Calm Hill My Random Thoughts

Using Shavette

ကိုယ့်ဘဝမှာ အမှန်ကန်ခဲ့ဆုံး ဆုံးဖြတ်ချက်ကို ပြပါဆိုလာရင် ဓားသွား ၃−၄ ခုပါတဲ့ မုတ်ဆိတ်ရိတ်ဓားတွေ မသုံးဖြစ်တော့ပဲ ဘရိတ်ဓားထည့်သုံးရတဲ့ DE Razor ပြောင်းသုံးခဲ့တာကို ပြဖြစ်မယ်ထင်တယ်။ ဝယ်ထားတဲ့ Edwin Jagger လေးက ၂−၃ ခါလောက် လွတ်ကျထားလို့ ဒဏ်ရာနည်းနည်းရှိတာကလွဲရင် အကောင်းအတိုင်းပဲ ရှိနေသလို သူနဲ့အတူတူ ဝယ်ထားတဲ့ ဘရိတ်ဓားအချောင်း ၁၀၀ ကလည်း ၁၀−၁၅ ချောင်း လောက်ကျန်သေးတယ် ၈ နှစ်အတွင်း Shaving Cream ကလွဲရင် တခြားကုန်ကျစရိတ် မရှိခဲ့ဘူး။

ကိုယ်သုံးတဲ့ Edwin Jagger က နေ့တိုင်းရိတ်လို အဆင်ပြေတဲ့ အမျိုးအစားမဟုတ်ပေမယ့် ရက်ခြားကနေ အများဆုံး ၁ ပတ်လောက်အထိ အဆင်ပြေတယ် ၂ ပတ်လောက် နှုတ်ခမ်းမွှေးအရှည် ဖြစ်သွားရင်တော့ ၁−၂ ချက်လောက် ဆွဲလိုက်ပြီးရင် ဓားမှာညပ်နေတာ တခေါက်ပြန်ရှင်းလိုက်နဲ့ နည်းနည်းစိတ်ရှည်ရတယ်။ အရင်က တပတ်ကို ၂ ခါလောက် အလွန်ဆုံးမှ ၁ ပတ် ၁ ခါလောက် ရိတ်ဖြစ်တော့ ပြဿနာမရှိပေမယ့် အခုနောက်ပိုင်းမှာ နှုတ်ခမ်းမွှေးက အရင်လိုလည်း မရိတ်ဖြစ်တော့ဘူး ၂ ပတ်မှ ၁ ခါလောက် စိတ်ကူးပေါက်မှ ရိတ်ဖြစ်တော့ နည်းနည်းဂွကျတယ်။

တခြားပြဿနာတခုက ၂ ပတ်လောက် အရှည်ထားပေမယ့် အလုပ်သဘောအရ နေချင်သလိုတော့ နေလို့မရတဲ့အတွက် အစည်းအဝေးရှိရင်တို့ ရုံးသွားရမယ်ဆိုရင် သပ်သပ်ရပ်ရပ်ရှိအောင် နှုတ်ခမ်းမွေးက မရိတ်ဖြစ်လည်း လည်ပင်းအောက်တို့ ပါးအပေါ်ဘက်တို့ ညီအောင်တိလိုက်တာရှိတယ်။ DE Razor က ညီအောင်တိဖို့ဆိုရင် နည်းနည်းခက်တယ် တခါတခါတိလိုက်တာ မညီလိုက်ပြန်တိလိုက်နဲ့ နောက်ဆုံးကြာချိန်က ရိတ်လိုက်တာနဲ့ သိပ်မကွာဘူး ဖြစ်သွားတတ်တယ်။

ဓားသွားကို အတိုအရှည် ချိန်လို့ရတဲ့ DE Razor တခု ထပ်ဝယ်မယ်ဆိုရင် ၂ ပတ်ကျော်တဲ့ ကိစ္စ အဆင်ပြေပေမယ့် နည်းနည်းပဲတိချင်တဲ့ ကိစ္စကျတော့ အဆင်မပြေဘူးဆိုတော့ ၂ ခုလုံးအဆင်ပြေတာ သင်တုန်းဓား (Straight Razor) ပဲရှိတော့တယ်။ သင်တုန်းဓားက Dovo ဆိုရင် အနည်းဆုံး $100 လောက်ပေးရမယ် အရင်အနှီးများတယ် ထိမ်းသိမ်းရတာလည်း လုပ်အားမယ်မထင်ဘူး ခရီးသွားရရင်လည်း အတော်ပြဿနာ ရှာမယ့်ပစ္စည်းဆိုတော့ လက်လျှော့ထားတယ်။

သင်တုန်းဓားနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ ဘရိတ်ဓားကို တဝက်ချိုးထည့်ပြီး ရိတ်လို့ရတဲ့ Shavette လေးတွေ အဆင်ပြေလောက်တယ်ဆိုပြီး လိုက်ရှာကြည့်တော့ Prime Day မှာ Amazon ကနေ Facon တံဆိပ်ကို ဓား ၁၀၀ ပါပြီးသားမှ S$9 နဲ့ တွေ့တာနဲ့ ဝယ်ကြည့်လိုက်တယ်။ Rating ကတော့ 1 Star ပဲတွေ့တယ် ဒါပေမယ့် ဓားထည့်လို့ အဆင်ပြေရင် ဘာမှသိပ်ကွာမယ့် ပစ္စည်းတွေမှ မဟုတ်တာပဲ Rating က သိပ်အရေးလည်း လုပ်မနေပါဘူးလေ။

Shavette

ဝယ်ထားတာလေး အိမ်ရောက်လာတော့ ဘယ်လိုရိတ်ရမလဲ YouTube ထဲမှာ ရှာဖွေပြီးတော့ ကြည့်ရသေးတယ်။ YouTube ကတော့ ထုံးစံအတိုင်း အင်မတန်နက်နဲတဲ့ အတတ်ပညာကြီးလို ရှည်လျားစွာပြောကြတယ် ၂−၃ ခုလောက်ကြည့်ပြီး မျက်စေ့နောက်လာတော့ ဆက်မကြည့်ဖြစ်တော့ဘူး။ ကိုယ့်ဟာကိုယ်ပဲ ခဏလောက် ဘယ်လိုကိုင်လဲ ဘယ်လက်ညာလက် နည်းနည်းလေ့ကျင့်ပြီး စမ်းကြည့်လိုက်တယ်။ ပထမတချက် ပါးပေါ်ကနေစပြီး ရိတ်ကြည့်တာ သူများတွေ ပြောသလောက်လည်း ပြဿနာမရှိပါဘူး အလွယ်တကူပဲ ရိတ်လို့ရပါတယ်။

အလေ့အကျင့်မရှိသေးတော့ ညာသန်သမားဆိုတော့ ဘယ်လက်အတွက် နည်းနည်းခက်တယ် ညာဘက်လက်နဲ့က ကိုယ့်အတွက်က ပုံမှန်လိုပါပဲ။ DE Razor နဲ့ ရိတ်တာထက် အများကြီးမြန်တယ် တချက်ဆွဲလိုက်ရင် ပါးတခြမ်းလောက် အကုန်ပြောင်တော့ ၂−၃ ချက်ဆို ရသွားပြီပဲ။ ကိုယ့်ကို အကြံပေးပါဆိုရင် စိတ်ရဲဖို့ပဲလိုတာပဲလို့ အကြံပေးဖြစ်လိမ့်မယ် ခက်ခက်ခဲခဲ အလုပ်တော့ မဟုတ်ပါဘူး။ DE Razor စပြီးသုံးစဉ်ကမှ ဓားရှတာရှိခဲ့တယ် အခုကတော့ ဘာမှမဖြစ်လိုက်ပါဘူး။

သင်တုန်းဓား မဟုတ်ပေမယ့် Shavette နဲ့ သိပ်ကွာခြားတာ မဟုတ်တော့ အခုအချိန်ကစပြီး I shave with straight razor like a man! လို့ပြောလို့ရပြီ ဒါယောက်ျားတိုင်းလုပ်ရဲတဲ့ အရာတွေမဟုတ်ဘူး။ သင်တုန်းဓားကတော့ ဝယ်ဖြစ်မယ်မထင်ဘူး အသက်သိပ်ကြီးလာလို့ အချိန်တွေ အရမ်းပိုနေတဲ့ အချိန်မျိုးဆိုရင်တော့ မပြောတတ်ဘူးပေါ့လေ။ အခုဝယ်ထားတဲ့ Shavette ကတော့ Stainless Steel ဆိုပေမယ့် ဆေးသုတ်ထားတော့ ဆေးကွာလာလို့ မျက်လုံးထဲအဆင်မပြေ ဖြစ်လာရင်တို့ ကိုင်ရတာအဆင်မပြေရင်တို့ ဖြစ်လာရင်တော့ ထပ်ဝယ်ဖြစ်ချင် ဖြစ်ဦးမယ်ထင်တယ်။