Calm Hill My Random Thoughts

ရန်ကုန်နေ့ရက်များ (၄)

အလုပ်နဲ့ရန်ကုန် မကြာခဏသွားရလေ့ရှိတော့ ရန်ကုန်သွားတယ်ဆိုတာ ကိုယ့်အတွက်က အဆန်းလည်း မဟုတ်တော့ပါဘူး။ မန္တလေးက အိုက်ကီဒိုသင်တန်း အနှစ် ၂၀ ပြည့်အထိမ်းအမှတ် ပွဲလုပ်မယ်ဆိုလို့ ဖိတ်ထားတာကို သွားဖို့အတွက် ခွင့်ယူထားတာနဲ့ ဆက်စပ်ပြီးတော့ သီတင်းကျွတ်လောက်က ရန်ကုန်ရုံးကို ရောက်ဖြစ်တယ်။ အလုပ်မှာလည်း တရုံးလုံးနဲ့စကား မပြောဖြစ်တာကြာတော့ တယောက်ချင်း ခေါ်တွေ့ဖို့တွေရယ် စက်တွေကလည်း ၃-၄ နှစ်လောက် ကျော်လာတဲ့အတွက် အတော်လေးနှေးပြီဆိုတော့ Upgrade လုပ်ဖို့ ပစ္စည်းပစ္စယတွေနဲ့ လုပ်စရာတွေက တန်းစီပြီးပါလာတော့ ရောက်ကတည်းက နားရတယ်လည်းမရှိပါဘူး။

အဖေမရှိတော့ကတည်းက အဆက်အသွယ်ပြတ်သွားတဲ့ အဖေ့သူငယ်ချင်းတယောက်နဲ့ ရန်ကုန်မသွားခင် ၁လ လောက်ကမှ Social Network တွေရဲ့ကောင်းမှု့နဲ့ အဆက်အသွယ်ပြန်ပြီး ရတာရှိတယ်။ အဖေနဲ့သူ့ရဲ့ တချို့သူငယ်ချင်းတွေရဲ့ ဆက်ဆံရေးက အတော်ရှင်းပြရခက်တယ် ကျောင်းအတူတူတက် အဆောင်အတူတူနေ ဌာနတခုထဲမှာ အတူတူလုပ်ကြဆိုတော့ လုပ်ဖော်ကိုင်ဘက်တွေလို့လည်း ပြောလို့ရသလို မိသားစုတွေလိုလဲ ဖြစ်နေတာရှိတယ်။ ကိုယ်ငယ်ငယ်က ကိုယ့်ထိမ်းပေးလာရတဲ့ မိသားစုဖြစ်နေတာနဲ့ တွေ့လည်းတွေ့ချင်သလို ရန်ကုန်ရောက်ရင် လာခဲ့ပါ့မယ်လို့ ကတိပေးထားတော့ အလုပ်အားအား မအားအား သွားဖို့စီစဉ်ရတယ်။

ပေးထားတဲ့ ဖုန်းနံပတ်ကလည်း တိုက်တိုက်ဆိုင်ဆိုင် ဆက်သွယ်လိုမရနဲ့ အတော်လေး ဂွကျပြီးတဲ့နောက် ၂ ရက်လောက်နေမှ အဆက်အသွယ်ရတယ်။ ကိုယ်လာမယ်ဆိုတော့ လာမယ့်ရက်ကျရင် အိမ်မှာထမင်းစားပြီးမှ ပြန်ကွာဆိုတော့ ကိုယ့်တယောက်အတွက်နဲ့ အလုပ်ရှုပ်မှာစိုးလို့ မစားတော့ဘူးဦးရယ်လို့ ပြောမိလိုက်တော့ အဲလိုပြောရမလားဆိုပြီး အဆူခံရပြန်တယ်။ သွားတာကတော့ ထုံးစံအတိုင်း Grab ကောင်းမှု့နဲ့ဆိုတော့ Location ရှာလို့ရတော့ ပြဿနာသိပ်မရှိပဲ ရောက်သွားပါတယ်။ မတွေ့တာလည်းကြာသလို ကိုယ်ရောက်တော့ လူကြီးတွေရော လူငယ်တွေရော လူစုံနေတော့ ပြောစရာစကားတော့ မပြတ်ဘူးပေါ့ ကိုယ်စိတ်မကောင်းမှာစိုးတော့ အဖေဆုံးခါနီး အကြောင်းတွေတော့ တတ်နိုင်သ၍ မပြောကြပါဘူး အဲအတွက်လည်း ကျေးဇူးတင်ရပါတယ်။

ထမင်းစားမယ်ဆိုတော့ ဝက်သားနဲ့အမဲသားတော့ မင်းလည်းမစားဘူး ငါတို့လည်းမချက်ဘူးဆိုတော့ တကူးတက ဖြစ်နေပြီဆိုတာ သတိထားမိတော့ ပိုပြီးတော့စားရခက်တယ်။ ကျနော်မစားတာမရှိပါဘူး အကုန်စားပါတယ်ဆိုတော့ မဖြစ်နိုင်ဘူး မင်းတို့အိမ်က အကုန်မစားဘူးဆိုတော့ ကိုယ်လည်းပဲ ရှင်းပြရခက်တယ်။ ငယ်ကတည်းက အဖေဆေးရုံတက်ရရင် ဘေးအိမ်တအိမ်မှာ ကိုယ့်ကိုအပ်ထားခဲ့ရလေ့ရှိတယ်။ အပ်ထားခဲ့အိမ်ကလည်း ကိုယ်ဘာမစားလဲ ဂရုစိုက်မေးပေမယ့် တယောက်ထဲအတွက် အနှောက်အယှက် မဖြစ်စေချင်တော့ ဘာပဲဖြစ်ဖြစ်ပါဆိုပြီး ထည့်ပေးတာအကုန် မျက်စေ့မှိတ်ပြီး စားလိုက်တာဆိုတော့ အစားအသောက်ရွေးတဲ့ဘဝက မရှိတော့တာကြာခဲ့ပါပြီ။ စားသောက်ပြီးလို့ အပြန်လိုက်ပို့မယ်ဆိုတော့ အားနာတယ်လို့ ပြောမိရင်လည်း အဆူခံရနိုင်တယ်ဆိုတော့ ကိုယ်လည်းမငြင်းတော့ဘူး ရုံးနားအထိလည်း လိုက်ပို့ပေးသွားတယ်။

မန်းလေးကတော့ ညီမဖြစ်သူရောက်လာမှ သီတင်းကျွတ် လပြည့်အဖိတ်မှပဲ ပြန်သွားဖြစ်တယ်။ အိုက်ကီဒိုပွဲကတော့ တွေ့နေကျလူတွေနဲ့ ဆရာတွေပဲဆိုတော့ ထွေထွေထူးထူးမရှိပါဘူး။ အိမ်ပြန်ရောက်တော့ အမေဖြစ်သူနဲ့ အခြေအတင်ပြောရတယ် အိမ်ကပြီးသွားတာ ၁ နှစ်လောက်ရှိလဲ ပန်းရံတွေ ဘိလပ်မြေခိုးတာကနေ ဆေးသုတ်မညီတာအထိ ခေါင်းထဲမှာအကုန်ထား ပူပန်နေပြီး တက်လိုက်ဆင်းလိုက်နဲ့ ဒူးနာတယ်တို့နဲ့ မြင်လာရတော့ အဆင်မပြေတော့ မဆူချင်လည်း ဆူရတော့တယ်။ နောက်ဆုံးမှ အမေဖြစ်သူက မင်းတို့လည်း ကျန်းမာအောင်နေ ငါလည်းနေမယ် အဲဒါပဲအရေးကြီးဆုံးဆိုပြီး သဘောတူညီချက်ရမှပဲ ရပ်ရတော့တယ်။ သီတင်းကျွတ်ပြီး ၂ ရက်နေတော့မှ ညီမဖြစ်သူနဲ့အတူ ရန်ကုန်ပြန်လာလိုက်တယ်။ ညီမဖြစ်သူရဲ့လေယာဉ်က ရန်ကုန်မှာ ၅ နာရီလောက် ကြာဦးမှာဆိုတော့ ညီမဖြစ်သူကိုလည်း အဖေ့သူငယ်ချင်းအိမ်က ခေါ်ခဲ့ပါဦးဆိုတာနဲ့ ညီမဖြစ်သူကို လိုက်ပို့ခဲ့ပါသေးတယ်။

နောက်ပိုင်းရက်တွေကတော့ ရုံးမှာစက်တွေကို Upgrade လုပ်တာတွေ တယောက်ချင်းကိုခေါ်ပြီး Review လုပ်ဖို့အတွက် စကားပြောတာတွေနဲ့ တနေကုန်တနေခန်း စကားပြောရတာနဲ့ အားချိန်လည်းမရှိတော့ ဘယ်မှလည်း မသွားနိုင်တော့သလို ဘယ်သူငယ်ချင်းနဲ့မှလည်း တွေ့ချိန်မရတော့ပါဘူး။ ဒီတခေါက်အဆင်ပြေတာက ရုံးနားလေးမှာ Mandalay Tea Room ဆိုပြီး လာဖွင့်ထားတာတွေ့တော့ အစားအသောက်က အရင်လောက်တော့ မဆင်းရဲတော့ပါဘူး စားစရာတော့ရှိတယ်။ လူသိပ်မရှိတော့ နောက်တခေါက် ပြန်မရောက်ခင် ဆိုင်ပြုတ်မသွားဖို့ပဲ အရေးကြီးတယ်ပြောရမယ်။ ရန်ကုန်မှာ ၃-၄ ရက်လောက်နေပြီးတော့ စင်ကာပူဘက်က ကိုယ့်ရဲ့ဆရာတယောက် ရိုမေးနီးယားပြန်ဖို့ နှုတ်ဆက်ပွဲရှိတယ်ဆိုတာနဲ့ ဆက်မနေတော့ပဲနဲ့ ပြန်ခဲ့လိုက်တော့တယ်။ အမေနဲ့အခြေအတင် စကားပြောလာရတာ ခေါင်းထဲက ထုတ်လို့မရတာနဲ့ ပြန်လာပြီးတဲ့နောက်ပိုင်း အိပ်လို့မရတာရှိတယ်။ ပုံပြင်တခုထဲက စာချကိုယ်တော်ကြီးကို သူများအတွက်ပဲ အချိန်ပြည့်စာချမနေနဲ့ ကိုယ်အတွက်လည်း အားထုတ်ချိန်ထားဦးဆိုပြီး ပြောဖို့အတွက် အရှင်ဘုရား သေဖို့ရော အချိန်ရပါ့မလား လို့ တပည့်ဖြစ်သူက လျှောက်သလိုပဲလို့ တွေးပြီးနေတတ်အောင် ကြိုးစားနေရတုံးပါပဲ။

comments powered by Disqus