Calm Hill My Random Thoughts

နည်းနည်းလေးတော့လွဲနေမယ် (၄)

အရင်နှစ်ကုန်လောက်က ရန်ကုန်ရောက်နေချိန်ကနေစပြီး ပျော်စရာအလွဲတွေရော အိပ်ရေးပျက်တဲ့ ပြဿနာညတွေရောနဲ့ လုံးလည်လိုက်နေတာ အခုအချိန်အထိပါပဲ။ ဒီဇင်ဘာအကုန်လောက် ရန်ကုန်ရောက်တော့ ဘယ်ရက်အထိ ရန်ကုန်မှာ သွားစရာရှိတာသွားမယ် ကရင်နှစ်ကူးနေ့ အမေ့အိမ်ကိုပြန်မယ် စီစဉ်ထားတယ်။ အမေဖြစ်တဲ့သူက ပြန်လာခါနီးရက်မှ မင်းလည်းအိမ်လာထားတာ ဘယ်လောက်မှမရှိသေးဘူး အခုတခေါက် မလာခဲ့နဲ့ဆိုပြီး အတင်းလုပ်နေပါရော။ အဲလိုအတင်းကြီး ငြင်းနေတော့လည်း ဟုတ်ကဲ့ပါ… မလာနဲ့ဆိုလည်း မလာတော့ဘူးဆိုပြီး စီစဉ်ထားတဲ့ရက်ကို လေယာဉ်လက်မှတ် မဝယ်ထားလိုက်ဘူး ခွင့်လည်းမယူတော့ဘူးဆိုပြီး ခွင့်တွေကိုအကုန် နောက်နှစ်ကိုရွှေ့လိုက်တယ်။ ကရင်နှစ်သစ်ကူးပြီးနောက်နေ့ အမေနဲ့ဖုန်းဆက်တော့ အရင်ရက်တွေက အအေးလှိုင်းဖြတ်နေလို့ မင်းနေမကောင်းမှာစိုးလို့ မလာနဲ့ပြောတာ အခုတော့ နည်းနည်းပေါ့သွားပြီ လာခဲ့တော့ဆိုပြောတော့ လေယာဉ်လက်မှတ် ရအောင်ဝယ်ပြီး မန္တလေးပြန်ရတာပေါ့။ ခွင့်တွေအကုန်လုံး ယူလိုက်ပြန်ဖျက်လိုက်နဲ့ ပြဿနာတက်ကုန်တော့ အိမ်မှာလည်း ရက်ကြာကြာ မနေနိုင်လိုက်ပါဘူး နှစ်ကူးတဲ့နေ့မှာပဲ ရန်ကုန်ပြန်လာခဲ့ရတယ်။

ရန်ကုန်ပြန်ရောက်တော့ အဖေ့သူငယ်ချင်းတယောက်နဲ့ ပုသိမ်ကိုသွားမယ်ဆိုတာ ချိန်းထားတာနဲ့ ရုံးပိတ်ရက်တပတ် စနေနေ့မနက်မှာ သွားကြမယ်ဆိုပြီး စီစဉ်လိုက်ကြတယ်။ သွားမယ့်တပတ်မှာ လွတ်လပ်ရေးနေ့နဲ့ဆက်နေတော့ ရုံးပိတ်ရက်ရှည်ဖြစ်နေတာ သတိမထားမိတော့ သွားတဲ့အချိန် လမ်းမှာကားတွေ အတော်ကိုများတယ်။ ပုသိမ်ရန်ကုန်လမ်းကလည်း ပြင်နေတဲ့အတွက် အသွားအပြန်လမ်းမှ တစီးစီပဲမောင်းလို့ရတဲ့ နေရာတွေအတော်များတယ်။ စည်းကမ်းရှိလှစွာသော နိုင်ငံကြီးသားတွေက ကျော်တက်လို့မှမရတဲ့အခြေအနေမှာ အသွားအပြန် ၂လမ်းလုံးက ကျော်တက်လာတဲ့ ကားတန်းကိုယ်စီနဲ့ Deadlock တွေဖြစ်ပြီးတော့ ရန်ကုန်ကအထွက် ညောင်တုန်းအဝင်မှာတင် ကားတွေပိတ်နေပြီးတော့ ၄-၅ နာရီပဲမောင်းရမယ့် ပုသိမ်ခရီးဟာ ည ၈ နာရီလောက်မှပဲ ပုသိမ်ရောက်ကြတယ်။

ပုသိမ်ရောက်တော့ တည်းဖို့စီစဉ်ထားတဲ့ အဖေ့သူငယ်ချင်းရုံးက ဘိုတဲကိုရောက်တော့ စောင့်နေတဲ့တာဝန်ခံက လာမယ်လို့သူမသိလို့ ဘာမှမပြင်ထားဘူးဆိုပြီး ကိုယ်ရောက်မှ ပြင်ဆင်ပေးတယ်။ အဖေ့သူငယ်ချင်းက တခုခုတော့လွဲနေတယ် ငါလာမယ်လို့ပြောထားတယ် ဘယ်အခန်းကို ပြင်ထားတယ်လို့လည်း ပြောတယ်ဆိုပြီး အိပ်လို့လည်းရနေပြီဆိုတော့ ပစ္စည်းတွေချပြီးတော့ ကိုယ်သွားစရာရှိတဲ့နေရာပြန်ထွက် ညမိုးချုပ်ပြန်လာပြီး အိပ်လိုက်ကြတယ်။ မနက်မိုးလင်း အိပ်ယာနိုးတောမှ နေပိုင်းကျတဲ့တာဝန်ခံ ရောက်လာတော့မှ ဆရာကဘယ်လိုလုပ် ပုသိမ်ရောက်နေတာတုံး ဆရာအခုထိ မရောက်သေးဘူးဆိုပြီး ချောင်းသာဘိုတဲက စောင့်နေတာဗျဆိုပြီးပြောမှ နေရာလွဲနေမှန်း သိကြရတော့တယ်။

မနက်စာစားပြီးတော့ ပုသိမ်မှာရှိတဲ့ ဘုရားတွေဖူးပြီးမှ ငွေဆောင်သွားမယ်ဆိုပြီး စီစဉ်နေရာကနေ ဘုရားတွေဖူးပြီးတော့ တခါပြန်မယူရတော့တာပေါ့ ပစ္စည်းတွေတခါပဲ သိမ်းခဲ့မယ်ဆိုပြီး အိပ်တွေသိမ်းပြီး ပုသိမ်ဘိုတဲကနေ ထွက်လာခဲ့တယ်။ ငွေဆောင်ရောက်တော့ လွပ်လပ်ရေးနေ့နဲ့ ကိုက်နေတဲ့တပတ်ဖြစ် လူတွေကလည်းရှုပ်နေတော့ ၂ ယောက်သား မထူးပါဘူးလွဲလက်စနဲ့ ချောင်းသာမှာလည်း စောင့်နေကြတယ်ဆိုတော့ ချောင်းသာသွားအိပ်မယ် ဒီမှာဓာတ်ပုံပဲရိုက်ဆိုပြီး ဘုရားသွားတဲ့ဝတ်စုံ ပုဆိုးတွေနဲ့ ခါးတောင်းကျိုက် ရေထဲဆင်း ဓာတ်ပုံရိုက်ပြီး ချောင်းသာဘက် ထွက်လာခဲ့တယ်။ လမ်းမှာ ရွှေသောင်ယံသို့ ၇ မိုင် ချောင်းသာသို့ ၇ မိုင်ဆိုပြီး လမ်းညွှန်ဆိုင်းဘုတ် တခုတွေ့တော့ ရွှေသောင်ယံမရောက်ဖူးဘူး ဒို့အဲဒီဘက်ဝင်ရအောင်ဆိုပြီး ရွှေသောင်ယံဘက် ခြေဦးတည့်ကြပြန်တယ်။

ရွှေသောင်ယံသွားတဲ့လမ်းက ကျောက်လမ်းဆိုတော့ အတော်ဆိုးတယ် ၇ မိုင်ရှိတဲ့လမ်းဟာ ၂ နာရီလောက် မောင်းယူရတယ်။ ကားမောင်းတဲ့လူက ကောင်းကောင်းမောင်းတတ်လို့ တော်သေးတယ်ပြောရမယ်။ လမ်းကိုကြည်ပြီး စကားတပြောပြောနဲ့ ဟိုတလောကမှ သမ္မတလာပြီး တံတားဖွင့်သွားတာ ကြည့်ရတာသူလာပြီး ငါတို့လာတာ ပထမဆုံးများလားဆိုပြီး အဖေ့သူငယ်ချင်းက ပြောလာရာကနေ လမ်းဆုံးတော့ ပင်လယ်ကမ်းဘေးက ကွန်ကရစ်လမ်းပေါ် တန်းရောက်သွားပါရော။ ကမ်းခြေကရောက်နေပြီ ဦး.. ကျနော်တို့တံတားလည်း မတွေ့ခဲ့ဘူးနော်ဆိုပြီး ကမ်းခြေရွာက လူတွေမေးတော့မှ ချောင်းသာကိုသွားရင် ကွန်ကရစ်လမ်းအတိုင်းသွား မိနစ် ၂၀ လောက်ဆို ရောက်တယ်ပြောတယ်။ လမ်းညွှန်ဆိုင်းဘုတ်ကြည့်ပြီး အသွား ၇ မိုင် အပြန် ၇ မိုင် ၁၄ မိုင် ပြန်လာရမှာဆိုပြီး တောလမ်းကနေ လူလည်လုပ်ပြီး ဖြတ်လာခဲ့မိတော့ ငိုအားထက် ရယ်အားသန်ဖြစ်ရတယ်။ ရောက်နေမှတော့ မောင်းလာရတာနဲ့ တန်အောင်ဆိုပြီး ရွှေသောင်ယံတင် ညနေမိုးချုပ်အထိနေ ရေကူးစားသောက်ပြီးမှ ချောင်းသာသွားအိပ်ပြီး နောက်နေ့တော့ ရန်ကုန်ပြန်လာခဲ့တယ်။

ပျော်စရာအလွဲတွေပြီးတော့ ရန်ကုန်ရောက်တဲ့နောက်မှာ မောစရာအလွဲတွေက စောင့်လို့တော့နေပါပြီ။ ရောက်ရောက်ချင်းနောက်နေ့ပဲ ရောင်းထားတဲ့ Software တခုက နှေးနေတယ်ဆိုပြီး ဝယ်သွားတဲ့လူက ပြဿနာရှာနေတယ်ဆိုတော့ အလုပ်ထဲကို ဒိုင်ပင်ထိုးဝင်ရတယ်။ ကိုယ့်လူတွေအကြောင်းကလည်း ကိုယ်သိတယ်ဆိုတော့ ဒီအတိုင်းအလုပ်လုပ်ရင် ပြီးမှာမဟုတ်တော့ ၁ ပတ် Bootcamp လုပ်မယ် Software ကို လူအကုန်လုံး စမ်းတဲ့လူကစမ်းပြီး Bug Lists တွေထည့်တယ်။ ပြင်တဲ့လူတွေက နောက်နေ့တန်းပြင် ၁ ပတ်အတွင်းမှာ ရှာလို့ရသမျှ Bugs တွေ အကုန်လုံးကို အပြီးရှင်းကြမယ်ဆိုပြီး လုပ်လိုက်ကြတာ Bugs က ၂၀၀ ကျော်ထွက်ပြီး ၁ ပတ်နဲ့ကို ပြင်လို့မပြီးလို့ ကိုယ်ပြန်မယ့်ရက်ကို မပြန်နိုင်တော့ပဲ ပိတ်ရက်ပါ ၂ ခါဆက်သွားတာ ၁၁ ရက်နေမှ တပတ်လည်ပြင်လို့ ပြီးတော့တယ်။

ကိုယ့်အတွက်က စင်ကာပူပြန်ရောက်ရင် နှစ်ပတ်လည် အစည်းအဝေးရှိတာရယ် နှစ်ရှည်စီမံကိန်းတခါတည်း ဆွဲကြမယ်ဆိုတော့ ဖတ်စရာအိမ်စာတွေလည်း အပုံလိုက်ဖြစ်နေတယ်။ နေ့ပိုင်းမှာ Bug ရှင်းတဲ့လူတွေနဲ့ ကိုယ်ပါလည်နေလည်း ကိုယ့်အလုပ်တွေက ပြစ်ထားလို့မရတော့ ညပိုင်းမှလုပ်ရတယ်။ လေယာဉ်လက်မှတ်ကို ရွှေ့ရင်းရွှေ့ရင်းနဲ့ ၂၀ ရက်နေ့မှပဲ စင်ကာပူရုံးကို ပြန်ရောက်တော့တယ်။ ရောက်ရောက်ချင်းနောက်နေ့ အစည်းအဝေး ၃ ရက်ဆက်တိုက်ကို စီအီးအိုရဲ့အမျိုးသမီး ကျောင်းအုပ်ကြီး ဦးဆောင်ပြီးတော့ ရည်ရှည်ရည်တို စီမံကိန်းဆွဲတာ လုပ်လိုက်တာ တရက်တရက် အိမ်ပြန်တယ်ဆိုရင် ဦးနှောက်တခုလုံးက ကြံရည်ကြိတ်စက်ထဲ ထည့်လိုက်တဲ့ကြံလိုပဲ ဘယ်လိုညှစ်ညှစ် အရည်မထွက်တော့ဘူး။ ၃ ရက်အစည်းအဝေးပြီးတော့ တရုတ်နှစ်ကူး ၃ ရက်ပိတ်တာ ဘာမှမလုပ်နိုင်ပါဘူး အတိုးနဲ့အိပ်လိုက်ရတာ ၃ ရက်ဘယ်လို ကုန်သွားမှန်းတောင် မသိလိုက်တော့ဘူး။

၃ ရက် အစည်းအဝေးမှာ ကျောင်းအုပ်ကြီးရဲ့ လက်သံကို ကြုံပြီးတဲ့နောက်မှာ အဖေရှိစဉ်က ငါ့သား... မိန်းမတွေထဲမှာ ဆရာဝန်၊ သူနာပြု၊ တရားသူကြီး၊ ရှေ့နေနဲ့ ကျောင်းဆရာမတော့ မင်းသတိထားကွ ဆရာဝန်မနဲ့ သူနာပြုဆိုတာက တရက်တရက် ရောဂါဖြစ်မယ်ပဲ ဆက်စပ်တွေးပြီး စိတ်ထဲရှိတာကွ တသက်လုံး ဟိုဟာမစားရ ဒီဟာမစားရ အငတ်ခံနိုင်မလား မင်းအရင်စဉ်းစား တရားသူကြီးမနဲ့ ရှေ့နေ့မဆိုတာလည်း သူတို့ကအမှု့သည်ပဲ တနေကုန်မြင်ပြီး ငေါက်ငမ်းနေတော့ အိမ်ရောက်လည်း အကျင့်ပါနေတော့ ငေါက်တာတော့ ခံရမှာပဲဆိုတာလည်း မင်းခေါင်းထဲထည့်ပေါ့ ကျောင်းဆရာမကတော့ မင်းအမေကျောင်းဆရာမပဲ ငါရှင်းပြစရာလိုမယ်မထင်ဘူး လက်တွေ့ပဲမဟုတ်လား ငါတင်မကဘူး မင်းတောင်ပြေးမလွတ်ဘူး လို့ဆုံးမခဲ့တာ သွားသတိရမိတယ်။ ကိုယ်တို့တတွေက ၃ ရက်ကျော်တာနဲ့ ကျောင်းအုပ်ကြီး လက်ကနေလွတ်ပြီဆိုတော့ မထောင်းသာပေမယ့် တအိမ်ထဲအတူနေပြီး လွတ်လမ်းမမြင်တဲ့ ကိုယ့်စီအီးအိုကိုကြည့်ပြီး ကိုယ့်ကိုကိုယ် သနားတာထက် သူ့ကိုတောင်ပိုပြီး ဂရုဏာသက်မိတယ်။

တရုတ်နှစ်ကူးပြီးလို့ စီမံကိန်းတွေကိုစနစ်တကျ အကောင်အထည်ဖော်မယ်ဆိုပြီး ရုံးပြန်တက်လိုက်တာ တရက်တော့စိတ်ဖြောင့်ဖြောင့် အလုပ်လုပ်လိုက်ရပါတယ်။ နောက်နေ့ကစပြီးတော့ Server တလုံးဟာ Loading တွေတက်ပြီး ဘယ်လိုမှရှင်းမရလို့ ညသန်းခေါင်လည်း မတတ်နိုင်ဘူးဆိုပြီး ညတွင်းချင်း Server အကြီးတွေ Setup လုပ်ပြီးရွှေ့လိုက်ကြရတယ်။ နောက်ရက်ကို ရုံးမသွားလည်းရပေမယ့် ပြဿနာကို တကယ်ရှင်းရမယ့် ပရိုဂရမ်မာက ညီမဖြစ်သူဘွဲ့ယူလို့ အိမ်ပြန်သွားလေတော့ သူမလာမချင်းတော့ Server ကြီး Down မသွားအောင် ကိုယ်မှာကြံရဖန်ရတော့ နားလို့လည်းမရပါဘူး ညပိုင်းနောက်ကျတဲအထိ ရောက်မြဲရောက်လျက်ပါပဲ။

ဒီကြားထဲမှာ တခြားကော်ပိုရိတ်ရုံးက ပရိုဂရမ်မာတယောက်က System Integration လုပ်ပေးဖို့ Data တွေကို API ထဲမှာ Encrypt လုပ်ပေးတယ်ဆိုပြီး Sample Code ပေးတယ်။ ရတယ်ဆိုပြီး သူ့ Code အတိုင်း Decrypt လုပ်ကြတာ ဘယ်လိုမှသူ့ပေးတာ Decrypt လုပ်လို့မရဘူး Email ကို Chat လိုသဘောထားပြီး ပို့လိုက်ကြတဲ့ Thread ကြီးနဲ့ကိုယ့်မှာ Email Notification မြင်ရင် မူးတောင်မူးလာတယ်။ နောက်ဆုံးမှ သူရေးထားတာလည်း ဘယ်လိုအလုပ်လုပ်မှန်း သူသိပုံမရပါဘူး Function ထဲထည့်လိုက်တာ ထွက်လာတာအမှန်ပဲ ယူဆထားပုံရတယ် ပိုဆိုးတာက သူရေးထားတဲ့ Code ကိုယ့်မပေးပဲနဲ့ သူ့ဟာသူမှန်းပြီး ကိုယ်တွေသုံးမယ်ထင်တဲ့ Language တခုက Sample ရှာပေးလိုက်တာ အဖြေတူလားမတူလားလည်း Run မကြည့်လိုက်ဘူးဆိုတော့ အစကတည်းက မှန်မှမမှန်တာ ဘယ်လိုလုပ်တူမှာတုံး။ တရုံးထဲမဟုတ်လို့ ကံကောင်းတယ်ပြောရမယ် ဟုတ်များဟုတ်ရင် ဒီလောက် အလုပ်ရှုပ်နေတဲ့အချိန် လာပြီးတော့ စားနေတယ်ဆိုတော့ ဆွဲထိုးမိကြမယ်ထင်တယ်။ စနေဂနွေမှာ အိုက်ကီဒိုလည်း အိပ်ရေးတွေပျက်နေတော့ မသွားနိုင်ပါဘူး တနင်္ဂနွေတရက်ဟာ အိပ်ရင်းနဲ့ဘယ်လို ပျောက်သွားမှန်း မသိလိုက်ဘူး။

တနင်္လာနေ့ရုံးရောက်တော့ ခွင့်ယူထားတဲ့ ပရိုဂရမ်မာလည်း ရန်ကုန်ရုံးမှာ ပြန်ရောက်ပြီဆိုတော့ ပြောစရာရှိတာပြော ရှိသမျှ System တွေကို Stability Checking အကုန်ပြန်လုပ်မယ် စစ်မယ့်အဖွဲ့ကို ကိုယ်တိုင်ပဲယာယီ Lead လုပ်မယ်ဆိုပြီး အစည်းအဝေး အဆုံးသတ်လိုက်တယ်။ Preliminary Checking ဆိုပြီး ကိုယ်ဝင်လိုက်တဲ့အချိန်မှာပဲ တနှစ်မှာတခါတောင် ပြဿနာကြုံရတာ အတော်ကိုရှားတဲ့ စင်ကာပူမှာရှိတဲ့ System ကြီးက ရလိုက်မရလိုက်နဲ့ Down နေပါရော ရန်ကုန်ပြီးတော့ စင်ကာပူအလှည့်ပေါ့ တာဝန်ရှိတဲ့လူသွားကြည့်တော့ သူလည်းသိတယ် ချက်ချင်းရှင်းပေမယ့် ၁၀ မိနစ်လောက် Down သွားလေတော့ တတောင်လောက်ရှည်တဲ့ Service Disruption Report ဝိုင်းရေးပြီး တင်ကြရတော့တာပေါ့ နူရာဝဲစွဲတယ်ဆိုတဲ့ စကားပုံဆိုတာ ဒီလိုအခြေအနေကို ခေါ်တာပဲဖြစ်မယ်ထင်တယ်။

တလလောက်ရှိပြီဆိုတော့ လူလည်းအတော်ကို ပြိုင်းလာနေပြီ လက်ရှိအခြေအနေနဲ့လည်း နားလို့မရသေးဘူး။ လကုန်လောက်ကျရင် ဗီယက်နမ်ကို အိုက်ကီဒိုနဲ့ သွားစရာရှိလေးပဲ စိတ်ထဲမှတ်ထားပြီးတော့ အတိုးနဲ့နားမယ် စိတ်ကူးထားတယ်။ တနင်္လာညနေတော့ လူကပင်ပန်းနေလည်း စိတ်အနားရအောင်ဆိုပြီး Dojo ဘက်ထွက်လာခဲ့တယ်။ Dojo ရောက်တော့ ဆရာဖြစ်တဲ့လူက မင်းလာတာအတော်ပဲ ငါဖုန်းဆက်မလို့လုပ်နေတာ ဗီယက်နမ်အစိုးရက ဝူဟန်ဗိုင်းရပ်ကြောင့် ကျောင်းပိတ်ရက်တိုးပြီး Public Event တွေအကုန် ပိတ်ရမယ်ဆိုပြီး ကြေငြာထားတယ်လို့ စာရောက်လာတယ် ငါတို့သွားလို့ မရတော့ဘူးပြောတော့ ခဲလေသမျှသဲရေကျပေါ့ ကိုယ်လည်းဘာမှ လုပ်လို့မှရတဲ့ ကိစ္စမဟုတ်တော့ ကံပေါ့လို့ပဲ ပြောဖို့ရှိတော့တယ်။

အတန်းပြီးတော့ သင်တန်းလာတဲ့ ဂျပန်မတယောက်က ငါတို့ဂျပန်မှာ ဒီနေ့က Setsuban လို့ခေါ်တယ် မင်္ဂလာရှိအောင်လို့ လုပ်တာပေါ့။ မင်္ဂလာရှိတာတွေလာ မကောင်းဆိုးဝါးတွေထွက် လို့ ပြောပြီး အနောက်အရပ်ကိုလှည့် ဆူရှီစားရမှာဆိုပြီး ဆူရှီတယောက်တလိပ် ယူလာပေးတယ်။ ဂျပန်လို ယတြာခြေတယ်လို့ သဘောထား Fuku wa uchi, Oni wa soto လို့အော် ဆူရှီစားပြီး အိမ်ပြန်လာတယ်။ အိမ်မှမရောက်သေးဘူး Group Chat ထဲမှာ Msg ရောက်လာလို့ ကြည့်လိုက်တော့ ငါတို့ပြောတာ ရှေ့နောက်မှားသွားတယ် Fuku wa uchi ကို နောက်မှပြောရမှာလို့ ငါ့အဘွားဖုန်းဆက်တယ် ပြန်စားဖို့လိုတယ် နင့်အိမ်နားမှာပဲ ဆူရှီလိုက်ရှာတော့တဲ့။ ယတြာလည်း ပြောင်းပြန်ဖြစ်သွားတော့ ဘာတွေဖြစ်မလဲ ကိုယ်မမှန်းတတ်တော့ဘူး သန်းခေါင်ထက်တော့ ညဉ့်မနက်ပေမယ့် ဖြစ်နိုင်ရင်တော့ ဒီရက်ပိုင်းတော့ စိတ်ပြေလက်ပျောက် နားချင်နေပြီ မှားတာတွေလည်း ပြန်လည်းတည့်စေချင်ပါပြီ။

comments powered by Disqus