Calm Hill My Random Thoughts

အိမ်တွင်းဖြစ် မုန်ညင်းချဉ်

ဒီနှစ်တနှစ်လုံးဟာ အိမ်ကနေပဲ အလုပ်လုပ်ရသလိုဖြစ်တော့ အရင်ထက်ပိုပြီးတော့ အိမ်မှာချက်ပြုတ်စားဖြစ်တယ်။ ချက်တဲ့ပြုတ်တဲ့နေရာမှာ ကိုယ်သုံးလေ့ရှိတဲ့ ပစ္စည်းတွေကို အိမ်နားမှာပဲရအောင် ဝယ်လေ့ရှိပေမယ့် ပုန်းရည်ကြီးတို့ မုန်ညင်းချဉ်တို့ကတော့ ဗမာဆိုင်တွေဘက် ရောက်တဲ့အခါမှပဲ ဝယ်လို့ရတာရှိတယ်။ တရက်က မုန်ညင်းချဉ်နဲ့ အသားနဲ့ကြော်ထားတာကို အမေ့ကိုပြလိုက်မိတော့ အမေဖြစ်သူက မုန်ညင်းချဉ်နဲ့ပတ်သက်ပြီး ဆိုင်ကဝယ်တဲ့ မုန်ညင်းချဉ်တွေမှာက တာရှည်ခံအောင် ဘာတွေထည့်လဲမသိ သန့်ရှင်းမှု့က ဘယ်လိုရှိလဲမသိဆိုပြီး ဖုန်းဆက်တိုင်း ပြောတော့တာပဲ။ အစားအသောက်နဲ့ ပတ်သက်တယ်ဆိုရင် ကျန်းမာရေးနဲ့ဆက်စပ်ပြီး အမေကအတော်ကို သတိထားတယ် အမေပြောတာက မှားတယ်လည်းမဟုတ်တော့ မုန်ညင်းချဉ်ကို ဝယ်မစားဖြစ်တော့ဘူး။ ဒီအတိုင်းမစားတာ ဘာမှမဖြစ်ပေမယ့် မြီးရှည်လုပ်တဲ့အခါတို့ ရှမ်းခေါက်ဆွဲ လုပ်စားတဲ့အခါကျ မုန်ညင်းချဉ်မရှိတဲ့အခါ အမယ်တခုလိုနေတော့ ပြဿနာတက်တာနဲ့ မုန်ညင်းချဉ်ကို အိမ်မှာလုပ်ဖို့ကြံစည်ဖြစ်တယ်။

မုန်ညင်းချဉ်လုပ်နည်းကို အင်တာနက်ပေါ်မှာ မွှေနှောက်ရှာဖြစ်တော့ Youtube ပေါ်မှာ ယူနန်ဘက်က အမျိုးသမီးနှစ်ယောက် လုပ်ပြထားတာရယ် မြန်မာပြည်ကနေ နိုင်ငံခြားရောက်နေတဲ့ အမျိုးသမီးတယောက် လုပ်ပြထားတာရယ် ၃−၄ မျိုးတွေ့တယ်။ အားလုံးလုပ်ပြထားတာမှာ လုပ်ပုံလုပ်နည်းနဲ့ ပါဝင်တဲ့ပစ္စည်းတွေက အခြေခံအားဖြင့် အတူတူလောက်ပါပဲ အခက်အခဲတခုပဲရှိတာက ထည့်ရမယ့်အချိုးအစား ဘယ်သူမှအသေအချာ မပြောထားပါဘူး။ အဲဒါနဲ့ ရှမ်းပြည်မှာရောက်နေတဲ့ သူငယ်ချင်းတယောက်ကို ငါ့ကိုမုန်ညင်းချဉ်လုပ်နည်း ရှာပေးဦးဆိုပြီး လည်ပင်းညှစ်ပြီးတော့ အကူအညီတောင်းရတယ်။ သူငယ်ချင်းဖြစ်သူကလည်း ငါ့အမေလုပ်တာတော့ ငယ်တုံးကတော့ ကူပေးဖူးတယ် ဘာတွေထည့်လဲ ငါမမှတ်မိတော့ဘူးဆိုပြီး ရှာလို့ဖွေလို့ရတဲ့ ရှမ်းဟင်းချက်နည်း စာအုပ်ထဲကနေ ဘာသာပြန်ပေးလိုက်တယ်။ အချိုးအစားလည်း မပြောလိုက်သလို ငါလည်းတခါမှ မလုပ်ဖူးဘူး အစာအဆိပ်သင့်ရင်တော့ မင်းထိုက်နဲ့မင်းကံပဲလို့ ဝိနည်းလွတ်လည်း ပြောလိုက်ပါတယ်။

အချိုးအစားမသေမချာနဲ့ မုန်ညင်းချဉ်လုပ်နည်းရပြီဆိုတော့ ပစ္စည်းပစ္စယတွေ စုရဆောင်းရတယ်။ လေလုံတဲ့အိုးတခုလိုတဲ့အတွက် ရှာလိုက်ဖွေလိုက်တာမှာ အချဉ်တည်တဲ့ ဖန်အိုးတလုံးတွေ့တာ $4 နဲ့ တရုတ်ပြည်ကမှာလိုက်တယ်။ အဓိကကျတဲ့ မုန်ညင်းရှာရတာတော့ နည်းနည်းအခက်အခဲရှိတယ် Supermarket တွေမှာ အချဉ်တည်လို့ရတဲ့ မုန်ညင်းမျိုးက အတော်ရှာရခက်တယ် ပိုဆိုးတာက နယ်စပ်တွေကလည်း အလွယ်တကူဝင်လို့ မရတဲ့အချိန်တွေဆိုတော့ အရွက်တွေဟာ အစုံအလင်မရဝာာ အတော်ကိုကြာပါပြီ။ လှည့်ပတ်ပြီးတော့ ရှာရင်းဖွေရင်းနဲ့ Golden Miles ဆိုတဲ့ ထိုင်းဘက်ကဝင်တဲ့ ပစ္စည်းတွေရောင်းတဲ့ဆီမှာ မုန်ညင်းဝယ်လို့ရလာတယ် အဲဒါတောင် မုန်ညင်းတွေက သိပ်ပြီးတော့မလှသလို အရွယ်လည်းသေးတယ်။ ဂျူးမြစ်ကတော့ Golden Miles မှာလည်း ရှာလို့မတွေ့တာနဲ့ ဗမာဆိုင်ကနေပဲ သွားဝယ်လိုက်ပါတယ် ကျန်တဲ့ပစ္စည်းတွေကတော့ ခါကျက်ဥ၊ ဆား၊ သကြားတို့လို ပစ္စည်းတွေဖြစ်လို့ အခက်အခဲမရှိပါဘူး။

ပါဝင်ပစ္စည်းများ

  1. မုန်ညင်း
  2. ခါကျက်ဥ
  3. ဂျူးမြစ်
  4. ငရုတ်သီးအကြမ်းမှုန့်
  5. သကြား
  6. ဆား
  7. ရှားကောအမှုန့် (Black cardamom or Tsao-ko)
  8. စီချွမ်ငရုတ်ကောင်း
  9. ဆန်အရက်ကြမ်း

အရင်ဆုံးအနေနဲ့ မုန်ညင်းတွေကို ခြောက်သွားအောင်လို့ အနည်းဆုံး ၁ ရက်လောက်တော့ နေလှမ်းရပါတယ်။ ကိုယ်ကတော့ အဝတ်တန်းမှာ မုန်ညင်းတွေကို ညှပ်နဲ့ညှပ်ပြီး အဝတ်လှမ်းသလို အပြင်ထုတ်လှမ်းလိုက်တယ် တိုက်ဆိုင်ချင်တော့ မိုးအဆက်မပြတ် ရွာနေတဲ့ရက်တွေနဲ့ ဖြစ်သွားလေတော့ ၂ ရက်လောက် လှမ်းလိုက်ရပါတယ်။ နေလှမ်းပြီးသား မုန်ညင်းတွေကို ရေဆေးပြီးတော့ တလက်မခွဲ တလက်မလောက် အရွယ်လေးတွေလှီး ကြီးတာသေးတာ ကိုယ်စားမယ့်ဟာ ကိုယ့်ဟာကိုယ်ချင့်ချိန်ပေါ့။ မုန်ညင်းတွေလှီးပြီးရင်တော့ ဇလုံကြီးကြီးတခုထဲထည့် ဆားထည့်ပြီးနယ်ရမယ် မုန်ညင်းထဲက လက်ကျန်အရည်တွေ ထွက်လာအောင်နယ်ရမယ် အတော်ပင်ပန်းတဲ့အလုပ်ပါ ရောင်းတဲ့လူတွေကတော့ ခုံဖိနပ်နဲ့နယ်တယ်ဆိုပဲ။ ဆားထည့်နယ်လိုက် ရေဆေးလိုက်နဲ့ အစိမ်းအရောင်အရည်တွေ ကုန်တဲ့အထိနယ်ရမယ် ဒါမှမဟုတ်လို့ ခြေကုန်လက်ပန်းကျလို့ ရပ်ချင်လည်းရပ်ပါ။

Pickled Mustard Greens

Pickled Mustard Greens

မုန်ညင်းတွေ နယ်သားကျသပြီး နောက်ဆုံးအနေနဲ့ ရေစင်အောင် ညှစ်ပြီးသားရရင်တော့ အချဉ်တည်ဖို့အတွက် ခါကျက်ဥတို့ ဂျူးမြစ်တို့ သေးသေးလှီးထားတာထည့် တချို့လည်း ကျောက်ပွင့်အနက်တို့ ပဲပိုးတီတို့ ကြက်သွန်ဥလေးတွေတို့ ထည့်တာလည်းရှိတယ် ရှိလို့ထည့်ချင်ရင်ထည့်ပေါ့။ ပြီးသွားရင်တော့ ဆား၊ သကြားနဲ့ စာရင်းထဲမှာပြထားတဲ့ အမွှေးအကြိုင်တွေလည်းထည့်ပြီး သမအောင်နယ်ပါ။ အချိုးအစားက ကိုယ်လည်းမသိတော့ မှန်းထည့်ထားပြီး ခါကျက်ဥကိုမြည်းကြည့် အပေါ့အငန်အချိုအစပ်လိုတာ ကိုယ်စိတ်ထဲရှိသလိုညှိလိုက်တယ် မကြောက်ပါနဲ့ ရဲရဲသာမြည်းကြည့်ပါ အစိမ်းစားမိလို့ ပြဿနာတက်နိုင်တဲ့ ပစ္စည်းမပါပါဘူး။ အရသာလည်း စိတ်တိုင်းကျပြီဆိုရင် အချဉ်တည်မယ့် ပုလင်းဒါမှမဟုတ် အိုးတလုံးထဲမှာ သိပ်ပေးပြီးရင် ပြီးသလောက်ဖြစ်ပါပြီ။ နောက်ဆုံးအနေနဲ့ အပေါ်ယံတွေမှာ မှိုမတက်အောင် ဆန်အရက်ကြမ်း နည်းနည်းလောင်းပေးဖို့လိုတယ်။ အဲဒါနည်းနည်းခက်တယ် ဆန်အရက်မရှိတော့ ဗောကာထည့်မယ်လို့ သွားဝယ်ဖို့အတွက် စိတ်ကူးမိလိုက်ပေမယ့် တအိမ်ထဲနေတဲ့ အစ်ကိုတယောက်က သူ့ထဲမှာတော့ ဂျင်ရှိတယ်ဆိုလို့ ဗောကာသွားဝယ်ရမှာ ပျင်းနေတာနဲ့ ဂျင်ထည့်လိုက်တယ်။

Pickled Mustard Greens

Pickled Mustard Greens

အားလုံးပြီးရင်တော့ မုန်ညင်းချဉ်အိုးကို လေလုံအောင်ပိတ်ပြီး အလင်းရောင်မရှိတဲ့ နေရာမှာထားလိုက်ရုံပါပဲ ဘာမှဆက်လုပ်စရာ မရှိတော့ပါဘူး အချိန်ပဲလိုပါတော့တယ်။ ကိုယ်ဝယ်ထားတဲ့အိုးက လေလုံဖို့အတွက် အပေါ်အဖုံးဘေးမှာ ရေမြုတ်နေဖို့လိုလို့ ၃−၄ ရက်တခါလောက် ရေခန်းနေလားကြည့်ပြီး ရေနည်းနည်းဖြည့်ပေးရုံပါပဲ။ ဖန်အိုးဖြစ်နေတော့ အချိန်နဲ့အမျှအရောင်တွေ ပြောင်းလာကိုမြင်ရတော့ ပိုအဆင်ပြေပါတယ်။ နည်းလမ်းပေးလိုက်တဲ့ သူငယ်ချင်းက နှစ်ပတ်လောက်ဆို ရတယ်ပြောပေမယ့် တကယ်စောင့်ကြည့်တော့ ငါးပတ်လောက်နေမှပဲ ခါကျက်ဥလည်း စားလို့အဆင်ပြေတဲ့ အခြေအနေနဲ့ရပါတယ်။ ဆန်အရက်မရှိလို့ ဂျင်ထည့်လိုက်မိတာ အနံ့များနည်းနည်း ပြောင်းသွားမလား စိုးရိမ်မိပေမယ့် နောက်ဆုံးရလာတဲ့အခါမှာ အနံ့အရသာဘာမှ ပြဿနာမရှိပါဘူး။ ဆိုင်ကဝယ်တဲ့အရသာနဲ့ အချိုတော့နည်းနည်းကွာတယ် နောက်တခါလုပ်ရင် မြည်းတဲ့အချိန်မှာ သကြားနည်းနည်းပိုထည့်ရင် အဆင်ပြေမှာပါ။ အခုရလာတဲ့ မုန်ညင်းချဉ်ပမာဏနဲ့ နောက်ထပ် နှစ်လသုံးလတော့ အေးအေးဆေးဆေး စားလို့ရပါတယ် ကုန်ခါနီးမှပဲ နောက်တခါထပ်လုပ်ဦးမယ်။

Pickled Mustard Greens

References

  1. How to make Shan traditional mustard leave pickled - https://www.youtube.com/watch?v=SFBOdZtiHgc
  2. Make Acid Pickle & Meat Sauce in the Busy Harvest Season - https://www.youtube.com/watch?v=WfPh2_Z326A