Calm Hill My Random Thoughts

Homemade Yogurt

COVID-19 နဲ့ ရုံးသွားလို့မရတော့ အိမ်ကနေအလုပ်လုပ်နေကျ ကိုယ့်အတွက်က အိမ်မှာအလုပ်လုပ်ရတာ သိပ်ပြဿနာမရှိပေမယ့် စျေးဝယ်လို့မလွယ်တာတခုက အတော်အခက်အခဲရှိတယ်။ လူရှုပ်လို့ရှင်းတဲ့နေ့မှ ဝယ်မယ်လို့လုပ်လိုက် Positive Cases တွေတိုးလာလို့ ဝန်ကြီးချုပ်ကတခါ မိန့်ခွန်းပြောလိုက် လူတွေကကြောက်လန့်ပြီး တိုးဝယ်လိုက်ကြနဲ့ ကိုယ်ဝယ်လို့ရမယ့် အချိန်ကိုမရောက်တော့ဘူး။ Online Store တွေကလည်း Amazon Prime နဲ့ ညသန်းခေါင် ၁၂ နာရီ အလုအယက်ဝယ်တာလည်း စက္ကန့်ပိုင်းအတွင်း ပစ္စည်းပြတ်ရင်ပြတ် မပြတ်ဘူးဆိုရင်လည်း Delivery Slot မရတော့တာနဲ့ အတော်ဒုက္ခရောက်ပါတယ်။ ကံကောင်းချင်တော့ အိမ်အောက်နားဖွင့်တဲ့ ကုန်စုံဆိုင်လေးမှာ ဆန်၊ ဆီ၊ ဂျုံမှုန့်၊ ကြက်သွန်၊ အာလူး၊ ပဲ၊ နွားနို့ စသည်ဖြင့် လိုအပ်တဲ့ကုန်ကြမ်းတွေ ဝယ်လို့ရလို့တဲ့အတွက် ရိက္ခာပြတ်တဲ့အထိ မဖြစ်တာတော့ အတော်ကံကောင်းတယ်။

ဒီလိုနဲ့ Work from Home ဖြစ်နေတဲ့အချိန်ကာလမှာ ဝယ်လို့မလွယ်တာတွေ အိမ်မှာပဲဖြစ်အောင် ဖန်တီးရတော့တယ်။ ကိုယ့်မှာအစာအိမ်က ပြဿနာပေးတတ်တော့ Probiotic လိုတဲ့အတွက် ဆေးသောက်ရလေ့ရှိတယ်။ နောက်ပိုင်းတော့ ဆေးမသောက်ချင်တာနဲ့ နေ့တိုင်းညနေတိုင်း ဒိန်ချဉ်စားရလေ့ရှိတဲ့အတွက် မရှိမဖြစ်အနေနဲ့ ဒိန်ချဉ်လိုအပ်ပါတယ်။ အိမ်အောက်က ကုန်စုံဆိုင်မှာက ဒိန်ချဉ်မရတော့ ဝယ်လို့ရတဲ့ နွားနို့ရယ်နဲ့ အိမ်မှာဒိန်ချဉ်လုပ်ဖို့ Youtube အားကိုးပြီး ကြံရတော့တယ်။ ထမင်းဟင်းချက်တာသာ Youtube ကြည့်ပြီး ကိုယ်ချက်တာကိုယ် မကြောက်မရွံ့စားရဲပေမယ် ဒိန်ချဉ်လိုဟာကျတော့ အခန့်မသင့်ရင် ဆေးခန်းရောက်နိုင်တော့ နည်းနည်းတော့ စားရမှာကြောက်မိတယ်။ ညီမဖြစ်သူရဲ့ရုံးမှာ အိန္ဒိယကလူတွေများတော့ သူတို့တော့လုပ်နေကျဆိုတော့ ဘာမှမကြောက်နဲ့ဆိုပြီး လုပ်တဲ့နည်းလည်းပြော Youtube က Tutorial လည်းရှာပေးကြနဲ့ အားပေးကြပါတယ်။

Homemade Yogurt

တကယ်လုပ်ကြည့်တော့ ဒိန်ချဉ်လုပ်ဖို့အတွက် ဘာမှထွေထွေထူးထူး မလိုအပ်ပါဘူး အဓိကဖြစ်တဲ့ နွားနို့ရယ် အဖုံးပိတ်လို့ရတဲ့ပုလင်း ဒါမှမဟုတ် ဗူးတခုခုပဲလိုပါတယ်။ နွားနို့အတွက် အိမ်အောက်ကဆိုင်မှာ ဝယ်လို့အလွယ်တကူရတဲ့ Dutch Lady တံဆိပ်နဲ့ Full Cream Milk ကိုသုံးလိုက်တယ် ဘယ်ဟာသုံးသုံး အတူတူပဲဖြစ်ပါလိမ့်မယ်။ နောက်ပြီးတော့ ဒိန်ချဉ်နည်းနည်း ၂ ဇွန်းလောက်လိုပါတယ်။ ပထအကြိမ်လုပ်တဲ့အခါ ဒိန်ချဉ်မရှိရင်တော့ ဗူးသေးသေးလေး ၁ ဗူးလောက်တော့ ဝယ်ဖို့လိုအပ်ပါလိမ့်မယ် နောက်ဆက်လုပ်သွားရင်တော့ ကိုယ်လုပ်တဲ့ဒိန်ချဉ်ပဲ ကိုယ်ပြန်ထည့်မှာဖြစ်လို့ ဝယ်ဖို့မလိုအပ်ပါဘူး။

ပထမအဆင့်အနေနဲ့ မီးအေးအေးနဲ့ နွားနို့ကိုကျိုပါ ကျိုပြီးသွားပြီဆိုရင် ဒိန်ချဉ်လုပ်မယ့် ပုလင်းထဲကိုထည့်ပြီး အပူချိန်ကို ၄၀ ဒီဂရီ စင်တီဂရိတ်လောက်အထိ အအေးခံဖို့လိုပါတယ်။ သာမိုမီတာမရှိလည်း ပြဿနာမရှိပါဘူး နွားနို့ပုလင်းကို လက်နဲ့စမ်းကြည့်လို့ ဒါမှမဟုတ်ပဲ လက်ညှိုးပဲဖြစ်ဖြစ် နွားနို့ထဲထည့်ကြည့်လို ခံနိုင်တဲ့အပူချိန်ဆိုရင် ရပြီလို့မှတ်လို့ရပါတယ်။ ကိုယ်လိုချင်တဲ့ အပူချိန်ရောက်ရင် ဒိန်ချဉ်လေး ၂ ဇွန်းလောက်ကို နွားနို့ထဲကိုထည့်ပြီး သမအောင်မွှေပေးပါ။ နွားနို့အရမ်းပူနေတဲ့အချိန် ဒိန်ချဉ်ထည့်မိရင် ဒိန်ချဉ်ဖြစ်အောင် လုပ်ပေးကြမယ့် ဘက်တီးရီးယားတွေ သေသွားမှာဖြစ်ပါတယ်။

နောက်တဆင့်ကတော့ သိပ်အေးလွန်းရင်လည်း ဘက်တီးရီးယားက ပွားလာမှာမဟုတ်တဲ့အတွက် အပူချိန်ထိမ်းထားဖို့ လိုအပ်ပါတယ် ကိုယ်ကတော့ ပုလင်းကိုအေးမသွားအောင် မျက်နှာသုတ်ပုဝါနဲ့ ပတ်ထားလိုက်တယ် အနည်းဆုံးတော့ ချက်ချင်းအေးမသွားတာပေါ့။ ကိုယ့်ဆီမှာ ရေခဲပုန်းရှိတယ်ဆိုလည်း ရေခဲပုံးထဲထည့်ထားရင် အပြင်မှာထားတာထက် အပူချိန်လျော့တာ နှေးပါလိမ့်မယ်။ ကိုယ်တွေက အပူပိုင်းနိုင်ငံမှာဖြစ်တော့ အခန်းအပူချိန်က ၂၈ ပတ်လည်လောက်ရှိတော့ အအေးပိုင်းနိုင်ငံတွေလို အေးလွန်းလို့မဖြစ်မှာတော့ သိပ်ပြီးမပူပန်ရပါဘူး အချိန်နည်းနည်း ပိုကြာတာပဲ ရှိကောင်းရှိပါလိမ့်မယ်။ သာမန်အားဖြင့် ၇−၈ နာရီလောက်ဆိုရင် အပြင်မှာထားတဲ့ ဒိန်ချဉ်ပုလင်းကို ရေခဲသေတ္တာထဲ ၁ ညလောက်ထားလိုက်ရင် စားလို့ရတဲ့ ဒိန်ချဉ်ကိုရပါပြီ။

Homemade Yogurt

အိမ်မှာလုပ်တဲ့ ဒိန်ချဉ်ဖြစ်သွားတဲ့နောက်မှာ ဒိန်ချဉ်ဝယ်မစားဖြစ်တော့ပါဘူး တပတ်တခါအတွက်ဆို နွားနို့ ၁.၅ လီတာလောက်ဆို စားလို့လောက်ပါတယ် ပိုပြီးတော့လည်း လတ်လတ်ဆတ်ဆတ်ရှိသလို အကုန်အကျလည်း အတော်သက်သာသွားတယ်။ ဂရိဒိန်ချဉ်လိုချင်ရင်တော့ ဒိန်ချဉ်ဖြစ်ပြီးရင် ပိတ်ပါးစတခုခုနဲ့ ရေစစ်ထားလိုက်ရင် ရတယ်လို့ပြောပေမယ့် ကိုယ်ကအသီးတခုခုနဲ့ပဲ ဖျော်သောက်လေ့ရှိတော့ သာမန်ဒိန်ချဉ်လို နည်းနည်းကျဲလည်း ဘာမှမဖြစ်တော့ စမ်းမကြည့်ဖြစ်သေးပါဘူး။ ပျားရည်နဲ့ဖြစ်ဖြစ် ဒီအတိုင်းစားတဲ့အခါတော့ ဂရိဒိန်ချဉ်ဆိုရင် နည်းနည်းပျစ်တော့ ပိုအဆင်ပြေမယ်ထင်တယ် တရက်ရက်တော့ စမ်းကြည့်ပါဦးမယ်။