Calm Hill My Random Thoughts

စိတ္တဇအတွေးများ (၁၂)

ပညာရေးနဲ့ပတ်သက်ပြီး အထက်တန်းကျောင်းကနေ တက္ကသိုလ်တွေအထိ ဝိဇ္ဇာဘာသာရပ်တွေ ပထဝီ၊ သမိုင်း၊ ဒသနိက၊ ဥပဒေ၊ နိုင်ငံရေး စသည်ဖြင့်ပေါ့ ယူတဲ့လူတွေ မရှိသလောက် ဖြစ်လာတာတွေနဲ့ ပတ်သက်ပြီးတော့ ဒီဘာသာရပ်တွေဟာ အလွန်အရေးကြီးတယ်တို့ အဲဒါတွေတတ်တဲ့လူတွေ မရှိတော့ဘူးဆိုရင် အခက်အခဲဖြစ်ကြမယ်တို့ စိုးရိမ်ကြတာတွေ ပြောကြဆိုကြတာတွေ မြင်ရတာရှိတယ်။ ဘယ်အချိန်ကနေစပြီးတော့ ဒီလိုဖြစ်လာလဲလို့ ကိုယ်နိုင်သလောက် ရှေ့ဘက်မျိုးဆက် ၁ ဆက် ၂ ဆက် လိုက်ရှာဖွေပြီး လေ့လာကြည့်မိတယ်။

ကိုယ့်ဘကြီးက ကိုယ့်အဖေ့ထက် ၁၅ နှစ်လောက်ကြီးတော့ သူ့ခေတ်ဟာ အတော်စောတယ်။ ဘကြီးတက္ကသိုလ် တက်မယ်ဆိုတော့ လူစိတ်ဝင်စားတာများတဲ့ ဥပဒေဘာသာ လျှောက်မယ်ဆိုတော့ ငိုစားရယ်စားမလုပ်ပါနဲ့ အဖွားကန့်ကွက်တယ်။ ဆရာဝန်လည်း လူသေတွေနဲ့ ကိုင်ရတွယ်ရ ကြက်သရေမရှိဘူး ပြောကြတာနဲ့ ဆရာဝန်လည်း မဖြစ်ခဲ့ဘူးတဲ့။ သိပ္ပံဘက်က အင်ဂျင်နီယာထဲ လှည့်ကြည့်မိတော့ ပိသုကာဖြစ်ချင်တာ လျှောက်ပေးတဲ့ စာရေးကြီးက အင်ဂျင်နီယာဆိုတာ မကောင်းဘူးကွ မင်းကျောင်းပြီးရင် အလုပ်မရှိဘူး မဖြစ်မနေမှ လျှောက်ချင်ရင်တော့ ပိသုကာတော့ မလုပ်ပါနဲ့ မြို့ပြယူတာမှ စည်ပင်မှာအလုပ် ရနိုင်သေးတယ်ဆိုလို့ မြို့ပြရောက်သွားတာလို့ ပြောပြဖူးတယ်။

ကိုယ့်ဘကြီးမှမဟုတ်ဘူး သူတို့ခေတ်က ခေတ်ပြိုင်တွေအကြောင်း စာပေတွေထဲမှာ လိုက်ကြည့်လည်း သိပ်မကွာကြဘူး။ ဥပမာဆိုရင် “ထက်မြက်တဲ့ဓားသွားပေါ်က ချိုမြမြပျားရည်စက်” ထဲမှာ ဆရာဝန်ကြီး နာဂသိန်းလှိုင် ဆယ်တန်းအောင် တက္ကသိုလ်ရောက် ဆရာဝန်ဖြစ်ချင်တယ်ဆိုတော့ မိဘဖြစ်သူက စီးပွားရေးနဲ့ ဝိဇ္ဇာတွဲမယူလို့ အိမ်အလုပ်လည်း ခိုင်းလို့မရတော့ဘူး အရာရှိလည်း လုပ်ခိုင်းမရဆိုပြီး စိတ်တွေပျက်ကြ အများစုကတော့ ပထဝီယူပြီး အရာထမ်းလုပ်ဖို့ ရည်ရွယ်တယ်လို့ ရေးထားတာမျိုး သတိထားမိတယ်။ လွတ်လပ်ရေးရပြီးခေတ်က တခြားလူတွေအကြောင်း လိုက်ရှာကြည့်လည်း အဲလိုတွေပဲဆိုတော့ တချိန်တုံးကဆိုရင် လူမှု့ရေးဘာသာတွေ ခေတ်ကောင်းပြီး သိပ္ပံယူတယ်ဆိုရင် ခွေးဖြစ်မယ့်ခေတ်လို့ ရှိခဲ့ဖူးတာတွေ့တယ်။

ကိုယ့်မိဘတွေခေတ်ကျ မဆလခေတ်ဖြစ်နေပြီ သူတို့တုံးက ၈ တန်းရောက်ရင် ဝိဇ္ဇာသိပ္ပံခွဲလို့ အမှတ်နည်းတဲ့လူ ဝိဇ္ဇာဘက်ပို့လိုက်ပြီး တက္ကသိုလ်ရောက်လည်း ဝိဇ္ဇာဘာသာပဲ ယူလို့ရပါတယ် ဆယ်တန်းမတိုင်ခင်က ခွေးဖြစ်နှင့်နေပြီလို့ သတ်မှတ်ခံရတာပေါ့။ ကိုယ့်ခေတ်ကျတော့ ၈ တန်းမှာမခွဲတော့ဘူး ၁၀ တန်းအထိ ဝိဇ္ဇာသိပ္ပံစုပေါင်းပြီး သင်ရပြန်တယ် အဲဒါလည်းခေတ်က မပြောင်းသွားပါဘူး မိဘတွေက သိပ္ပံမှသိပ္ပံပါပဲ။ စီးပွားရေးက ဘာလုပ်ရတာလဲ မေးမိတယ်ဆိုရင် မင်းအဒေါ်ယောက်ျား စီးပွားရေးနဲ့ပြီးတော့ စသုံးလုံးထဲမှာ အလုပ်ဝင်ပြီးတော့ လူကြီးခရီးစဉ် လုံခြုံရေးပဲ လိုက်နေရတာကြည့်လို့ ဆုံးမတာခံရတယ်။ ဆယ်တန်းအောင်တော့ အဖေဖြစ်သူကတော့ မင်းစိတ်ဝင်စားရင် ရှေးဟောင်းသုတေသန ယူလေကွာဆိုတာ ဘာလုပ်စားရမှန်းမသိလို့ စိတ်ဝင်စားလည်း ကိုယ်မယူခဲ့ပါဘူး။ ကိုယ့်ညီမခေတ်ကစပြီး သိပ္ပံတို့ စီးပွားရေးတို့ အထက်တန်းမှာ ပြန်ပြီးတော့ ယူခိုင်းပေမယ့် အခုအချိန်အထိတော့ ဝိဇ္ဇာခေတ်ကတော့ ပြန်ရောက်တာ မရှိတော့ပါဘူး။

တလောလေးက အိမ်ခဏပြန်ရင်း သူငယ်ချင်းရဲ့ အဖေဖြစ်သူနဲ့ ကိုယ့်ကျောင်းက ကလေးတွေ အလုပ်သင်ဆင်းမှ ဘွဲ့ရကြတော့တယ်လို့ စကားစပ်မိပြီး ရုံးမှာတချို့လည်း လက်ခံထားတယ်တို့ ကျောင်းသားအရေအတွက်နဲ့ အလုပ်တွေကလက်ခံနိုင်မယ့် ပမာဏမမျှတဲ့အကြောင်း စကားစပ်မိတယ်။ အန်ကယ်ကြီးက သားရယ်တဲ့ ဒါမျိုးပြဿနာတွေက အရင်လည်းရှိတာပေါ့ကွ မင်းအဒေါ်စီပွားရေးနဲ့ ကျောင်းပြီးတာကွာ။ အလုပ်သင်ဆင်းဆိုတော့ မဆလခေတ် အာဏာသိမ်းပြီးတော့ စီးပွားရေးအလုပ်တွေ အကုန်သိမ်းတဲ့အချိန် ပြည်သူ့ဆိုင်တွေ ဖြစ်ကုန်ပြီဟ စီးပွားရေးလုပ်တဲ့ ကုမ္ပဏီမပြောနဲ့ အိမ်ဆိုင်တောင် ကြီးကြီးမရှိတော့ အလုပ်သင်ဆင်းစရာ မရှိတာလောက်တော့ မဆိုးပါဘူးကွယ်ဆိုတော့ ငိုရအခက်ရယ်ရအခက်။

အသေအချာ စဉ်းစားမယ်ဆိုရင် ဝိဇ္ဇာတို့သိပ္ပံတို့က အမှတ်နည်းတာများတာ အားပေးတာ အားမပေးတာနဲ့ မသက်ဆိုင်ပါဘူး။ ဝိဇ္ဇာဘာသာတွေနဲ့ အစိုးအလုပ်တွေ အရာရှိဖြစ်တဲ့ခေတ်မှာ ဝိဇ္ဇာဘာသာတွေ အလုအယက်ယူခဲ့ဖူးသလို သိပ္ပံဆိုတာ အစိုးရအလုပ်လည်း မရှိတဲ့အချိန်မှာ သိပ္ပံယူရင်ခွေးဖြစ်မယ်လို့ သတ်မှတ်ခဲ့တာပါ။ လူသေတွေနဲ့ ကျက်သရေမရှိဘူးဆိုပြီး ဆရာဝန်မဖြစ်ချင်ခဲ့တဲ့ ဘကြီးရဲ့သမီးက ဆရာဝန်ဖြစ်သွားတယ်။ မောင်နှမချင်းဆိုတော့ ငါတို့လည်းဟယ် ဆရာဝန်ဖြစ်ချင်တာ ဘာရယ်လို့မှ မဟုတ်တာပဲ လူဆိုတာတွေ ရှိနေသ၍ ဆေးခန်းဖွင့်ထားရင် အလုပ်ရှိတာဆိုတော့ ငါတို့ဘာသာက လူဝိုင်းတိုးတော့ လူစည်တာပေါ့လို့ ပြောဖူးတာ သတိရတယ်။ သုံးစရာနေရာမရှိရင် တခေတ်တခါက ရွှေဖြစ်ဖူးတဲ့ စီးပွားရေးတောင် ပြည်သူ့ဆိုင်ခေတ်မှာ ခေတ်ပျက်ခဲ့ဖူးတယ် မဟုတ်ပါလား။

ဝိဇ္ဇာတို့သိပ္ပံတို့ဆိုတာ သိပ်ပြီးကြီးလွန်းပါတယ် ကိုယ့်အသိုင်းအဝိုင်းမှာ ကြည့်မယ်ဆိုရင် သင်္ချာဘာသာတွေက အရေးကြီးတယ်လို့ အော်ကြဟစ်ကြရတယ်။ အသုံးတည့်ပါတယ်လို့ လော်ဘီလုပ်ပေး နေရတဲ့လူတွေဟာ စာသင်နေတဲ့ ဆရာတွေမဟုတ်ပဲ ကျောင်းကပြီးလို့ အလုပ်ထဲရောက် ဘာလုပ်မှန်းမသိခဲ့တဲ့ အကြောင်းအရာတွေနဲ့ ခွေးဖြစ်ခဲ့ပြီးတဲ့ ကျောင်းသားဟောင်းတွေက ပြောပေးနေရတာတော့ နည်းနည်းရုပ်ပျက်တာပေါ့လေ။ တကယ်ဆိုရင် အနည်းဆုံးအနေနဲ့ ပြဌာန်းချက်မှာပါတဲ့ ဘာသာရပ်တခုဟာ သုံးလို့ရပါတယ်လို့ အရေးကြီးတယ်လို့ ပြောနေစရာတော့ မလိုအပ်သင့်ဘူး။ သင်မယ်လို့ ပြဌာန်းတဲ့လူနဲ့ သင်ဖို့တာဝန်ကျတဲ့လူက အသုံးချဖို့အထိမပြောနဲ့ အလကားသင်နေတာ မဟုတ်ပါဘူး ဆိုတာလေးတခုကို ခေါင်းထဲထည့်မပေးနိုင်ရင် မသင်သင့်ဘူးမဟုတ်လား။

သင်္ချာအသုံးလိုတာ လော်ဘီလုပ်တော့ တခြားဘာသာတွေရော အရေးမကြီးဘူးလားလို့ ပြန်ကြည့်မိတယ်။ Computer Architecture, Operating System, Programming Language, Automata, Software Engineering, … စသည်ဖြင့် တခြားဘာသာရပ်တွေ စဉ်းစားသလောက် အများကြီးရှိပေမယ့် ဘယ်သူမှ လော်ဘီလုပ်တာ မမြင်မိပါဘူး။ သင်္ချာဆိုတာလည်း ဝိဇ္ဇာတို့သိပ္ပံတို့လို ဖြစ်ရပ်အတူတူပဲ Machine Learning တို့ Artificial Intelligence တို့ ဖန်စီအလုပ်လေးတွေ ခေတ်စားလာတဲ့အတွက် သင်္ချာမသိရင် ခွေးဖြစ်မယ်လို့ သတ်မှတ်တဲ့ခေတ် ရောက်လာလို့ အရေးလုပ်ခံရတာပါ။ တချိန်ကဆို IF နဲ့ FOR LOOP တတ် Visual Studio နဲ့ Button နေရာချတတ်ရင် Software Engineering မလိုဘူး သင်္ချာဆိုတာမလိုပါဘူး ပြောတဲ့ခေတ်လည်း ရှိခဲ့သေးတာပဲ သိပ်အဝေးကြီး မဟုတ်သေးပါဘူး။

ကိုယ့်နိုင်ငံတခုထဲလို့ စဉ်းစားပြီးတော့ အားတော့ငယ်စရာ မရှိပါဘူးလေ တလောလေးကပဲ တချို့နိုင်ငံတွေက တက္ကသိုလ်တွေမှာ အင်္ဂလိပ်စာအထူးပြု ယူမယ့်လူမရှိလို့ ဌာနပိတ်ရမယ်တို့ သမိုင်းယူတဲ့လူ မရှိသလောက် နည်းလာတယ်တို့ ပညာရေးသတင်းတွေမှာ လိုက်ရှာကြည့်ရင် တွေ့ပါလိမ့်မယ်။ ဒသနိကဗေဒကတော့ သူများနိုင်ငံတွေလည်း ကျောင်းပြီးရင် McDonald မှာ ဘာဂါကြော် အရောင်းစာရေး လုပ်ရမယ်လို့ အချင်းချင်းနောက်ကြတာ ထုံးစံဖြစ်နေပါပြီ။ အကျဉ်းချုပ်ရရင်တော့ ပညာရွှေအိုး လူမခိုးဆိုပေမယ့် ရွှေမဖြစ်မယ့် ဘာသာလို့ ခေတ်အလိုက် သတ်မှတ်ပြီးတော့ မယူကြတာတော့ရှိတယ်လို့ပဲ ပြောရလိမ့်မယ် နောက်ပြီးတော့ ရွှေဖြစ်မပေးနိုင်ရင်လည်း ဘယ်လိုလော်ဘီလုပ်လုပ် ခွေးအဖြစ်ခံမယ့်လူလည်း နည်းလိမ့်မယ်လို့ပဲ စဉ်းစားမိတယ်။

comments powered by Disqus