Calm Hill My Random Thoughts

Google Workspace Refugee

Google Workspace က Free မပေးတော့တာ အတော်ကြာပါပြီ ကိုယ်တွေလို Free ပေးတုံးက ဂုံးဆင်းနိုင်လိုက်တဲ့လူဆိုတာ တချိန်တုံးကတော့ မနာလိုဖြစ်ခံကြရတဲ့ လူတန်းစားတွေပဲပေါ့။ လွန်ခဲ့တဲ့ ၁ လလောက်ကစပြီး ရှိပြီးသားလူတွေလည်း အလကားမပေးတော့ဘူးဆိုပြီး ကျက်သရေယုတ်တဲ့ အီးမေးဝင်လာအပြီးမှာ ဇူလိုင်လကစပြီး လစဉ်ကြေးပေးမှ သုံးလို့ရတော့မယ်တွေ ဖြစ်လာတော့ စင်ပေါ်ကလူအဖြစ်ကနေ ဒုက္ခသည်စာရင်းစပြီး ဝင်ကြတော့တာပါပဲ။ Custom Domain နဲ့ Google Account တွေအနေနဲ့ သုံးမိကြပြီးတော့ Services တွေမှာ ပိတ်မိသွားကြတဲ့ တချို့လူတွေကတော့ အတော်လေး ဒုက္ခရောက်ကြတယ် ပြေးစရာမြေ မရှိကြဘူးပေါ့။

ကိုယ်ကတော့ လွန်ခဲ့တဲ့ ၂−၃ နှစ်ကစပြီး Google ကို ကိုယ်ဝယ်ထားသမျှ Invoice/Recipt Email တွေကိုကြည့်ပြီး Purchase history ဆိုပြီး Data collect လုပ်တာသတိထားမိရာက အမြင်မကြည့်လာခဲ့တာ နည်းနည်းကြာပါပြီ။ တခါတခါ Google သာ ကိုယ့်ရဲ့ Account ကို ပိတ်လိုက်ရင်ဆိုပြီး ပြန်စဉ်းစားတော့ အတော်ပြဿနာကြီးမှန်း ကြာလေလေ ပိုသိလေလေပဲ။ လိုအပ်လို့ Google နဲ့ပတ်သက်တဲ့ Services ဝယ်ရမယ်ဆိုတောင် နှစ်ပေါင်းများစွာသုံးလာတဲ့ Account မှာပဲ မသုံးမဖြစ်နဲ့သုံးရမယ့် Google Services တွေကိုသုံးဖို့ခွဲထားတယ်။ တခြား Services တွေဆိုတာလည်း ကိုယ့်အဖို့က Personal အတွက်မှာ အရာအားလုံးက Plain text ပဲ သုံးတာဆိုတော့ အဲလောက်လည်း မှီခိုတာမရှိပါဘူး။

ကိုယ်မပိုင်တဲ့သူ့ Domain နဲ့ မသုံးမဖြစ်တော့ ဘာမှမတတ်နိုင်ပေမယ့် ကိုယ့် Domain တော့ သူ့လက်ထဲမှာ အပိတ်မခံရအောင် အတော်သတိထားပြီး Email တခုပဲသုံးတယ်။ နှစ်ပေါင်းများစွာ Google ဘယ်လောက် အကျင့်ပျက်အောင်ဖျက်ဖျက် Email ဆိုတာ File Storage မဟုတ်ဘူးဆိုတဲ့ အသိအပျက်မခံဘူး။ အဲဒါတောင်မှ တခုခုတစုံတရာ ဖြစ်ခဲ့သည်ရှိသော် Email တွေ ရွှေ့စရာမလိုအောင် တခြား Provider တခုနဲ့ Email တခုကို Forward လုပ်ထားတယ်။ တခါတခါတော့ Secure Email Hosting တခုခုကို ရွှေ့မလားတော့ စဉ်းစားမိပေမယ့် ကိုယ်လည်းဘာမှ ထိပ်တန်းလျှို့ဝှက် အလုပ်တွေလုပ်နေတာ မဟုတ်သလို ကိုယ့်ကိုလည်း ဘယ်နိုင်ငံက အေဂျင်စီကမှ လိုက်ခံနေရတဲ့ လူမှမဟုတ်တာပဲ မလိုအပ်ပါဘူးဆိုပြီး ဆက်သုံးနေတာရယ်ပါ။

အခုတော့ Free မရတော့ဘူးဆိုတော့ ဘာဆက်လုပ်မလဲ အလကားရတာတွေကို နည်းနည်းတော့ စိတ်ကုန်လာပြီဆိုတော့ ဘယ်ပြောင်းမလဲ စဉ်းစားရပြန်တယ်။ အလွယ်ဆုံးနည်းကတော့ Google ကို ပိုက်ဆံပေးလိုက်တာဆိုပေမယ့် မသဒ္ဓါလို့ကို သူ့ဆီကတော့ မဝယ်ဘူးဆိုပြီးတော့ ဆုံးဖြတ်ထားတယ်။ iCloud+ က Subscription ရှိတယ်ဆိုရင် Custom Domain ထည့်လို့ရတယ် တလကိုတဒေါ်လာ ပေးထားရင် အဆင်ပြေနေတော့ လတ်တလောတော့ ဘယ်ကိုပြောင်းရမယ်လည်း မဆုံးဖြတ်ရသေးခင် အဲဒါကပ်သုံးနေတယ်။ Google ကို မပေးပဲ Apple ပေးတော့ ဘာထူးလဲမေးရင် အဲဒါလည်း အတူတူပဲ Convenience အတွက်သာ ပိုက်ဆံပေးထားတာ အချိန်မရွေး မသုံးပဲနေလို့ရတယ် ပိတ်မိမနေပါဘူး။ Email တွေရွှေ့တာက imapsync နဲ့ ရွှေ့လိုက်တယ်။ imapsync ရဲ့ Website မှာ And welcome to ex-Free Google Workspace people! လို့ ရေးထားတာမြင်တော့ ကိုယ့်လိုလူတွေ ကမ္ဘာအနှံ့ပါလားဆိုပြီး ပြုံးမိသေးတယ်။

နောက်ထပ်တနည်းကတော့ Cloudflare မှာ Email routing ဆိုတာ အသစ်ထွက်တာရှိတယ် Domain တွေက အဲဘက်ရွှေ့ထားတော့ iCloud နဲ့ အဆင်မပြေရင် အဲဒါပြောင်းသုံးချင် သုံးလို့ရလိမ့်မယ်။ သိပ်မသေချာတာတခုက Cloudflare က Email hosting မဟုတ်ပဲ Route ပဲလုပ်ပေးတော့ ပို့ချင်ရင်တခြား Service ကနေပို့ရင် SPF တို့ DKIM တို့ ထည့်လို့မရရင် Spam Filter တွေနဲ့ ပြဿနာတက်မယ်ထင်တယ် စမ်းမကြည့်ရသေးတော့ မသေချာသေးပါဘူး။ အခုအချိန်ထိတော့ ဒုက္ခသည် အနေနဲ့ပဲ ရှိသေးတယ် အတည်တကျ မရှိသေးဘူး ဘယ်ရွှေ့ရမယ် ဘယ်ရောက်လို့ ဘယ်ပေါက်မယ်မသိ။ ဆက်သွယ်စရာ ရှိတဲ့လူတွေတော့ ပြဿနာမရှိပါဘူး အီးမေးအားလုံး အလုပ်လုပ်ပါတယ်။