Calm Hill My Random Thoughts

Bread Pudding in Slow Cooker

ပေါင်မုန့်ပူတင်းဟာ လုပ်ရတာလွယ်ပေမယ့် Oven ထဲမှာထည့်ဖုတ်ရတာ နည်းနည်းအလုပ်ရှုပ်တယ်။ သူ့အချိန်နဲ့အပူချိန်နဲ့ ဖုတ်ထားလိုက်ရင် ရတယ်ဆိုပေမယ့် မဖုတ်တာကြာလိုက် အချိုးအစားမေ့သွားလိုက် အချိန်မမှတ်မိလိုက်နဲ့ဆိုတော့ တခါတခါစားမယ်ဆိုရင် Oven ထဲထည့်ထားတဲ့အချိန်က စိတ်မဖြောင့်ရဘူး မေ့သွားရင်တော့ တူးသွားနိုင်တော့ မကြာခဏတော့ သွားကြည့်ရတယ်။ လူကလည်းငပျင်းဆိုတော့ ကိုယ်သက်သာအောင် ဘယ်လိုလုပ်ရမလဲ အမြဲတမ်းကြံဖန်နေတဲ့လူနဲ့ Oven နဲ့ဟာ တခါတခါ အဆင်မပြေဘူး။

အရင်တပတ်လောက်က ပေါင်မုန့်ကို Slow Cooker ထဲမှာထည့်ပြီး ဖုတ်ကြည့်တာ အဆင်ပြေသွားတာနဲ့ ပေါင်မုန့်တောင် ဖုတ်လို့ရတယ်ဆိုရင် ပူတင်းလည်းရတယ်ဆိုပြီး Slow Cooker နဲ့ ပေါင်မုန့်ပူတင်းကို လုပ်ကြည့်ဖြစ်တယ်။ စမ်းကြည့်တာဆိုတော့ အချိန်ဘယ်လောက်ကြာမယ် မသိတော့ နာရီဝက်နေလိုက် သွားကြည့်လိုက်နဲ့ ပထမအကြိမ်မှာ နည်းနည်းတော့ အလုပ်ရှုပ်တာပေါ့ နောက်တကြိမ်တော့ အဆင်ပြေသွားမှာပါ။

Bread Pudding

ပေါင်မုန့်ပူတင်း လုပ်မယ်ဆိုရင် အောက်မှာပြထားတဲ့ စာရင်းထဲကပစ္စည်းတွေ လိုအပ်ပါလိမ့်မယ်

  1. နွားနို့ ၂ ခွက်
  2. ကြက်ဥ ၄ လုံး
  3. ပေါင်မုန့် ၁ လုံး
  4. သကြား သင့်တော်ရုံ
  5. စပျစ်သီးခြောက် နည်းနည်း
  6. ဗနီလာ ၁ ဇွန်း
  7. ထောပတ် နည်းနည်း

Bread Pudding

လုပ်ပုံလုပ်နည်းကတော့ အင်မတန်လွယ်ပါတယ် ပေါင်မုန့်လေးတွေကို ၁ လက်မပတ်လည် အတုံးလေးတွေလှီးထားပါ။ ပေါင်မုန့်မှာ ကြမ်းတာရရင် ပိုအဆင်ပြေတယ် သိပ်ပြီးနုရင် အဆင်မပြေဘူး အခုကတော့ သိပ်ကြမ်းတာရှာမရလို့ ပြင်သစ်ပေါင်မုန့်ချောင်းကို လှီးထည့်လိုက်တယ်။

Bread Pudding

နောက်တဆင့်အနေနဲ့ ထောပတ်၊ နွားနို့၊ ကြက်ဥ၊ သကြား၊ ဗနီလာတွေကို သမအောင်မွှေပါ။ ကိုယ်ကတော့ ပန်းကန်ဆေးရမှာ သက်သာအောင် Slow Cooker ထဲမှာပဲ ထည့်မွှေလိုက်တယ်။ ပြီးတော့ လှီးထားတဲ့ ပေါင်မုန့်လေးတွေ ထည့်ပြီးတော့ ပေါင်မုန့်ထဲစိမ့်ဝင်သွားအောင် နာရီဝက်လောက်စိမ်ထား။

Bread Pudding

ပေါင်မုန့်ထဲကို စိမ့်ဝင်လောက်ပြီဆိုရင် အပေါ်ကနေတော့ စပျစ်သီးခြောက်လေးတွေ ဖြူးပြီးတော့ Slow Cooker ကို High နဲ့ ၃ နာရီခွဲ ဖွင့်ထားလိုက်တယ်ဆိုရင် ပေါင်မုန့်ပူတင်း ရပါလိမ့်မယ်။ လုပ်ရတာ အင်မတန်လွယ်ပါတယ် ပြင်ဆင်ချိန်လည်း ၁၀ မိနစ်လောက်ပဲ ကြာလိမ့်မယ်ထင်တယ်။ ကျန်တာကတော့ ပစ်ထားလိုက်ရုံပါပဲ အချိန်နည်းနည်း လွန်သွားလည်း Oven လို အလွယ်တကူ တူးသွားမှာစိတ်မပူရပါဘူး အတိမ်းအစောင်းခံပါတယ်။

Bread Pudding

တခုပဲခက်တာက ၃ နာရီပဲကြာတော့ ညမအိပ်ခင် ကျက်အောင်လုပ်ရတော့ မနက်စာအတွက်ဆို ပြန်နွှေးရတယ်။ Timer နဲ့ မနက်မိုးလင်းခါနီးမှ ချက်ခိုင်းရင်လည်း တညလုံးကို ကြက်ဥပါတာတွေ Room Temperature မှာ ထားခဲ့လို့လည်း အဆင်တော့မပြေဘူး။ Low နဲ့ဆိုရင် ၆ နာရီလောက်ဖြစ်မယ် တရက်လောက်မှ ညပိုင်းမအိပ်ခင် Low နဲ့ ချက်ထားခဲ့လိုက်ရင် အိပ်ယာနိုးတဲ့အချိန် ကျက်တာနဲ့ အတော်လောက် ဖြစ်မယ်ထင်တယ် တရက်လောက်တော့ စမ်းကြည့်ပါဦးမယ်။