတ်ကြည့်လို့ နားမလည်ဖို့များသလို နားလည်တယ်ထင်လည်း ပြောသွားတာနဲ့ တူချင်မှတူမယ်။

Presentation

https://www.calmhill.com/data/ucsy-it-camp-2019.pdf

ကိုယ့်အချိန်ပြီးသွားတော့ အတော်များများက ကိုယ်သိတာနဲ့ ပတ်သက်တာတွေပဲ မေးကြတော့ နောက်ပြောမယ့်လူ ပြဿနာတက်မှာစိုးတော့ ခဏစောင့်ပါလို့ အပြင်မှာပြောလို့ပဲပြောရတယ်။ ထမင်းဘူးတဘူး လက်ဆောင်ရတယ် Certificate ကတော့ စက်ပျက်သွားလို့ နောက်မှပို့ပေးပါရစေဆိုလို့ ရပါတယ်မပို့ပါနဲ့လို့ လမ်းပေါ်နေတဲ့လူဆိုတော့ ဘယ်ပို့ရမှန်းလည်း မသိဘူးလေ။ အပြင်ရောက်တော့ ကျောင်းသူလေး ၁ ယောက် စောင့်နေတာရှိတာနဲ့ သူသိချင်တာတွေမေး သူ့အခြေအနေလည်း ဘာတွေသိပြီး ဘာတွေမသိဘူးလဲ ကိုယ်မေးပြီးတော့ အကြံပေးသင့်တာပေး ဖတ်သင့်တာတွေပြော တက်သင့်တဲ့အတန်းတွေ အကြံပေးပါတယ်။ ခဏနေတော့ သူလည်းတခြား အတန်းတွေကို သွားနားထောင်မလို့ သွားဦးမယ်ဆိုလို့ အားမနာပါနဲ့ သွားစရာရှိတာ သွားပါလို့ပြောရတယ်။

ကိုသာသာလည်း အလုပ်တွေပေါ်လာတာရယ် ကျောင်းထဲပြန်ဝင်သွားရင် သိတဲ့လူတွေနဲ့တိုးပြီး ပြန်လို့မရမှာစိုးတာနဲ့ ကန်တင်းဘက်ကနေ လစ်ထွက်ပြီးပြန်ခဲ့ကြတယ်။ ပြန်ခါနီးမှ သတိရလိုက်တာက ဆရာမကြီးကိုပေးဖို့ ယူလာခဲ့တဲ့ စာအုပ်အထုပ်လိုက်ဟာ ဟိုတယ်မှာကျန်နေခဲ့တာ သိလိုက်တယ်။ ဒီစာအုပ်တွေဟာ ကျောင်းကိုသွားချင်ပုံမရဘူး လွန်ခဲ့သော ၄ လလောက်ကတည်းက သယ်လာခဲ့တာရယ် နောက်တခါတွေ့မှပဲ ယူသွားပါတော့မယ်။ Event နဲ့ ပတ်သက်ပြီးတော့ လိုအပ်တာတွေ အကြံပေးပါဆိုရင်တော့ ကိုယ့်အတွက်တော့ လိုအပ်တယ်မရှိပါဘူး အားလုံးကူညီကြပါတယ် ပိုကောင်းအောင် အတွက်ဆိုရင်တော့ ကျောင်းမှာရှိတဲ့ ကျောင်းသားအရေအတွက်နဲ့ Event မှာရောက်နေတဲ့ အရေအတွက်က ကွာလွန်းတယ်လို့ထင်တယ် အရေးအကြီးဆုံး အချက်ဖြစ်တဲ့ စိတ်ဝင်စားတဲ့ကျောင်းသား များလာအောင် ပိုပြီးစည်းရုံးနိုင်ရင်တော့ ဒီထက်ပိုပြီး ကောင်းမယ်လို့ပဲ အကြံပေးဖြစ်ပါလိမ့်မယ်။