Calm Hill My Random Thoughts

Marriage

ရုတ်တရက်ကြီး အိမ်ထောင်ကျသွားတော့ သူငယ်ချင်းတွေ တအံ့တဩ ဖြစ်ကုန်ကြသလို အားလုံးလည်း မမျှော်လင့်ထားကြဘူးပေါ့။ သူငယ်ချင်းတွေ အံ့ဩကြသလိုပဲ ဒီလောက်မြန်မြန် အိမ်ထောင်ကျသွားမယ်တော့ နှစ်ယောက်လုံးလည်း မျှော်လင့်မထားမိကြပါဘူး။ ကိုဗစ်မတိုင်ခင်နှစ်တွေတုံးက ပြန်ဆုံခဲ့ကြပေမယ့် ကိုဗစ်နဲ့ကြုံကြပြီး နှစ်ယောက်လုံး တနေရာစီမှာ ပိတ်မိသွားကြပြီး LDRS ဖြစ်ရာကနေ Coup နဲ့ပါဆုံကြပြီး Extra-LDRS တွေဖြစ်ကုန်ကြတာပေါ့။ ဘယ်လိုဘယ်ပုံဆုံကြတယ်ကို ပြန်ရေးရမယ်ဆိုရင် ဝတ္ထုစာအုပ် ထုတ်သလိုဖြစ်မှာစိုးလို့ အရှည်အရှည် မရေးတော့ပါဘူးလေ။ အတိုချုံ့ရမယ်ဆိုရင် လေယာဉ်တွေ ပြန်ထွက်လို့လည်း ကိုယ်တွေအခြေအနေက ပြန်မယ်ဆိုလည်း အရင်လိုမလွယ်ဘူးဆိုတော့ ကိုယ်လည်းမပြန်ဖြစ်နဲ့ သူလည်းအဲလောက် လာလို့မလွယ်နဲ့ အချိန်တွေထပ်ကြာပြီး နောက်ဆုံးမှာတော့ သူလည်းပဲ ပညာရေးကိစ္စ လုပ်စရာရှိတာတွေ ဆက်လုပ်ရအောင် ရုတ်တရက်နဲ့ အကြောင်းပေါ်လာတော့ ထွက်လာခဲ့တော့မယ်ဆိုပြီး ဆုံးဖြတ်ဖြစ်တယ်။

သူလာမယ်ဆိုတော့ သူ့ဘက်က မိဘတွေကလည်း ကိုယ့်ကိုဖုန်းဆက်တယ် နှစ်ယောက်လုံးဒီမှာမရှိတော့ မိဘချင်းပဲစကားပြောပြီး တောင်းခိုင်းလိုက်ပါတော့ဆိုတော့ သူများတွေကို Zoom နဲ့ မိန်းမတောင်းဖို့ အကျိုးဆောင်ဖူးတဲ့ ကုသိုလ်တွေနဲ့ ကိုယ့်အလှည့်ကျ မိဘချင်းပဲ တယ်လီဖုန်းနဲ့ မိန်းမတောင်းရ ပါတော့တယ်။ နှစ်ဘက်လုံးက မိဘတွေလည်း ပါ့စပို့ပြဿနာနဲ့ လိုက်လာလို့မရတော့ အားလုံးလာလို့ရမှ ဧည့်ခံပွဲလုပ်တော့ အခုတော့ အခြေအနေအရ ကိုယ်တိုင်ပဲ အဆင်ပြေသလိုတိုင်ပင်ပြီး ဒီဘက်မှာပဲ ဥပဒေအကြောင်းအရ စီစဉ်လိုက်တော့လို့ သဘောတူလိုက်ကြတယ်။ အဲလိုနဲ့ပဲ မတ်လဆန်းမှာ ညီမဖြစ်တဲ့လူ အမေ့ကိုလိုက်ပိုပြီး ပြန်အလာမှာ သူလည်းဒီကို လိုက်လာလို့ ရောက်လာတာပေါ့။ ပြောရမယ်ဆိုရင် အခြေအနေတွေက ခိုးပြေးလာရလိုပါပဲ မိဘသဘောတူပေမယ့် ဆွေမျိုးသင်္ဂဟ မရှိတဲ့အရပ် မဟုတ်လား ကိုယ့်မှာညီမတယောက် ရှိနေလို့သာ အခြေအနေအဲလောက် မဆိုးတာလို့ပဲ ပြောရတော့မှာပေါ့။

စင်ကာပူမှာ ဥပဒေအကြောင်းအရ လက်ထပ်ကြမယ်ဆိုပြီး စီစဉ်တော့မှ ကိုယ့်ဆီမှာလိုမျိုး ညဘက်ကခိုးပြေးတယ် မနက်ကျတော့ ကွမ်းယာဆိုင်က စာချုပ်ဝယ်ပြီး တရားရုံးမှာ လက်ဖက်ရည်တိုက်ပြီး လက်မှတ်ထိုးသလိုမျိုး မလွယ်ဘူးဆိုတာ နဖူးတွေ့ဒူးတွေ့ တွေ့ရတော့တယ်။ ဒီနိုင်ငံမှာ လက်ထပ်မယ်ဆိုရင် Registry of Marriages (ROM) မှာ မှတ်ပုံတင်ဖို့အတွက် စီစဉ်ရပါတယ်။ ROM ရဲ့ စည်းကမ်းချက်တွေမှာ အရေးကြီးတဲ့အချက်တွေမှာ ပထမတခုက လက်ထပ်မယ်လူ ၂ ယောက်ဟာ နိုင်ငံထဲမှာ အနည်းဆုံးအနေနဲ့ ၁၅ ရက်နေပြီးမှ လျှောက်လွှာတင်လို့ရတယ် ဒုတိယတခုက လက်မှတ်ထိုးမယ့်ရက်ဟာ လျှောက်လွှာတင်တဲ့ရက်နဲ့ အနည်းဆုံး ၂၁ ရက်ကွာရမယ် တတိယတချက်က ၂ ယောက်လုံးက Visit Pass နဲ့ ဖြစ်နေရင် လက်ထပ်ထားတာ မရှိတဲ့အကြောင်း သက်ဆိုင်ရာသံရုံးတွေကနေ ထောက်ခံစာလိုပါတယ်။

ROM လုပ်ထုံးလုပ်နည်းအရ ပြဿနာမရှိဘူး ထင်ရပေမယ့် ပထမနဲ့ ဒုတိယအချက်ကိုပဲ လက်တွေ့စဉ်းစားရင် ရက်အတိအကျနဲ့ ရောက်တဲ့ရက်နေ ၁၅ ရက်နေ့မှာ လျှောက်လွှာတင်ပြီး ၂၁ ရက်မြောက့်နေ့ လက်မှတ်ထိုးနိုင်ရင်တောင် ၃၆ ရက်ဖြစ်နေပြီဆိုတော့ အချိန်နဲ့တွက်ရင်ကို Visit Pass က ရက် ၃၀ ပဲဖြစ်တဲ့အတွက် နည်းနည်းပြဿနာရှိတယ် အနည်းဆုံးတကြိမ်တော့ Visit Pass ကို သက်တမ်းတိုးရပါလိမ့်မယ်။ လျှောက်လွှာတင်ပြီး ၂၁ ရက်နေ့ မြောက်မှာ လက်မှတ်ထိုးဖို့အတွက်လည်း စည်းကမ်းအရဖြစ်နိုင်ပေမယ် လက်တွေ့မှာတော့ အဲလိုမလွယ်ပါဘူး လက်မှတ်ထိုးပေးဖို့ သက်သေ ၂ ယောက်အပြင် အရေးအကြီးဆုံးက လက်ထပ်ပေးခွင့် လိုင်စင်ရှိတဲ့ Solemniser လိုပါတယ်။ ကိုဗစ်တွေဖြစ်လိုက်တော့ အထိအခိုက်ဆုံး ဌာနတခုဟာ ROM ဖြစ်တဲ့အတွက် ကိုယ့်ရှေ့မှာပဲ လက်မှတ်ထိုးဖို့ တန်းစီနေတဲ့လူတွေ မနည်းမနောဖြစ်တဲ့အတွက် ROM က စီစဉ်ပေးမယ့် Solemniser နဲ့ ROM ရုံးမှာ လက်မှတ်ထိုးဆိုရင် အစောဆုံးရနိုင်တာ ဩဂုတ်လအလယ်မှပဲ ဖြစ်နိုင်ပါတယ်။ တတိယတချက်ပဲ ကိုယ်ကဒီမှာ ROM ခွင့်ပြုထားတဲ့ Pass ရှိနေတဲ့အတွက် ပြဿနာမရှိဘူးပြောရမယ်။

ROM က စီစဉ်ပေးမယ့်နေရာနဲ့ Solemniser ဆိုရင် စောင့်ရမှာဖြစ်ပေမယ့် နောက်ထပ်နည်းလမ်းတခုက ကိုယ့်ဟာကိုယ်နေရာစီစဉ်ပြီး လက်မှတ်ထိုးပေးမယ့် Solemniser ရှိမယ်ဆိုရင်တော့ ၂၁ ရက်ကျော်တာနဲ့ လက်ထပ်လို့ရနိုင်မယ့် နည်းလမ်းရှိတော့ Solemniser ရအောင်ရှာဖို့ စီစဉ်ရတော့တာပေါ့။ တကယ်ရှာကြည့်တော့မှ Solemniser ကလည်း အဲလောက်လွယ်လွယ် ရှာလို့မရဘူး အနည်းဆုံး ၃ လလောက် ကြိုပြောမှပဲ သူတို့ကလည်း ကိုယ့်အတွက်အချိန်ပေးပြီး လုပ်ပေးလို့ရတယ်။ အရပ်ကူပါလူဝိုင်းပါဖြစ်ပြီး ဒီကိစ္စတွေကတော့ ကိုယ့်အသိုင်းအဝိုင်းနဲ့ မဖြစ်ဘူးဆိုပြီး အိုက်ကီဒိုသင်တဲ့ ဆရာကိုအကူအညီတောင်းမှ ဆရာဖြစ်သူက မင်းကလည်း အဲဒါမခက်ဘူးလေ ငါတို့နဲ့ဘီယာသောက်နေကျ Community Centre (CC) ကလူ လုပ်ပေးလို့ရတယ် မေးကြည့်ပေးမယ်ပြောတယ်။ ဖြစ်ချင်တော့ ကိုယ်တွေရဲ့ သောက်ဖော်သောက်ဖက်ကြီးက အရင်တော့ရတယ်ဟ အခုတော့ လိုင်စင်က သက်တမ်းကုန်သွားပြီ မရတော့ဘူးတဲ့ အနီးစပ်ဆုံးက CC က တယောက်ယောက် မေးကြည့်လို့ပဲ အကြံပေးတယ်။

အဲဒါနဲ့ CC တခုက ကိုယ့်အိုက်ကီဒိုတပည့်ဖြစ်တဲ့ မန်နေဂျာ ကောင်မလေးကို အကူအညီတောင်းတော့ သူ့ CC နဲ့ အဆက်အစပ်ရှိတဲ့ GRC ဥက္ကဌက လုပ်ပေးမယ်တဲ့ ဒါပေမယ့် သူကခရီးသွားနေတော့ သူပြန်လာမှဆိုတော့ ကိုယ်အတွက် အဆင်ပြေမယ့်အချိန် မဟုတ်ဘူးဖြစ်နေတယ်။ ဒါပေမယ့် လုပ်ပေးနိုင်မယ့် နောက်ထပ် GRC ဥက္ကဌတယောက်ကို သူပြောပေးမယ်ဆိုတော့ နည်းနည်းတော့ လမ်းစပေါ်လာတယ်ပေါ့လေ။ အဲလိုနဲ့ CC မန်နေဂျာကောင်မလေးကတဆင့် Solemniser လုပ်ပေးလို့ရမယ့် ဥက္ကဌကြီးရဲ့ ဖုန်းနံပတ်ရလာတယ် ဘယ်သူကတဆင့် ဖုန်းနံပတ်ရလာတာရယ် CC မှာ အိုက်ကီဒိုသင်တာရယ် ထည့်ပြောပါတဲ့ မဟုတ်ရင်သူက အလုပ်ရှုပ်တော့ လုပ်ချင်မှလည်း လုပ်ပေးမှာလို့ပြောတယ်။ အဲဒါနဲ့ ဖုန်းမဆက်ခင် ဘယ်သူဘယ်ဝါပါ ဘာအကြောင်းနဲ့ ဖုန်းဆက်ချင်လို့ အဆင်ပြေမယ့်အချိန် ပြောပေးပါဆိုတော့ သူကလည်းပြန်ပြောပေးပါတယ်။ လုပ်ချင်တဲ့အနီးဆုံးရက် အားမအားမေးတော့ ငါကရပါတယ်တဲ့ လက်ထပ်မယ့်လူက ပိုအရေးကြီးတာပေါ့ လုပ်ချင်တိုင်း လုပ်လို့မရဘူးဟ မိဘတွေနဲ့လည်း လုပ်မယ့်ရက် တိုင်ပင်ပါဦး ပြီးတော့မှသူ့ကို ရက်အတိအကျရယ် ဘယ်မှာလုပ်မယ်ရယ် ပြန်ပြောလိုက်ပါ သာမန်အားဖြင့် ရုံးချိန်ပြင်ပဆို သူ့အတွက်က အဆင်ပြေပါတယ်ဆိုတော့ တခုပြေလည်သွားတာပေါ့။

Solemniser လုပ်ပေးမယ့်လူရတဲ့အချိန် ရောက်တာ ၁၅ ရက်မပြည့်သေး လျှောက်လွှာလည်းတင်လို့ မရသေးဘူးဆိုတော့ အေးဆေးဖြစ်ပြီဆိုပြီး ROM ရဲ့ Website ကိုဝင်ပြီး လျှောက်လွှာအကြမ်းတော့ လုပ်ထားတော့မယ်ဆိုပြီး ဝင်ကြည့်တဲ့အခါမှ ပြဿနာတခုထွက်လာတယ်။ အရာအားလုံးက automated ဖြစ်တဲ့အတွက် ROM ကို Login ဝင်တဲ့အခါ Singpass နဲ့ ဝင်လို့ရပေမယ့် လျှောက်လွှာအကြမ်းလုပ်တာနဲ့ ကိုယ့်မှာက Error ပဲတက်နေတယ် ဘာမှဆက်လုပ်လို့မရတော့မှ မျက်လုံးပြူးရတော့တယ်။ အဲဒါနဲ့ ROM ရဲ့ Customer Service ကိုဖုန်းဆက်တော့ သူတို့လည်းအဲလိုဖြစ်လို့ ရောက်လာတဲ့လူမမြင်ဖူးတော့ ဘာလုပ်ပေးရမှန်းမသိဘူးတဲ့ Singpass ကို အရင်မေးကြည့်ပါ သူတို့ဘယ်လိုမှ ရှင်းလို့မရဘူးဆိုရင်တော့ ဘယ်လိုလုပ်ပေးလို့ရမလဲ ကြည့်ပေးပါမယ်ဆိုတော့ Singpass ရဲ့ Customer Service ကို တခါဆက်သွယ်ရတယ်။ Singpass ကလည်း သူတို့နဲ့မဆိုင်ဘူး MyInfo ကို ထပ်ဆက်သွယ်ပါဆိုပြီးဆိုတော့ MyInfo ကို တခါထပ်ပြီး ဆက်သွယ်ရတယ်။ MyInfo ဘက်ကတော့ စိတ်ရှည်ရှာပါတယ် သူလည်းဘာကြောင့်မှန်းမသိဘူး ဒါပေမယ့် တခုခုပျောက်နေတာ ဖြစ်မယ်ဆိုပြီး နောက်ဆုံးတော့ ကိုယ့် Singpass MyInfo မှာ ဘာလူမျိုးဆိုတာမပါဘူး ဖြစ်နေမှန်းသိရတယ်။

Information ပျောက်နေမှန်းသိပေမယ့် MyInfo ကလည်းဘာမှ လုပ်ပေးလို့မရဘူး အဲဒီအထဲက Information တွေက သက်ဆိုင်တဲ့ ဝန်ကြီးဌာနကပဲ ပြင်ခွင့်ရှိတာဆိုတော့ Ministry of Manpower (MOM) ကပဲ ပြင်ပေးလို့ရမယ်ဆိုတော့ ကိုယ့်အဖြစ်က မိန်းမယူဖို့အတွက် တကယ့်ကိုပဲ Multi-Ministry Taskforce အကူအညီတောင်းနေရတော့ ငိုရလည်းအခက် ရယ်ရလည်းအခက်ရယ်ပါ။ MOM ကို ဆက်သွယ်ဆိုတော့ MOM ဘက်ကလည်း ပျောက်နေတဲ့ဟာတော့ သာမန်အားဖြင့် Pass အသစ်တင်တဲ့အခါ Renew လုပ်တဲ့အခါတော့ သူတို့ဘက်မှာ Sync ပြန်လုပ်တယ် အဲလိုမှမဟုတ်ရင်တော့ Update Request လျှောက်လွှာကို တင်ပေးမှရမယ် ၅−၇ ရက်ကြာတတ်တယ်ပြောတယ် အဲဒါပြင်ပြီးလို့မှ ROM မှာရမှာလား မေးရင်တော့ သူတို့လည်း မသိပါဘူးတဲ့။ အဲဒါနဲ့ Update Request တင်ထားလိုက်တာပေါ့ ဖြစ်ချင်တော့ Pass ကလည်း ကုန်ခါနီးဖြစ်နေ ကိုယ့်ရုံးက HR နဲ့ကိုယ်နဲ့ကလည်း Renew လုပ်ဖို့ရှိတာ ဖုန်းဆက်ပြီးတော့ ငါ့ Renew အမြန်တင်တော့ မဟုတ်ရင်တော့ ငါလည်းမိန်းမရတော့မှာ မဟုတ်ဘူးဆိုပြီး ပြဿနာရှာရတော့တယ်။

အဲလိုနဲ့ ၁၅ ရက်သာကျော်သွားတယ် ကိုယ့်မှာတော့ Singpass ထဲမှာ လူမျိုးမဲ့ဘဝမှာပဲ ဖြစ်နေသေးတယ် လူမျိုးရောက်လာလည်း ROM မှာ လျှောက်လွှာတင်လို့ရမှာလားလည်း ဘုရားပဲသိတယ်ဆိုတဲ့ အခြေအနေနဲ့ဆိုတော့ မိန်းမကယူဖြစ်မှာလား မယူဖြစ်မှာလည်း ကိုယ်လည်းမသိတော့ပါဘူး။ အိမ်တွေနဲ့တိုင်ပင်တော့လည်း ငါတို့ရွေးမယ့်ရက်က မင်းတို့ဟာကရမှာလား မရမှာလားလည်း မသိဘူးလေဆိုပြီး သူတို့လည်းအဲလိုရက်ကို စိတ်ထဲမထားကြတော့ဘူး။ မိန်းကလေးဖြစ်သူလည်း ကိုယ့်ကိုဆူချင်လည်း ဖြစ်လာတဲ့အရာတွေက ကိုယ်လုပ်တာလည်းမဟုတ် ကြိုစီစဉ်လို့မရသလို ကြိုလည်းမသိတဲ့ အရာတွေဖြစ်နေတော့ သူလည်းဘာမှပြောလို့မရ အစကတော့ စိတ်ညစ်မယ်ထင်တယ် နောက်တော့လည်း ဖြစ်သမျှအကြောင်း အကောင်းပဲလို့ စိတ်လျှော့ထားပုံရတယ်။ အဲလိုနဲ့မနက်တိုင်း Singpass ဖွင့် ဗမာဖြစ်ပြီလား ကြည့်နေရင်းနဲ့ ၁၇ ရက်နေ့မြောက်မှာတော့ ဗမာလို့တော့မဖြစ်လာဘူး Other လို့ပေါ်လာတယ်။ ဒီလောက်ပြဿနာရှုပ်တဲ့ ဗမာဖြစ်တဲ့အထိ မစောင့်ပါရစေနဲ့ Other နဲ့ စမ်းတင်ကွာဆိုပြီး ဘုရားတပြီး ROM မှာ လျှောက်လွှာအကြမ်း လုပ်လို့ရသွားတယ်။ တကယ်လည်း ကိုယ့်ရဲ့ Information ကို MyInfo ကနေယူတဲ့အခါမှာ လူမျိုးဆိုတာကို ပြင်ခွင့်မပေးသလို မပါလာလို့လည်းမရတော့ ပြဿနာတက်နေတာပါ။

အနာနဲ့ဆေး တည့်သွားပြီးလို့ လျှောက်လွှာကို တင်ရမယ်ဆိုတော့လည်း အခက်အခဲတွေက မပြေလည်သေးပါဘူး အဲဒီအချိန်အထိ လက်မှတ်ထိုးမယ့် ခန်းမရှာလို့မရသေးဘူး အခန်းရှာမရင် ကိုယ့်အိမ်မှာဖျာခင်း စာပွဲဝိုင်းတလုံးချပြီး ထိုးရမယ့်ကိန်း ဖြစ်တော့မှာပါ။ ကိုယ်တွေက လက်မှတ်ပဲအရင် ထိုးထားမယ်ဆိုတော့ လူကလည်း ၁၅−၂၀ ပဲ အနီးစပ်ဆုံးလူတွေပဲ ဖိတ်မှာဆိုတော့ ဘယ်ခန်းမကမှ လူနည်းတော့ လက်မခံချင်ကြဘူး။ Solemniser ကို အခန်းမရသေးဘူးလို့ အကျိုးအကြောင်းပြောတော့ ရက်ကအရေးကြီးတယ် ငါကလည်းမင်းတင်ပြီးမှ Accept လုပ်ပေးရမှာ အိမ်လိပ်စာနဲ့အရင်တင်လိုက် ရတော့ကျမှ ROM မှာ စာရွက်စာတမ်း သွားထုတ်တဲ့အခါမှ နေရာအတွက်ပြန်ပြောင်းလို့ အကြံပေးတာနဲ့ အပြေးအလွှား လျှောက်လွှာတင်တဲ့အခါ စာရွက်စာတမ်းတွေကို စစ်ဆေးခံဖို့အတွက် ROM ကို မဖြစ်မနေသွားရဖို့ ရက်ချိန်းတရက်ယူရတယ် အဲဒါနဲ့ အခန်းရှာချိန်ရအောင် လက်မှတ်ထိုးမယ့်ရက်နဲ့ ၁၀ ရက်လောက်အလိုမှာမှ ရက်ချိန်းယူထားလိုက်တယ်။

အခန်းရှာရတာလည်း လွယ်တယ်တော့မဟုတ် ကိုယ်တွေကလူနည်းနည်းဆိုတော့ ခန်းမတွေထက် စားသောက်ဆိုင်တို့ ကော်ဖီဆိုင်တို့ ဆိုင်သေးသေးလေးတွေကို လိုက်ရှာကြည့်ရတယ်။ ရုက္ခဗေဒပန်းခြံထဲက ဆိုင်တွေလည်း ဖုန်းဆက်လို့နှံ့ပါပြီ လူနည်းတာရယ် ရက်လည်းကပ်နေတာရယ်နဲ့ အခန်းကမရနိုင်တော့ ခေါင်းလည်းခြောက်စပြုပြီပေါ့။ ဘယ်မှရှာလို့မရရင်တော့ ကွန်ဒိုမှာနေတဲ့ သူငယ်ချင်းတယောက်ယောက် ဖမ်းပြီးတော့ ကွန်ဒိုကဖန်ရှင်ဟော ရှာရမလိုလည်းဖြစ်ပေါ့။ ဒါပေမယ့် ညီမဖြစ်သူကောင်းမှု့နဲ့ ဆိုင်လေး ၃−၄ ဆိုင်ရှာလို့ရလာတယ်။ အဲဒီ့ရက်ပိုင်းမှာ မိုးကလည်း ရွာချင်တဲ့အချိန် ရွာတယ်ဆိုတော့ ရှာလို့ရတဲ့ဆိုင်ထဲက ကဗျာဆန်ဆန် လဟာပြင်နဲ့လည်း မရွေးနိုင်တော့ပါဘူး မိုးလုံလေလုံနဲ့ စားသောက်ဆိုင်လေး တစ်ဆိုင်ကိုပဲ နှစ်ဦးသဘောတူ ရွေးလိုက်ပါတယ်။ ဆိုင်ကလည်း လက်မှတ်ထိုးဖို့အတွက် မိုးမရွာဘူးဆိုရင် အပြင်မှာပြင်ပေးထားမယ် မိုးရွာမယ်ဆိုရင်တော့ သီးသန့်ခန်းကို ပြင်ဆင်ပေးပြီး စားသောက်တဲ့အခါတော့ သူတို့အပြင်ကအခန်းမှာပဲ ပြင်ပေးမယ်ဆိုပြီး လုပ်ပေးမယ်ပြောပါတယ်။

အခန်းလည်းရပြီဆိုတော့ အတော်လေးအေးဆေး ဖြစ်လာရပြီးတော့ ၁၀ ရက်လောက်အလိုမှ ROM မှာ စာရွက်စာတမ်းတွေ စစ်ဖို့အတွက်သွားရတယ်။ စာရွက်စာတမ်းက အထွေအထူးတော့ ဘာမှမလိုပါဘူး ပါ့စပို့တွေရယ် ကိုယ့်အတွက်က ဒီမှာအလုပ်လုပ်နေတဲ့ Pass ရယ်ပဲပြဖို့လိုတာပါ။ စစ်တဲ့ဆေးတဲ့လူက အဓိကအားဖြင့် ကိုယ့်နိုင်ငံမှာတခါ လက်မှတ်ထိုးပြီးသားလား မေးတာရှိတယ် ကျန်တာတော့ ထွေထွေထူးထူးမမေးပါဘူး။ စစ်ဆေးတဲ့အခါမှ လက်မှတ်ထိုးမယ့် လိပ်စာပြောင်းချင်တယ်ပြောတော့ ပြောင်းပေးပါတယ်။ အားလုံးအဆင်ပြေပြီ ထင်လိုက်ပေမယ့် စာရွက်စာတမ်းတွေ စစ်ပေးတဲ့အမျိုးသမီးက ဒီစာရွက်တွေက ငါပေးချင်ပေမယ့် ပေးလို့မရသေးဘူးတဲ့ လက်မှတ်ထိုးမယ့်ရက် မတိုင်ခင် အစောဆုံး ၇ ရက်နေမှပဲ ပေးလို့ရမယ်ဆိုတော့ နောက်ထပ် ၃ ရက်နေမှပြန်လာခဲ့ ၂ ယောက်လုံးမလိုဘူး ၁ ယောက်ပဲလာရင်ရတယ် စောင့်စရာမလိုဘူး တန်းဝင်လာခဲ့ဆိုတော့ အနည်းဆုံးတခုခုတော့ ရိုးရာမပျက်ပဲ ပြဿနာစတိလေး တက်လိုက်တာပေါ့လေ။ နောက် ၃ ရက်နေတော့ လက်မှတ်ထိုးရမယ့် စာရွက်တွေကို သွားထုတ်တဲ့အခါတော့ ချောချောမောမော ထုတ်လို့ရခဲ့ပါတယ်။

လျှောက်လွှာမတင်ခင်ကနေ စာရွက်စာတမ်းထုတ်တဲ့အထိ ဘယ်လိုမှမမျှော်လင့်ထားတာ အကုန်ဖြစ်ခဲ့ပေမယ့် လက်မှတ်ထိုးမယ့်ရက် မတိုင်ခင်အထိလည်း အားလုံးချောချောမောမောပါပဲ ဖြစ်နိုင်သမျှ ပြဿနာတွေလည်း ကုန်သွားပြီထင်ပါတယ်လို့ စိတ်ကမျှော်လင့်မိတယ်။ လက်မှတ်ထိုးမယ့်ရက် မနက်ခင်းမှာ Solemniser က ဖုန်းဆက်တယ် ညပိုင်းအစည်းအဝေးရှိလို့ ဒင်နာမလာနိုင်ဘူးဆိုတော့ မျက်လုံးပြူးပြီး လက်မှတ်တော့လာထိုးပေးမှာ မဟုတ်လားလို့ သေချာအောင်ထပ်မေးရတယ်။ လက်မှတ်တော့ လာထိုးပေးမှာပါ စားတဲ့အထိတော့ မနေတော့ဘူးပြောတာပါဆိုမှ ဟင်းချနိုင်တော့တယ်။ အဲနောက်ပိုင်းတော့ ဘာမှပြဿနာလည်း မရှိတော့ဘူးဆိုရယ့် ကိုယ့်ဘက်ကသက်သေအဖြစ် နှစ်ပေါင်းများစွာ အလုပ်အတူတူလုပ်လာတဲ့ အစ်ကိုကြီးရယ် သူ့ဘက်ကသက်သေအဖြစ် အစ်မဝမ်းကွဲရယ် လက်မှတ်ထိုးပေးတယ် Solemniser ဥက္ကဌကြီးလည်း အချိန်မှီရောက် လက်မှတ်ထိုးပေးပြီး သူ့အစည်းအဝေးအမှီ ပြန်သွားရရှာတယ်။ လက်မှတ်ထိုး ညစာစားပွဲပြီးတဲ့နောက် မအားတဲ့ကြားက လာပေးကြရတဲ့ သူငယ်ချင်းတွေအားလုံးကို ကျေးဇူးတင်စကားပြောရင်း အပျိုလူပျိုဘဝ အဆုံးသတ်ပြီးတော့ အကြင်လင်မယားဘဝ ရောက်လာတာပါပဲ။